ကာဘရီယိုမှ မက်ဟက်တန်သို့ - ၉
- မောင်မိုးဇွန်
- Jul 17, 2019
- 3 min read

‘ရေခဲမြစ်၊ ကန္တာရနဲ့ မီးမလာတဲ့မြို့’
ဝါရှင်တန်ကနေ မြောက်ပိုင်းက နိုင်ရာဂရာဘက်ကို သွားဖို့အတွက်ဆိုရင် နယူးယောက်ခ်ပြည်နယ်ကို ပြန်ဖြတ်ရပါတယ်။ အချိန်လည်း နည်းနည်းလင့်လာပြီဖြစ်တာမို့ လမ်းမှာတစ်ညဝင်အိပ်ပြီး နောက်တစ်နေ့ မနက်ရောက်တော့မှ နာမည်ကျော် ကော်နင်း မှန်စက်ရုံတည်ရှိရာ ကော်နင်းကို ဆက်သွားပါတယ်။
ကော်နင်းကနေမှတဆင့် နိုင်ရာဂရာကို ဆက်သွားရမှာပါ။ ကော်နင်းဟာ ကမ္ဘာ့စမတ်ဖုန်းလောကကို မြေလှန်ပစ်ခဲ့တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီးတော့ နာမည်ကြီး အမှတ်တံဆိပ် စမတ်ဖုန်းတိုင်း သူနဲ့ ကင်းနိုင်တာ ခပ်ရှားရှားရယ်ပါ။ သူတို့ရဲ့ ကော်နင်း ဂေါ်ရီလာ ဂလက်စ် (Corning Gorilla Glass) တွေဟာ စမတ်ဖုန်းအများစုမှာ အသုံးပြုနေတဲ့ မျက်နှာပြင်မှန်အမျိုးအစားဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ နည်းပညာထုတ်ကုန် ၅ ဘီလီယံကျော်လောက်မှာ ကော်နင်းမှန်ပြားတွေ အသုံးပြုထားကြပြီး သန်း ၂၀၀ လောက်က စမတ်ဖုန်းတွေဖြစ်ကြပါတယ်။
ကော်နင်းကို ရောက်တဲ့အခါ သူတို့ရဲ့ စက်ရုံဘေးနားမှာ မှန်ပြတိုက်ပြုလုပ်ထားတွေ့ရပြီးတော့ ဒီပြတိုက်ထဲမှာ ကော်နင်းမြို့ မှန်လုပ်ငန်းရဲ့ သမိုင်းကြောင်းတွေနဲ့ မှန်ကို အသုံးပြုပြီးဖန်တီးထားတဲ့ အနုပညာလက်ရာတွေကို ပြသထားပါတယ်။ ဒါပေမယ့် ဒီပြတိုက်ကို လာလေ့လာသူအများစုဟာ ၂ ထပ် အဆောက်အအုံရဲ့ အပေါ်ထပ်က မှန်ပြတိုက်ထက် အောက်ထပ်က အရောင်းစင်တာကို ပိုစိတ်ဝင်စားကြပုံရကြပါတယ်။ တရုတ် ကမ္ဘာလှည့်ခရီးသွားတွေ အုပ်လိုက်လာလည်ကြတာမြင်ရသလို အောက်ထပ် ဈေးရောင်းခန်းမမှလည်း လက်ဆောင်ပစ္စည်းဝယ်သူတွေ အပြည့်ပါပဲ။
ကော်နင်းကနေ ဆက်သွားတော့ လမ်းတစ်လျှောက်လုံးဟာ အုံ့ဆိုင်းနေပြီး မိုးရိပ်မိုးရောင်တွေသန်းနေပါတယ်။ လမ်းတစ်လျှောက်လုံးဟာ ပျင်းရိငြီးငွေ့ဖွယ် ခရီးတစ်ခုလို့ ဆိုရမလိုပါပဲ။ သစ်ပင်တွေဟာ ရာသီဥတုဒါဏ်ကြောင့် အရွက်မထွက်နိုင်ပဲ အရိုးပြိုင်းပြိုင်းထနေကြပြီး သဘာဝပေါက်ပင်တွေလည်း နည်းပါးလှပါတယ်။ ကျွန်တော်သွားတဲ့ ဧပြီလပိုင်းမှာ ဒီဒေသရဲ့ အမြင့်ဆုံးအပူချိန်က ၁၂ ဒီဂရီ ဆဲလ်စီးယပ်စ်ဖြစ်ပြီး အနိမ့်ဆုံးအခြေအနေတွေမှာ ၂ ဒီဂရီအထိုးကျတတ်ပါတယ်။ အအေးဆုံးလို့ ဆိုရမယ့် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီဝန်းကျင်တွေမှာဆိုရင် ၀ ဒီဂရီနဲ့ အနှုတ် ၈ ဒီဂရီကြားမှာ ရှိနေတတ်ပါတယ်။

နိုင်ရာဂရာနားက အကြီးဆုံး အမေရိကန်မြို့ဖြစ်တဲ့ ဘက်ဖလိုးကို ဖြတ်ပြီးတဲ့နောက်မှာ နိုင်ရာဂရာကို ရောက်ပါတယ်။ နိုင်ငံတကာ ကမ္ဘာလှည့်ခရီးသည်တွေ စိတ်ဝင်စားမှုကို အကြီးအကျယ်ခံရတဲ့ ဒီမြို့ငယ်လေးဟာ လက်တွေ့မှာတော့ အိမ်အများစုဟာ ပျက်စီးယိုယွင်းနေကြပြီး လူချေလည်း တိတ်ဆိတ်နေပါတယ်။ နောက်ပိုင်း ဟိုတယ်ရောက်မှာ လေ့လာကြည့်မိတော့ ဒီဒေသဟာ မှုခင်းဖြစ်ပွားမှုနှုန်း ဆိုးဆိုးရွားရွားမြင့်တက်နေပြီး ဒေသခံတစ်ချို့ဟာလည်း အိမ်တွေကို စွန့်ခွာနေကြပြီလို့ဆိုပါတယ်။ ထွက်ခွာသွားတဲ့လူတွေနေရာမှာ လူမည်းတစ်ချို့အစားထိုးဝင်လာနေကြပြီး သူတို့ကြောင့်ပဲ မှုခင်းဖြစ်ပွားမှုတွေက ပိုပိုဆိုးလာနေတယ်လို့ ဆိုပါတယ်။
အထူးသဖြင့် ပြည့်တန်ဆာလုပ်ငန်းကို တရားမဝင်လုပ်ငန်းအဖြစ် သတ်မှတ်ထားတဲ့ နယူးယောက်ပြည်နယ်ထဲက ဒီမြို့လေးမှာ ပြည်တန်ဆာလုပ်ငန်းတွေနဲ့ ရဲစခန်းက တစ်လမ်းတည်းမှာ အတူရှိနေတာက ထူးခြားလှပါတယ်။ လူဦးရေ ၂ သိန်းခွဲကျော်သာရှိတဲ့ ဒီ ဘက်ဖလို ဧရိယာထဲက မှုခင်းဖြစ်ပွားမှုနှုန်းဟာ လူဦးရေ ၈ သန်းကျော် နေထိုင်တဲ့ နယူးယောက်မြို့ထက် ဘယ်လိုအမှုအခင်းမျိုးမှာမဆို ၂ ဆ ကျော်ပိုများပါတယ်။
နိုက်ရာဂရာကိုရောက်တော့ ဒီနေရာကွက်ကွက်လေးဟာ ဧရိယာဘယ်လောက်မှာ မကျယ်ဝန်းပဲ ဟိုတယ်နဲ့ တည်းခိုခန်းကလည်း နည်းပါတယ်။ မြို့ထဲမှာ ပြတိုက်ခပ်သေးသေးတစ်ချို့ရှိပေမယ့် မဖြစ်ညစ်ကျယ် ခပ်စုတ်စုတ်ပြလိုက်လေးတွေသာဖြစ်ပြီး လက်ရာတွေကလည်း အတော်ညံ့ပါတယ်။
ကျွန်တော်တည်းတဲ့ ဟောလီးဒေးအင်းကနေဆိုရင် ကမ္ဘာကျော် နိုင်ရာဂရာရေတံခွန်ကို ၃ မိနစ်လောက် လမ်းလျှောက်သွားရင် ရောက်နိုင်ပြီး လမ်းမှာ ဈေးဝယ်စင်တာ ခပ်အိုအိုတစ်ခုရှိပါတယ်။ ဈေးဝယ်စင်တာထဲမှာတော့ Food Court နဲ့ အမှတ်တရပစ္စည်းအရောင်းဆိုင်တွေရှိပြီး Food Court ထဲက အိန္ဒိယအစားအစာအရောင်းဆိုင်လေးကတော့ လက်ရာ အတော်ကောင်းပါတယ်။ ဒါပေမယ့် အဲ့ဒီဆိုင်က စားဖိုမှူးတွေဟာ အိန္ဒိယလူမျိုးတွေမဟုတ်ပဲ မက္ကဆီကိုလူမျိုးတွေပါ။ LA မှာနေတဲ့ မိတ်ဆွေတစ်ယောက်ကတော့ ဒါဟာ အမေရိကရဲ့ ထုံးစံပဲလို့ ဆိုပါတယ်။ အနောက်ဘက်ကမ်းက တရုတ်ဆိုင်တွေမှာလည်း စားဖိုမှူးတွေဟာ တရုတ်တွေမဟုတ်ကြတော့ပဲ မက္ကဆီကိုတွေသာ ကြီးစိုးလာနေတယ်လို့ သူကဆိုပါတယ်။

နိုင်ရာဂရာမှာနေတဲ့ ရက်တွေမှာတော့ နာမည်ကျော် နိုင်ရာဂရာခံတပ်ဟောင်းနဲ့ အမှတ်တရပြတိုက်တွေဆီသွားဖြစ်ပါတယ်။ အမေရိကန်တွေနဲ့ အင်ဒီယန်းမဟာမိတ်တွေပေါင်းစည်းပြီး ပြင်သစ်တွေကို အနိုင်ယူရာနေရာပေါ့။ အေးစက်နေတဲ့ အွန်တေရီယိုကန်ဘောင်ပေါ်မှာ မေးတင်ထားတဲ့ ဒီခံတပ်ဟာ အမေရိကန်သမိုင်းကြောင်းကို တော်တော်ကြီးပြောပြနိုင်တဲ့ နေရာတစ်ခုပါ။
နိုင်ရာဂရာဟာ ရေတံခွန်တစ်ခုတည်းမဟုတ်ပဲ ရေတံခွန်ပေါင်းမြောက်များစွာ တွဲဆက်တည်ရှိနေတဲ့ နေရာတစ်ခုပါ။ အမေရိကန်နဲ့ ကနေဒါကို ပိုင်းခြားပေးထားတဲ့ အီရီရေအိုင်နဲ့ အွန်တေရီယို ရေအိုင်တို့ရဲ့ကြားက နိုင်ရာဂရာမြစ်ပေါ်မှာ တည်ရှိနေတာပါ။ ဒီရေတံခွန်တွေထဲမှာ အမေရိကန် ရေတံခွန်၊ ကနေဒါ ရေတံခွန်၊ ဟော့စ်ရှိုး ရေတံခွန်နဲ့ ဘရီဒယ်ဗေးလ် ရေတံခွန်တွေပါဝင်ပါတယ်။ ပိုလှပြီး ပိုကြီးပြီး ရင်သတ်ရှုမောဖွယ်အတိဖြစ်တဲ့ ကနေဒါရေတံခွန်က ကနေဒါဘက်ခြမ်းမှာ တည်ရှိနေတာပါ။
ကျွန်တော်ရောက်တဲ့အချိန်တုန်းကတော့ နိုင်ရာဂရာမြစ် ရေခဲအရည်စပျော်ကာစချိန်ဖြစ်တာမို့ မြစ်ထဲမှာ ရေခဲတုံးတွေ ပေါလောမြောနေတာက ရန်ကုန်ကလာတဲ့ ကျွန်တော့်အတွက်တော့ အထူးအဆန်းပါပဲ။ ဧပြီလ ရေခဲအရည်ပျော်ကာစအချိန်မို့ ရေတံခွန်ရဲ့ အစိတ်အပိုင်းအတော်များများကို မဖွင့်သေးတာမို့ အမေရိကန်ဘက်ခြမ်းကနေ ရေတံခွန်ကို လှည့်ပတ်ကြည့်ရှုတာကလွဲပြီး ဘာမှမလုပ်နိုင်ခဲ့ပါဘူး။ လေ့လာမိသလောက်လည်း ကမ္ဘာလှည့်ခရီးသွားတွေဟာ ပိုလှပြီး ပိုလုံခြုံမှုရှိတဲ့ ကနေဒါဘက်ခြမ်းကနေ ဒီရေတံခွန်ဆီကိုပိုလာကြပြီး အမေရိကန်ဘက်က ခရီးသွားနည်းလာနေတာကို တွေ့ရပါတယ်။ အမေရိကန်ဘက်ကခြမ်းကနေ လှမ်းကြည့်ရင် ကနေဒါဘက်ခြမ်းဟာ ခေတ်မှီ မိုးမျှော်အဆောက်အအုံကြီးတွေ ကာစီနိုကြီးတွေနဲ့ လှပထိန်ညီးနေပေမယ့် အမေရိကန်ဘက်မှာတော့ ခြောက်ကပ်တိတ်ဆိတ်လို့နေပါတဲ့ပေမယ့် ကနေဒါဆီက ခရီးသွားတွေကို လုယူဖို့တော့ အတော်ကြိုးစားရပါဦးမယ်။

နိုင်ရာဂရာမှာ ၂ ရက်နေပြီးတဲ့နောက်မှာတော့ ဆန်ဒီယေဂိုကို ပြန်ဖို့ ဘက်ဖလိုကို Uber တက္ကဆီငှားပြီး ပြန်လာပါတယ်။ ဟိုတယ်ကိုလာကြိုတဲ့ တက္ကဆီ ဒရိုင်ဘာက စပိန်လူမျိုးတစ်ယောက်ဖြစ်ပြီးတော့ ကျူးဘားကနေတဆင့် အမေရိကန်မှာ လာအခြေချနေထိုင်သူပါ။ လမ်းတစ်လျှောက်လုံးသူနဲ့ စကားစမြည်ပြောဖြစ်တော့ နိုင်ရာဂရာဟာ နေဖို့ မသင့်တော်တော့တဲ့ အရပ်လို့ သူကဆိုပါတယ်။ သူက လမ်းမှာ နိုင်ရာဂရာ ရေအားလျှပ်စစ် စီမံကိန်းစက်ရုံကြီးကိုပြပြီး ဒါကြီးကြောင့် နိုင်ရာဂရာပျက်စီးနေတာလို့ ဆိုပါတယ်။ ဒီရေအားလျှပ်စစ် စီမံကိန်းကနေပြီးတော့ ကနေဒါနဲ့ အမေရိကန်ကို လျှပ်စစ်ဓာတ်အားအဓိက ပံ့ပိုးပေးနေတာဖြစ်ပေမယ့် ဒီစီမံကိန်းကြောင့်ပဲ ပတ်ဝန်းကျင် ဂေဟစနစ်ပျက်ယွင်းရပြီး နိုင်ဂရာမြစ်ထဲမှာ ငါးမျိုးစိတ်တွေ ကုန်သလောက်ဖြစ်နေပြီလို့ သူကဆိုပါတယ်။
နိုင်ရာဂရာကနေအထွက် ဘက်ဖလိုဘက်ကို အသွားလမ်းပေါ်မှာ နိုင်ရာဂရာမြစ်ကို ဖြတ်ကူးတော့ မြစ်ကြောင်းထဲမှာ ရေတွေညစ်ညမ်းနေတာကို ပြခဲ့ပါသေးတယ်။ ရေခဲတွေ အရေပျော်ကာစမြစ်ကြီးဟာ ညိုမောင်းမောင်းအရောင်အသွေးနဲ့ဖြစ်နေပြီး ရေခဲတုံးတွေဟာလည်း ခပ်ညိုညိုဖြစ်နေကြတာပါ။ လမ်းတစ်လျှောက်မှာလည်း ရပ်ဆိုင်းထားတဲ့ စက်ရုံအလုံရုံတွေရှိနေတာကိုမြင်ခဲ့ရပြီး မြို့မှာ လူနေနည်းလာတာမို့ တစ်ချို့စက်ရုံတွေပိတ်လိုက်ရတာလို့ သူကဆိုပါတယ်။
ဘက်ဖလိုကိုရောက်တော့ ဘက်ဖလိုလေဆိပ်ကနေ ဆန်ဒီယေဂိုကို တန်းပြန်ပါတယ်။ လေယာဉ် ၆ နာရီခွဲလောက် စီးလိုက်ရတာမို့ လူလည်း အတော်ပြိုင်းသွားခဲ့ပါတယ်။ ဒါပေမယ့် ခြေထောက်မှာ ဗွေပါတဲ့ ကျွန်တော့်မှာ သွားစရာ ခရီးက မကုန်သေးပါဘူး။ အယ်အေက အသိမိတ်ဆွေတွေကလာခေါ်လို့ လာ့စ် ဗီးဂတ်စ်ကို ချက်ခြင်းထလိုက်သွားရပြန်ပါတယ်။ ဒါနဲ့ အယ်လ်အေကို နောက်တစ်ကြိမ်ပြန်ရောက်ခဲ့တယ်ပေါ့။ အယ်လ်အေနဲ့ အတော် ကံစပ်တဲ့ ကျွန်တော်ရယ်ပါ။

အယ်လ်အေ ရောက်ပြီးပြီးချင်း ချက်ခြင်းဆိုသလိုပဲ လာ့စ် ဗီးဂတ်စ်ကို ကားနဲ့ ခရီးဆက်ကြပါတယ်။ တနေ့ကမှ ရေခဲနေတဲ့ ရေတံခွန်ကြီးဆီက ပြန်လာတဲ့ ကျွန်တော့်မှာ နာရီပိုင်းအတွင်း အမေရိကန် အနောက်အလယ်ပိုင်း သဲကန္တရာထဲရောက်သွားပြန်ပါတော့တယ်။
ကိုယ်သွားတဲ့နေ့က စနေနေ့မို့ အယ်လ်အေကနေ လာ့စ်ဗီးဂတ်စ်ကို သွားတဲ့ လမ်းဟာ လမ်းအတော်ပိတ်ပါတယ်။ လမ်းမတစ်လျှောက် ကားတွေအားလုံးဟာ လာ့စ် ဗီးဂတ်စ်တစ်မြို့တည်းကိုပဲ စုပြုံသွားနေကြသလားထင်စရာပါ။
ပူပျင်းခြောက်သွေ့လှတဲ့ ကန္တရာထဲမှာ ပတ်ဝန်းကျင်တစ်ခုလုံးဟာ ညိုဖျော့ဖျော့အရောင် အသွေးနဲ့ တောင်ကုန်းတွေ သဘာဝပေါင်ပင်ဆိုလို့ တစ်ခုတစ်လေတောင် မမြင်ရတဲ့ လွင်တီးခေါင်ပြင်တွေချည်း ကြီးစိုးလို့နေပါတယ်။ အယ်လ်အေကနေ ၄ နာရီကျော် ကားမောင်းလို့ပြီးချိန်မှာတော့ ဗီးဂတ်စ်မြို့နားကို ရောက်ပြီး မြို့ကို စတင်ဝင်ရောက်ပါပြီဆိုကတည်းက ကာစီနိုရုံတွေက စတင်ဆီးကြိုလို့နေပါတယ်။
လာ့စ် ဗီးဂတ်စ် စထရစ်ပ်လို့ခေါ်တဲ့ တောင်ပိုင်း လာ့စ်ဗီးဂတ်စ် လမ်းမကြီးတစ်လျှောက်မှာ ကမ္ဘာကျော် ကာစီနိုရုံကြီးတွေက ခန့်ခန့်ညားညား။ တောင်ဘက်ကနေ စဝင်လာမယ်ဆိုရင် မန္တလေးဘေး၊ အိတ်စ်ကာလီဘာ၊ ထရိုပီကာနာ၊ တီမိုဘိုင်းလ် အရီနာ၊ အမ်ဂျီအမ် ဂရန်း၊ ဂရန်း ရှေတူး၊ ကော့စ်မိုပိုလီတန်၊ ပလန်းနက် ဟောလီးဝုဒ်၊ ပဲရစ်၊ ဆီဇာ ပဲလေ့စ်၊ ဖလာမင်ဂို၊ ကာစီနို ရိုင်ရယ်လီ၊ မိုင်းရော့ခ်ျ၊ ဆားကပ် ဆားကပ်၊ ဟီလ်တန် ဂရန်း၊ လက်ကီး ဒရဂွန်စတဲ့ နာမည်ကျော် ဟိုတယ်ကြီးတွေ တည်ရှိနေပါတယ်။ ကျွန်တော်တို့ကတော့ ဗီးဂတ်စ်ရောက်ရောက်ချင်းမှာ နာမည်ကျော် Ocean 12 ဇာတ်ကားထဲက အဓိက ဇာတ်အိမ်တည်ရာနေရာဖြစ်တဲ့ ဘလာဂျီယို ဟိုတယ်ကို အရင်ပြေးကြပါတယ်။ ကာစီနိုဆော့ဖို့တော့မဟုတ်ပါဘူး။ ညစာ ဘူဖေးစားဖို့ပါ။

လာ့စ် ဗီးဂတ်စ်က ဟိုတယ်တိုင်းနီးပါးမှာ ဘူဖေးကျွေးတဲ့ စနစ်ရှိတတ်ပေမယ့် ဘယ်လာဂျီယိုက ဘူဖေးကတော့ အကောင်းဆုံးလို့ မိတ်ဆွေလင်မယားကဆိုပါတယ်။ ဘယ်လာဂျီယိုဟိုတယ်ရောက်တော့ ဘယ်နေရာနဲ့မှမတူပဲ ထူးခြားလွန်းတဲ့ ပတ်ဝန်းကျင်ကို သတိထားမိတာပေါ့။ ထိန်ထိန်ညီးနေတဲ့ မီးရောင်တွေအကြားမှာ ညလို့မထင်ရအောင်ကို စည်ကားနေကြတယ်။ လူတွေဟာ ကြွယ်ဝချမ်းသာခြင်းကလွဲပြီး ဘာမှ မပိုင်ဆိုင်ထားကြတော့သလိုမျိုးဟန်ပန်တွေနဲ့။ ကာစီနိုဝိုင်းတွေမှာ သိန်းနဲ့ ချီတဲ့ ဒေါ်လာတွေကို အသုံးပြုနေကြပြီး ငယ်ငယ်ရွယ်ရွယ် နုနုပျိုပျို မိန်းမငယ်လေးတွေ ကောင်လေးငယ်ငယ်လေးတွေဟာ ကြွယ်ပြီး သုံးနိုင်ဖြုံးနိုင်ဟန်တူတဲ့ လူတစ်ချို့နဲ့ ပျော်ရွှင်စွာ ဖြတ်သန်းသွားလာနေကြတာကိုပါ။ ကမ္ဘာပေါ်က ပိုက်ဆံတွေ အားလုံးကို ဒီနေရာမှာ အလကားသုံးစွဲခွင့်ပေးထားသလိုကို သုံးနေကြတာပါ။
ဟိုတယ်ရဲ့ အစားအစားတွေကို ဗိုက်ထဲထည့်ပြီးတဲ့နောက်မှာ ခရီးတွေဆက်တိုက်သွားရင်း ပင်ပန်းလာတာတွေ စုလာတော့ ကျွန်တော့်မျက်လုံးတွေ စင်းလို့လာနေပါပြီ။ ဘယ်ကိုမှ ဆက်သွားနိုင်တော့မယ့် ဟန်မရှိလို့ ဘယ်မှ မလည်မပတ်လိုက်နိုင်ပဲ တည်းမယ့်အခန်းကိုသာ ပြန်ခဲ့ရပါတယ်။ ကောင်းကင်ဘုံနီးပါး ပျော်ဖို့ကောင်းတယ်လို့ ညွှန်းဆိုကြတဲ့ ညမြို့တော် ဗီးဂတ်စ်မှာ ကျွန်တော်ကတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ရင်းသာ ဖြတ်သန်းခဲ့ပါတော့တယ်။
နောက်တစ်နေ့ နေ့ခင်းမှာတော့ မိတ်ဆွေလင်မယားအိမ်ရှိရာ အယ်လ်အေကို ပြန်ကြပါတယ်။ ဗီးဂတ်စ်မြို့ထဲကို ဖြတ်သန်းသွားတော့ ညက ငါရှိနေခဲ့တာဒီမြို့မှဟုတ်ပါလေစလို့ တွေးမိလောက်အောင်ကို လူသူရှင်းလင်းပြီး ချောက်ကပ်တိတ်ဆိတ်လို့နေပါတယ်။ မိတ်ဆွေကတော့ ဒီမြို့က ဒီအတိုင်းပဲလို့ ကျွန်တော့်ကိုပြောပါတယ်။
အယ်လ်အေမှာ တစ်ရက်နားပြီးတဲ့နောက်မှာ ကျွန်တော် ဆန်ဒီယေဂိုကို ပြန်ပါတယ်။ ပစ္စည်းပစ္စယတွေသိမ်းဆည်းပြီး ရန်ကုန်ပြန်တော့မယ်လေ။ အမေရိကမှာနေခဲ့တဲ့ တလအတွင်းမှာ သူတို့အိမ်မှာ ရှိတဲ့အချိန်တိုင်း ဗမာဟင်းတွေ မပြတ်ချက်ကျွေးတတ်တဲ့ အန်တီလဲ့တို့ လင်မယားကို ကျေးဇူးတင်စကားပြောပြီးနှုတ်ဆက်ရပါတယ်။ ထုံးစံအတိုင်း အယ်လ်အေနဲ့ ကံစပ်တဲ့ ကျွန်တော်ဟာ အယ်လ်အေကို မနက်စောစော စီးစီး လာကြိုတဲ့ကားနဲ့ ခရီးဆက်ရပါတယ်။ အယ်လ်အေ လေဆိပ် (LAX) ရောက်တော့ မြန်မာခရီးသွားတွေနဲ့ ကြုံရတာမို့ သူ့အတွေ့အကြုံ ကိုယ့်အတွေ့အကြုံ မေးကြမြန်းကြဖြေကြပြောကြပေါ့။

လေယာဉ်က အယ်လ်အေကနေ ဂျပန်၊ ကိုရီးယားတို့ကို ဖြတ်ပြီး ဟောင်ကောင်လေဆိပ်ဆီကို ပျံသန်းသွားတာပါ။ လေယာဉ်ပျော်က မြေပုံစနစ်အရ ကိုယ်ဖြတ်သန်းပြီး ပျံသန်းသွားတဲ့ မြို့တွေကို ကြည့်ရှုလို့ရတယ်လေ။ လေယာဉ်ချိန် ၁၆ နာရီလောက်အတွင်း ဟိုလှည့်ဒီလှည့် ရုပ်ရှင်ကြည့်လိုက် ဂိမ်းဆော့လိုက် မြေပုံကြည့်လိုက်နဲ့ ဟောင်ကောင်ရောက်လာတော့ ညနေတောင်စောင်းနေပါပြီ။ ဟောင်ကောင်မှာတော့ မိုးခပ်ဖွဲဖွဲရွာထားပြီး ရာသီဥတုကတော့ သိပ်မအေးလှပါဘူး။
ဟောင်ကောင်ကနေ ရန်ကုန်ကို လေယာဉ်တစ်ဆင့်ပြန်စီးတော့ အချိန် ၃ နာရီ ခွဲလောက်ပဲ စီးရမှာပါ။ လေယာဉ်ပေါ်တက်ခါနီးမှာ သတိထားမိတာကတော့ ဟောင်ကောင်လေယာဉ်မှာတော့ လေယာဉ်တစ်စီးလုံးမှာ လူတစ်ဝက်လောက်က ဗမာတွေချည်းပါပဲ။ သင်္ဘောက ပြန်ဆင်းလာဟန်တူတဲ့ လူငယ်တစ်အုပ်လည်းပါတယ်။ လေယာဉ်ထွက်ချိန် နောက်ကျသွားတာမို့ မြန်မာပြည်ကို ပြန်ရောက်တဲ့ အချိန်ကလည်း နောက်ကျဦးမှာပါ။ ဟောင်ကောင်က ထွက်ချိန်ကိုက ည ၁၁ နာရီဝန်းကျင်ရှိနေပြီမို့ ကျွန်တော်လည်း အိပ်ပြီးသာ အချိန်ဖြုန်းလိုက်ခဲ့ပါတယ်။

“ရန်ကုန် ရောက်ပြီ။ ရန်ကုန် ရောက်ပြီ” ဆိုတဲ့ သင်္ဘောသားအုပ်စုက လူငယ်တစ်ချို့ရဲ့ အော်သံကြောင့် ကျွန်တော် ရုတ်တရက် လူးလဲထလိုက်မိပါတယ်။ လေယာဉ် ပြတင်းပေါက်ကနေလှမ်းကြည့်လိုက်တော့ မှိတ်တုတ်မှိတ်တုတ် မီးရောင် ခပ်နည်းနည်းကလွဲပြီး တခွင်တပြင်လုံး မှောင်မဲနေတဲ မြို့ကြီးတစ်မြို့က ကျွန်တော်တို့ကို စီးကြိုလို့နေပါတယ်။ ဟုတ်ပါတယ်။ ရန်ကုန်ရောက်ပါပြီ။ ထုံးစံအတိုင်း မီးပြတ်လို့နေပါတယ်။
ပြီးပါပြီ။
မောင်မိုးဇွန်
Monywa Gazette
Comments