လူငယ်ထုနှင့် လူမှုကွန်ယက် အန္တရာယ် (၁၀) ချက်
- မောင်မိုးဇွန်
- Apr 2, 2018
- 2 min read
ပြီးခဲ့တယ် ဆယ်စုနှစ်တစ်ခုအတွင်းမှာ Facebook ၊ Twitter ၊ Instagram စတဲ့ လူမှုကွန်ယက် ဝက်ဘ်ဆိုက်တွေဟာ လူတွေကြားထဲမှာ ကြီးကြီးမားမားကို နေယာယူလာတာ မြင်တွေ့နေရပါတယ်။ အထူးသဖြင့်တော့ လူငယ်တွေအကြားထဲမှာ ပိုပြီး ခိုင်ခိုင်မာမာ အမြစ်တွယ်နေပါတယ်။ စူးစမ်းလိုစိတ်ရှိတဲ့ လူငယ်တွေအတွက် မိတ်ဆွေသူငယ်ချင်းတွေနဲ့ ဆက်သွယ်ဖို့၊ အပေါင်းအသင်းသစ်တွေ ရှာဖွေဖို့ ဒီနည်းပညာလုပ်ငန်းစဉ်တွေက အထောက်အကူပြုပါတယ်။

မိဘအုပ်ထိန်းသူတွေအနေနဲ့ လူမှုကွန်ယက်ဝက်ဘ်ဆိုက်တွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို သက်ရောက်မှုမခံရအောင် မိမိတို့ရဲ့ သားသမီးတွေကို စနစ်တကျ ကွပ်ကဲကြပ်မတ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့်လည်း ဖြစ်လာနိုင်ချေတွေနဲ့ ကြိုတင်ကာကွယ်နိုင်မယ့်နည်းလမ်းတွေကို ရှာဖွေဖို့ ရောမတက္ကသိုလ်က သုတေသနပညာရှင်တွေဟာ လူငယ်တွေအပေါ် လူမှုကွန်ယက်ရဲ့ သက်ရောက်မှုကြီးလာတဲ့အခါ ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်လာလဲဆိုတာကို လေ့လာခဲ့ပါတယ်။
သုတေသနအဖွဲ့တွေဟာ လူမှုကွန်ယက်ဝက်ဘ်ဆိုက်တွေကို စွဲစွဲမြဲမြဲအသုံးပြုနေတဲ့ လူငယ် ငါးသောင်းကျော်ကို တွေ့ဆုံခဲ့ပြီးနောက်မှာ လူမှုကွန်ယက်နေတဆင့် လူငယ်တွေအပေါ် သက်ရောက်လာနိင်တဲ့ ဘေးထွက်ဆိုးကျိုး ၁၀ ချက်ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒီရလဒ်တွေဟာ လူမှုကွန်ယက်ကို သာမာနအနည်းအကျဉ်းသာ အသုံးပြုနေတဲ့ လူငယ်လူရွယ်တွေရဲ့ တကယ့်လူမှုဘဝမှာတောင်မှ တစ်မျိုးမဟုတ်တစ်မျိုး သက်ရောက်လာနိုင်ပါတယ်။
1. အမုန်းစကား
ဒီနေ့မြန်မာပြည်ရဲ့ လူမှုကွန်ယက်နဲ့ ပတ်သတ်လာရင် အမုန်းစကားဆိုတဲ့ စကားရပ်က အမြဲမြင်တွေ့နေရလေ့ရှိတဲ့ စကားရပ်တစ်ခုဖြစ်ပါတယ်။ ဒီလိုပါပဲ ဒါဟာ ကမ္ဘာနဲ့ချီတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် လူငယ်တွေ လူမှုကွန်ယက်ဝက်ဘ်ဆိုက်တွေအသုံးပြုတဲ့အခါမှာ အကြီးမားဆုံး စိတ်ပိုင်းဆိုင်ရာ ဘေးထွက်ဆိုးကျိုးလို့လည်း သတ်မှတ်ခံထားရပါတယ်။ လူမှုကွန်ယက်ကြောင့် လူငယ်တွေဟာ အမုန်းစကားတွေကို စိတ်ထဲစွဲထင်လာပြီး အစွန်းရောက်မှုတွေ တယူသန်မှုတွေ အမြစ်တွယ်လာနိုင်ပါတယ်။ ဒါ့အပြင် လူနည်းစုတွေ၊ လိင်ကွဲပြားသူတွေနဲ့ အမျိုးသမီးငယ်လေးတွေအတွက်လည်း စိတ်ဒါဏ်ရာတွေပေးနိုင်ပါသေးတယ်။ အွန်လိုင်းပေါ်မှာ လူတိုင်းရဲ့ စစ်မှန်တဲ့ပြင်ပဘဝကို ဖုံးကွယ်ထားနိုင်တာကြောင့် လူတွေဟာ ပိုပြီး ပင်ကိုစရိုက်ကိုဖော်ထုတ်ကြပါတယ်။ ဒါကြောင့် လူတွေရဲ့ ရိုင်းစိုင်းတဲ့ ဆိုးသွမ်းတဲ့ ပင်ကိုစရိုက်တွေနဲ အမုန်းစကားဆိုမှုတွေဟာ အွန်လိုင်းပေါ်မှာ ပြည့်နှက်နေတာဖြစ်ပါတယ်။
2. သံသယစိတ်လွန်ကဲခြင်း
များပြားလှတဲ့ အွန်လိုင်းအသုံးပြုသူတွေဟာ ပြင်းထန်တဲ့ ဆွေးနွေးငြင်းခုံမှုတွေ၊ အပြန်အလှန်တုန့်ပြန်ပြောဆိုမှုတွေနဲ့ အချိန်ကုန်နေကြပါတယ်။ ဒါဟာ တကယ့်ဘဝမှာဖြစ်ပျက်နေတဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေနဲ့ ပတ်သက်စပ်နွယ်တယ်လို့ ဆေးပညာရှင်တွေကဆိုပါတယ်။ အထူးသဖြင့် မိမိကလွဲလို့ တခြားသူတွေအပေါ် အလွန်အမင်း သံသဝင်တာ၊ ယုံကြည်နိုင်စွမ်းနည်းပါးလွန်းတာကြောင့် ဒီလိုဖြစ်လာတာလို့ ဆိုပါတယ်။ လူငယ်တွေအပေါ်မှာ သက်ရောက်မှုကြီးပါတယ်။
3. ဆိုက်ဘာအနိုင်ကျင့်မှု
လူမှုကွန်ယက်တွေရဲ့ အကြီးမားဆုံး သက်ရောက်မှုက အမုန်းစကားဆိုရင် အကြီးမားဆုံးအန္တရာယ်ကတော့ ဆိုက်ဘာအနိုင်ကျင့်မှုပါပဲ။ လူမှုကွန်ယက်တွေပေါ်မှာ မက်ဆေ့ခ်ျပို့ပြီး နှောင့်ယှက်တာကစလို့ ငွေညှစ်ချိန်းခြောက်တာ၊ လိင်မှုဆိုင်ရာ အကျပ်ကိုင်တာတွေအထိ အစုံအစုံဖြစ်ပေါ်နေပါတယ်။ အထူးသဖြင့် ဆိုက်ဘာအနိုင်ကျင့်မှုတွေက မသိနားမလည်တဲ့ လူငယ်တွေကို အဓိကပစ်မှတ်ထားကျူးလွန်လေ့ရှိပါတယ်။
4. ကိုယ်ရေးကိုယ်တာအချက်အလက်များ ခိုးယူခြင်း
လူငယ်တွေဟာ မိမိတို့ရဲ့ လူမှုကွန်ယက်အကောင့်တွေမှာ privacy settings ကို အကျွမ်းတဝင်အသုံးမချတတ်ကြပါဘူး။ ဒါဟာ ပြဿနာကြီးတစ်ခုဖြစ်ပြီးတော့ အကောင့်ခိုးယူခံရတာမျိုး ဓာတ်ပုံနဲ့ ကိုယ်ရေးအချက်အလက်တွေ ခိုးယူအသုံးချခံရတ်ာမျိုးတွေဖြစ်လေ့ရှိပါတယ်။ လူငယ်တွေဟာ သူတို့ရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို လျှို့ဝှက်ထားရမယ်ဆိုတာကို နားမလည်ကြသေးပါဘူး။ လေ့လာချက်တွေအရ လူငယ် ၂၀% လောက်က သူတို့ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေက ဒီအတိုင်းအွန်လိုင်းပေါ်မှာ လုံခြုံစိတ်ချနေတယ်လို့ အထင်အမြင်မှားနေကြပါတယ်။ ဒါဟာ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ခိုးယူခံရဖို့ လမ်းစဖြစ်ပါတယ်။
5. ဆိုက်ဘာနှောင့်ယှက်မှု
အွန်လိုင်းကနေတဆင့် အိနြေ္ဒပျက်ပြားအောင် နှောင့်ယှက်မှုမျိုးတွေလည်း ကြုံရနိုင်ပါတယ်။ ဥပမာ ကိုယ်နဲ့ လမ်းခွဲလိုက်တဲ့ ရည်းစားဟောင်းက ကိုယ့်အကြောင်းတွေကို အရှက်တကွဲဖော်ထုတ်နေတာမျိုး၊ ကိုယ့်ကို ချိန်းခြောက်နေတာမျိုးတွေဖြစ်ပါတယ်။
6. ရုန့်ရင့်ကြမ်းတမ်းသော ရုပ်ပုံများ
လူမှုကွန်ယက်မှာ အချိန်ဖြုန်းတာများလေလေ အန္တရာယ်များလေလေလို့ ဆိုရမလိုပါပဲ။ အကြမ်းဖက်မှုတွေ မူခင်းတွေနဲ့ စပ်ဆိုင်နေတဲ့ ကြမ်းတမ်းတဲ့ ပုံတွေ လိင်မှုဆိုင်ရာရုပ်ပုံတွေဟာ လူမှုကွန်ယက်တွေမှာ ဗုံးပေါလအော ပြန့်နှံနေပါတယ်။ မြန်မာပြည်မှာဆိုရင်တော့ မီဒီယာတွေမှာ သေမှုသေခင်းရုပ်ပုံတွေကို အကာအကွယ်မထည့်ပဲ ဒီအတိုင်းဖော်ပြတာမျိုးတွေ မကြာခဏမြင်နေရတာဟာ စိတ်မချမ်းသာစရာပါ။ ဒီရုပ်ပုံတွေဟာ ကလေးသူငယ်တွေရဲ့ စိတ်ကို အကြီးအကျယ်ထိခိုက်စေနိုင်ပါတယ်။
7. အလွန်အကျွံ မျှဝေမှုများ
လူတိုင်းမှာယုံကြည်ရာနဲ့ စိတ်ကူးစိတ်သန်းတွေရှိတတ်ပါတယ်။ လူမှုကွန်ယက်ပေါ်မှာတော့ ဒီလို ကိုယ်နဲ့တိုက်ဆိုင်တဲ့ အချက်တွေမြင်လာရရင် ကိုယ့်ရဲ့ Wall ပေါ်ကို မျှဝေတတ်ကြတာ ထုံးစံပါပဲ။ ဒီလိုမျှဝေမှုတွေဟာ မိမိတို့ရဲ့ အသိမိတ်ဆွေတွေဆီကိုလည်း ရောက်ပါတယ်။ တစ်ခါတစ်ခါမှတော့ ဒီလိုမျှဝေမှုတွေ အရမ်းများလာတဲ့အခါ တစ်ဖက်သားအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာဖြစ်လို့လာပါတော့တယ်။ ကလေးတွေဟာ ဒါကိုနားလည်မှာမဟုတ်ပါဘူး။ ဒါကြောင့် လူငယ်တွေနဲ့ သူတို့ရဲ့ မိတ်ဆွေတွေအကြား မသိမသာ အမြင်မကြည် မှုတွေကြုံရနိုင်ပါတယ်။
8. Online grooming
မိဘတွေ သောကဖြစ်သင့်တဲ့ တစ်ခြားတစ်ခုက Online grooming လုပ်သူတွေကိုပါ။ သူတို့တွေဟာ အကောင့်တုတွေသုံးပြီး ကလေးငယ်တွေနဲ့ လူငယ်တွေကို သူတို့နဲ့ ရွယ်တူတန်းတူ သူငယ်ချင်းဟန် ဆောင်ပြီး ချဉ်းကပ်တတ်ကြပါတယ်။ ယုံကြည်မှုရလာတဲ့အခါ သူတို့ရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ဒါမှမဟုတ် သူတို့ မိဘတွေ ပတ်ဝန်းကျင်ကလူတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို နှိုက်ယူတတ်ပါတယ်။ တစ်ချို့က အနိုင့်အထက်ပြုကျင့်ဖို့ဖြစ်ပြီးတော့ တစ်ချို့က ကလေးသူငယ်လိင်ကိစ္စအတွက်ရည်ရွယ်လုပ်ဆောင်ကြတာဖြစ်ပါတယ်။
9. စိတ်ခံစာချက်ကဲခြင်း
စိတ်ပညာရှင်တွေ သတိပေးထားတာက လူမှုကွန်ယက်အသုံးပြုမှုကြောင့် ကလေးတွေနဲ့ လူငယ်တွေမှာ စိတ်ခံစားချက်လွန်ကဲမှုတွေဖြစ်လာနိုင်ပါတယ်တဲ့။ ယုံကြည်မှုလွန်ကဲတာမျိုး၊ စိတ်ဓာတ်ကျလွယ်တာမျိုးပေါ့။ လူငယ်အများစုဟာ လူမှုကွန်ယက်ပေါ်က မိတ်ဆွေသူငယ်ချင်းလက်တစ်ဆုပ်စာလေးရဲ့ အမြင်နဲ့ သူတို့ကိုယ်သူတို့ ဆုံးဖြတ်ကြတာကြောင့် ဒီမိတ်ဆွေတွေက အရေးတယူမလုပ်တဲ့အခါ ကိုယ့်ကိုယ်ကို ယုံကြည်မှုပျောက်လာတာမျိုးတွေ အဖြစ်များလာပါတယ်။
10. လူမှုဆက်ဆံရေး ညံ့ဖျင်းလာခြင်း
လူမှုကွန်ယက်ကို အသုံးပြုမှုများလာလေလေ လူငယ်တွေဟာ တကယ့်လူနေမှုဘဝနဲ့ အဆက်အသွယ်ပြတ်လာလေလပါပဲ။ ဒီတော့ သူတို့ရဲ့ လူမှုဆက်ဆံရေးအရည်အသွေးကလည်း ကျဆင်းလာပါတော့တယ်။ လူတစ်ဦးနဲ့ မျက်နှာချင်းဆိုင် ထဲထဲဝင်ဝင်ဆက်ဆံပြောဆိုမှု စွမ်းရည်ပျောက်ဆုံးလာတာဟာ သူတို့ဘဝအတွက် ကြီးမားတဲ့အစိတ်အပိုင်းတစ်ခု ဆုံးရှုံးလိုက်ရတာပါပဲ။ လူမှုဆက်ဆံရေးအရည်အသွေးဟာ ဘဝအောင်မြင်မှုအတွက် အရေးပါလှတဲ့ အခြေခံအစိတ်အပိုင်းတစ်ခုဖြစ်နေလို့ပါ။
Mobile Guide
Vol.4/No.47
Comments