top of page

Facebook ကိုလဲ အခွန်ကောက်ပါ

  • မောင်မိုးဇွန်
  • Nov 14, 2017
  • 2 min read

ဟုတ်ပါတယ်။ Facebook လို Digital Advertising Platform တွေကို အခွန်ကောက်သင့်ပါတယ်။ ဒီလိုအခွန်ကောက်ဖို့ သက်ဆိုင်ရာ အစိုးရထံကို အကြံပေးလိုပါတယ်။ Facebook ကို အခွန်ကောက်တယ်ဆိုရာမှာ Facebook အသုံးပြုသူတွေကို အခွန်ကောက်ခိုင်းတာမဟုတ်ပါဘူး။ Facebook ကုမ္ပဏီကို အခွန်ကောက်ဖို့ ဆိုလိုရင်းပါ။




Facebook မှာ မမြင်ချင်မှ အဆုံးမြင်နေရတာက Sponsored လို့ ဖော်ပြထားတဲ့ Post တွေဖြစ်ပါတယ်။ ဒီပို့စ်တွေဟာ Facebook ကို အခကြေးငွေပေးပြီး Boost လုပ်ထားတဲ့ Post တွေပါ။ ယျေဘုယျအားဖြင့် ဒီ Post တွေအတွက် ပေးချေတဲ့ အခကြေးငွေတွေကနေတဆင့် Facebook က ဝင်ငွေ အကျိုးအမြတ်အများအပြားရပါတယ်။


Facebook က အခမဲ့ ဝန်ဆောင်မှုဖြစ်ပေမယ့် ဒီလိုကြော်ငြာလုပ်ငန်းတွေကနေတဆင့် ပြန်လည်အကျိုးအမြတ်ရှာဖွေတာဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာ့လူဦးရေရဲ့ ၃ ပုံ ၂ ပုံ အသုံးပြုနေကြတဲ့ ဒစ်ဂျစ်တယ်ပလက်ဖောင်းဖြစ်တာကြောင့် ပြန်လည်ရရှိတဲ့ အကျိုးအမြတ်က သေးသေးကွေးကွေးတော့ မဟုတ်လှပါဘူး။ ၂ဝ၁၇ ဒုတိယလေးလပတ်တစ်ခုတည်းမှာတင် အမေရိကန် ဒေါ်လာ ၉ ဒသမ ၃ ဘီလျံကျော်ပါတယ်။ အဲဒီပမာဏထဲမှာ မြန်မာပြည်က စီးဝင်သွားတဲ့ ငွေတွေလည်း ပါဝင်ပါတယ်။


အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက သူတို့တိုင်းပြည်ထဲမှာ ကြော်ငြာလုပ်ငန်းနဲ့ ဝင်ငွေလမ်းဖြောင့်နေတဲ့ Google ၊ Facebook တို့ကို အခွန်ကောက်ခံဖို့ သက်ဆိုင်ရာ ကုမ္ပဏီတွေနဲ့ ညှိနှိုင်းနေပါတယ်။ ၂၀၁၆ ခုနှစ် တစ်နှစ်စာအတွက် Google အမေရိကန် ဒေါ်လာ သန်း ၈၃၀ နဲ့ Facebook က သန်း ၆၅၀ လောက် ပေးဆောင်ရပါလိမ့်မယ်။


အိမ်နီးချင်း အိန္ဒိယအစိုးရကလည်း Google နဲ့ Facebook လို အင်တာနက်ကုမ္ပဏီကြီးတွေဆီက တိုက်ရိုက်အခွန်ကောက်ခံဖို့ ကြိုးပမ်းနေပါတယ်။ အကြောင်းအရင်းကတော့ ဒီလုပ်ငန်းတွေအနေနဲ့ ကြော်ငြာလုပ်ငန်းကနေ အမြတ်အစွန်းအများအပြားရနေလို့ပါတဲ့။ Digital advertising platforms တွေကို အခွန်ကောက်ခံတာက အနောက်နိုင်ငံတွေမှာ စတင်နေပြီဖြစ်ပေမယ့် ကမ္ဘာ့နိုင်ငံအများစုကတော့ ခုမှ ပြင်ဆင်လာကြတာပါ။ ဒါကို အများစုကတော့ "equalization levy" လို့ ခေါ်ကြပါတယ်။


မြန်မာပြည်မှာလဲ Facebook ၊ Google စတဲ့ Digital advertising platforms တွေနဲ့ ပတ်သက်ပြီး အခွန်ကောက်ခံဖို့လုပ်နေတယ်လို့ သက်ဆိုင်ရာကဆိုထားပေမယ့် platforms တွေကို ကောက်မှာမဟုတ်ပဲ အဲဒီမှာ ကြော်ငြာထည့်နေတဲ့ ပြည်တွင်းက အေဂျင်စီတွေကို ကောက်မှာလို့ ဆိုပါတယ်။


ပြည်တွင်း နည်းပညာနယ်ပယ်က ကျွမ်းကျင်သူတွေကတော့ အဓိကအမြတ်အစွန်းရနေတဲ့ Facebook တို့ Google တို့လို Digital advertising platforms တွေကို အခွန်ကောက်ခံနိုင်မယ့် နည်းလမ်းမျိုးကို မကြံဆပဲ ပြည်တွင်းက အမြတ်အစွန်း အနည်းငယ်သာရနေတဲ့ ဒစ်ဂျစ်တယ် အေဂျင်စီတွေနဲ့ ပိုက်ဆံအကုန်ခံကြော်ငြာနေတဲ့ ကြော်ငြာရှင်တွေကို အရင်အခွန်ကောက်ဖို့ ကြိုးပမ်းတာကို အထူးတလည်သဘောမတွေ့ကြပါဘူး။


ယျောဘုယျအားဖြင့် အခွန်ရဲ့ သဘောကိုက အမြတ်အစွန်းကို အခြေခံကောက်တာမို့ ငွေကုန်ကြေးကျခံ ကြော်ငြာကြရတဲ့ ကြော်ငြာရှင်တွေဘက်ကို အခွန်ကောက်ခံတာဟာ အငြင်းပွားဖွယ်ဖြစ်ပါတယ်။ အထူးသဖြင့် ဒစ်ဂျစ်တယ်ကြော်ငြာလုပ်ငန်း ဖွံ့ဖြိုးလာပြီး ပံုံနှိပ်မီဒီယာတွေမှာ ကြော်ငြာလုပ်ငန်း ကျဆင်းလာနေတာကြောင့် ဒီကဏ္ဍ နှစ်ခုကို ချိန်ညှိဖို့ ဒီလို အခွန်ကောက်ခံတာ ဖြစ်နိုင်ပါတယ်။


ဒစ်ဂျစ်တယ် ကြော်ငြာလုပ်ငန်းတွေရဲ့ တိုးတက်မှုနဲ့အတူ တစ်ဖက်မှာလည်း ရုပ်သံ၊ ဘေလ်ဘုတ်နဲ့ ပုံနှိပ်မီဒီယာတွေကို အခြေခံထားတဲ့ သမားရိုးကျ ကြော်ငြာလုပ်ငန်းတွေရဲ့ တိုးတက်မှုနှုန်းက နှေးကွေးလာနေပါတယ်။ ဒါပေမယ့် တိုင်းပြည်ကို အထောက်အကူဖြစ်စေမယ့် အခွန်အခပိုင်းမှာတော့ ပုံမှန်သမားရိုးကျ မီဒီယာတွေမှာ ကြော်ငြာတာက တရားဝင်အခွန်ဆောင်ပြီး လုပ်ကြတာဖြစ်ပေမယ့် Facebook လို Digital advertising platforms တွေကတော့ အခွန်စနစ်နဲ့ ကင်းလွတ်နေပါတယ်။


ဒါကြောင့်ပဲ ပြည်တွင်းကကြော်ငြာဝင်ငွေတွေဟာ Digital advertising platforms တွေဆီကို အတိုင်းအဆမရှိ အလွယ်တကူစီးထွက်နေတဲ့ အခြေအနေကို နိုင်ငံအများစု ရင်ဆိုင်နေရတာဖြစ်ဖြစ်ပါတယ်။ လက်ရှိမှာ နိုင်ငံအများအပြားက Facebook လို လုပ်ငန်းတွေကို စည်းကျပ်ဖို့ ပြင်ဆင်လာကြရတဲ့ အကြောင်းအရင်းကလည်း ဒါကြောင့်ပါပဲ။


ဒါပေမယ့် တစ်ခြားတစ်ဖက်မှာလည်း Facebook အပါအဝင် အင်တာနက် အသုံးပြုမှုနှုန်း အလွန်အမင်း မြင့်တက်လာနေသလို သက်ဆိုင်ရာပြည်ပကုမ္ပဏီတွေအနေနဲ့လည်း အင်တာနက်ကြော်ငြာတွေကနေတဆင့် အကျိုးအမြတ်တွေလည်း ကြီးကြီးမားမားပြန်ရနေပြီဖြစ်တာကြောင့် Facebook လို Digital advertising platforms တွေကို မျက်ကွယ်ပြုထားဖို့ မသင့်တော့ပါဘူး။ တခြားကမ္ဘာ့နိုင်ငံတွေလဲ အခွန်ကောက်ခံနိုင်မယ့်နည်းလမ်းတွေကို ရှာဖွေနေကြပါပြီ။


မြန်မာပြည်မှာတော့ Facebook ကို အခွန်ကောက်ဖို့နေသောသာ လက်ရှိ ဖွင့်ဟပြောဆိုထားသလို ကြော်ငြာသုံးတာအတွက် အခွန်ကောက်ဖို့တောင် အတော်ပြင်ဆင်ယူရဦးမှာဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်စနစ်တွေနဲ့ ပတ်သက်ပြီး မြန်မာပြည်က ဥပဒေတွေက အဲဒီလောက်အထိလက်လှမ်းမမီသေးတဲ့ ခြေအနေမျိုးမှာရှိနေပါသေးတယ်။


လက်ရှိ အခွန်ဥပဒေတွေအရ Facebook မှာ ကြော်ငြာထည့်တာကို ဝန်ဆောင်မှုအမျိုးအစားထဲ ထည့်တွက်မယ်ဆိုရင် ကုန်သွယ်ခွန် (Commercial Tax) နဲ့ အမြတ်ခွန် (Withholding Tax) ကောက်လို့ရနိုင်ပါတယ်။ ဒါပေမယ့် Facebook ကို အခွန်ကောက်မယ်ဆိုရင်တော့ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုတွေနဲ့ သက်ဆိုင်တဲ့ အခွန်ကောက်ခံရေးဆိုင်ရာ သီးခြားဥပဒေရှိဖို့ လိုအပ်ပါတယ်။ ဒီလိုတိကျရေရာတဲ့ ဥပဒေမရှိတာကြောင့် နှစ်စဉ် ဘီလီယံချီ အခွန်ဝင်ငွေတွေ လက်လွတ်ဆုံးရှုံးစေသလို တိုင်းပြည်တွင်းက ကြော်ငြာဝင်ငွေတွေကိုလည်း အလွယ်တကူ လက်လွှတ်ရစေပါတယ်။


ယခုနှစ်ပိုင်းအတွင်းမှာ EU နိုင်ငံတွေက ဥပဒေပြဌာန်းပြီး Facebook ဆီက အခွန်စည်းကျပ်ဖို့ ပြင်ဆင်နေပါတယ်။ အကြောင်းကတော့ Facebook က အခွန် စည်းကျပ်မှုနှုန်းနည်းတဲ့ အိုင်ယာလန်မှာ အခြေစိုက်ပြီး အခွန်ငွေနည်းနည်းပဲ ပေးရအောင် ရှောင်လွှဲနေလို့ဖြစ်ပါတယ်။


ဆိုလိုချင်တာက ကိုယ့်ဘက်မှာ တိကျရေရာတဲ့ စည်းမျဉ်းဥပဒေပြဌာန်းပြီး သူတို့ဆီက ရသင့်တဲ့ အခွန်အခကိုမရယူနိုင်သေးရင် Facebook လို နိုင်ငံတကာကုမ္ပဏီကြီးတွေရဲ့ လက်တလုံးခြား အမြတ်ထုတ်မှုကို ခံနေရဦးမှာဖြစ်ပါတယ်။ ခုချိန်မှာ ပြည်တွင်းက ဒစ်ဂျစ်တယ်ကြော်ငြာလုပ်ငန်းတွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းတာကို အပြစ်မဆိုလိုပေမယ့် Facebook လို လုပ်ငန်းမျိုးတွေကို အခွန်စည်းကျပ်နိုင်ဖို့ ပိုအာရုံစိုက်ကြိုးပမ်းဖို့ သင့်တယ်လို့ မြင်မိပါတယ်။



Mobile Guide / Vol.4, Issue 29

(ယခုဆောင်းပါးကို Mobile Guide ဂျာနယ်တွင် "Digital Advertising Platforms ကိုလည်း အခွန်ကောက်ပါ" ဟူသည့် ခေါင်းစဉ်ဖြင့်ဖော်ပြခဲ့ပါသည်)



Comments


Featured Review
Tag Cloud

© 2023 by The Book Lover. Proudly created with Wix.com

  • Grey Facebook Icon
  • Grey Twitter Icon
  • Grey Google+ Icon
bottom of page