top of page

လွတ်လပ်ခွင့်နှင့် စည်းမျဉ်းများအကြားက လူမှုကွန်ယက် ဝိရောဓိများ

  • မောင်မိုးဇွန်
  • Apr 2, 2018
  • 2 min read

ဥရောပသမဂ္ဂ (EU) သည် ‘1-hour rule’ ကို အတည်ပြုကြေညာလိုက်ခြင်းကြောင့် လူမှုကွန်ယက်များပေါ်ရှိ အကြမ်းဖက်ဝါဒအပါအဝင် တားမြစ်ကန့်သတ်ထားသည့် အကြောင်းအရာများနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို တစ်နာရီအတွင်း ဖြုတ်ချပေးရန် တောင်းဆိုပိုင်ခွင့်ကို ရရှိသွားပြီဖြစ်သည်။ ၎င်းဥပဒေကြောင့် လူမှုကွန်ယက် ဝက်ဘ်ဆိုက်များနှင့် ၎င်းတို့ကိုင်စွဲထားသည့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့ကို EU က ဝက်အူတင်းလိုက်ခြင်းဖြစ်သည်။



ဥရောပသမဂ္ဂအနေဖြင့် ဥပဒေနှင့် မညီညွတ်သည့် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ဆက်နွယ်နေသည့် အကြောင်းအရာများ၊ အမုန်းတရားပျံပွားစေမည့် အကြောင်းအရာများ၊ ဆူပူအုံကြွမှုများနှင့် ဆက်နွယ်နေသည့် အကြောင်းအရာများ၊ ကလေးသူငယ် လိင်အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများနှင့် မူပိုင်ခွင့်ကို ချိုးဖောက်ကျူးလွန်ထားသည့် အကြောင်းအရာများကို အဆိုပါ စည်းမျဉ်းဖြင့် ထိန်းချုပ်သွားမည်ဖြစ်သည်။


၎င်းစည်းမျဉ်းမှာ မကြာသေးမီက ဥရောပသမဂ္ဂအဖွဲ့ဝင် ဦးဆောင်နိုင်ငံတစ်ခုဖြစ်သည့် ဂျာမနီနိုင်ငံတွင် ပြဌာန်းလိုက်သည့် အင်တာနက်ကွန်ယက်ထိန်းကျောင်းရေးဥပဒေ (Network Enforcement Act) နှင့် သဘောတရားခြင်း အတူတူပင်ဖြစ်သည်။ ဥပဒေသစ်အရ လူမှုကွန်ယက်ဝက်ဘ်ဆိုက်များအနေဖြင့် ၎င်းတို့ ကွန်ယက်များပေါ်ရှိ သတင်းမှားများ၊ အမုန်းစကားများ၊ ဆိုင်ဘာအနိုင်ကျင့်မှုလုပ်ရပ်များကို သတိပေးချက်ရရှိပြီး ၂၄ နာရီအတွင်းမှာ ဖယ်ရှားပေးရန် ပြဌာန်းထားသည်။ လုပ်ဆောင်ရန်ပျက်ကွက်ပါက ယူရို သန်း ၅၀ အထိ ငွေဒဏ် ပေးဆောင်ရမည်ဖြစ်သည်။


လူတစ်ဦးချင်း အခွင့်အရေးနှင့် တစ်ဦးချင်းလွတ်လပ်မှုကို အလေးထားသည့် ဥရောပတစ်လွှားတွင် ယင်းကဲ့သို့ ဥပဒေများဖြင့် လူမှုကွန်ယက်ဝက်ဘ်ဆိုက်များကို ထိန်းချုပ်ခြင်းကို ကြိုဆိုမှုများရော ကန့်ကွက်မှုများပါ ရှိနေသည်။ အထူးသဖြင့် လွတ်လပ်စွာပြောဆိုခွင့်ကို ထိခိုက်စေသည့် ဥပဒေဟု ဝေဖန်မှုများရှိနေသည်။ သို့သော်လည်း အဆိုပါဥပဒေကို ပြဌာန်းသူများဘက်ကမူ ယခုစည်းမျဉ်းများမှာ လွတ်လပ်စွာပြောဆိုခွင့်ကို မထိခိုက်စေပဲ အကာအကွယ်ပင်ပြုပေးထားခြင်းဟု ပြန်လည်တုန့်ပြန်ကြသည်။ လူမှုကွန်ယက်နှင့် ပြင်ပနယ်ပယ်မှ လွတ်လပ်စွာပြောဆိုခွင့်တို့သည် အသွင်သဏ္ဍာန်အားဖြင့် တူညီမှုမရှိကြောင်း ၎င်းတို့က အကြောင်းပြကြသည်။


လူမှုကွန်ယက်များသည် Content များကို ကြော်ငြာရရှိနိုင်ချေ၊ လူစိတ်ဝင်စားနိုင်ချေပေါ်မူတည်၍ အသိဥာဏ်တု (Artificial Intelligence) ဖြင့်ထိန်းချုပ်ထားသည့် Algorithms ဖြင့် အလိုလျောက် စီစဉ် တင်ဆက်ခြင်းဖြစ်သည်။ ထို့ကြောင့် လူအများအကြား ပွဲဆူစေမည့် ပို့စ်များ၊ အကြောင်းအရာခိုင်လုံမှုမရှိသော်လည်း လူစိတ်ဝင်စားစေမည့် ပို့စ်များသည် တခြားပို့စ်များထက် ပို၍ ဦးစားပေးဖော်ပြခံရလေ့ရှိသည်။ လက်ရှိ စည်းမျဉ်းသစ်များသည် ယင်းအခြေအနေများကို တားဆီးဖယ်ရှားနိုင်မည်ဟု ဥပဒေဖန်တီးသူများက ယုံကြည်နေကြသည်။


သို့သော်လည်း ယင်းသို့ ဥပဒေဖြင့် ထိန်းချုပ်သည့် နည်းလမ်းမှာ အကြွင်းမဲ့မှန်ကန်သည့် နည်းလမ်းဟုတ်မဟုတ်ကို မည်သူမှ အာမမခံနိုင်ကြသေးပေ။ လူမှုကွန်ယက်ဝက်ဘ်ဆိုက်များပေါ်တွင် ရှိနေသည့် အကြောင်းအရာများကို ထိန်းချုပ်ရာတွင် မည်သည့်ပုံသဏ္ဍာန်ဖြင့် ကိုင်တွယ်သင့်သည် ဆိုသည့်နှင့် ပတ်သက်၍ လေ့လာဆန်းစစ်သူများအကြား လိပ်ခဲတည်းလည်းဖြစ်နေဆဲဖြစ်သည်။ ယင်းကြောင့်ပင် လွတ်လပ်စွာ ပြောဆိုရေးသားခွင့်နှင့် အမုန်းတရား လှုံ့ဆော်သည့် ပြစ်မှုများအကြားတွင် မှုန်ဝါးသည့် စည်းတစ်ခုသာ ခြားထားသည်ဟု မိုနက်ရှ်တက္ကသိုလ်၊ ပြစ်မှုဗေဒပညာဌာနမှ ကထိကတစ်ဦးဖြစ်သည့် လီနွန်ချန်းက သတိပေးခဲ့သည်။


လူမှုကွန်ယက်ဝက်ဘ်ဆိုက်များအနေဖြင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် အထိပ်အကွပ်ဥပဒေများအကြားဗျာများနေချိန်မှာပင် အမှန်တကယ်အကြမ်းဖက်မှုနှင့်ဆက်ဆိုင်သည့် အကြောင်းအရာများ၊ အမြင်သဘောထားကွဲပြားသူ လူနည်းစုများကို အုပ်စုဖွဲ့၍ ဆိုက်ဘာအနိုင်အထက်ပြုကျင့်မှုများမှာ လူမှုကွန်ယက်စာမျက်နှာများတွင် ပြန့်နှံ့နေသည်။


အထူးသဖြင့် လိင်တူအခွင့်အရေးလှုပ်ရှားသူများ၊ အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူများ၊ လူနည်းစုအခွင့်အရေးလှုပ်ရှားသူများနှင့် နိုင်ငံရေးနယ်ပယ်တွင် အများကြိုက်ပေါ်ပြူလာဝါဒကို ဆန်းစစ်သူများအနေဖြင့် တိုက်ခိုက်မှုများ၏ သားကောင်များဖြစ်လာကြသည်။ ထို့ကြောင့်ပင် လွတ်လပ်စွာထုတ်ဖော်ရေးသားခွင့်သည် လူမှုကွန်ယက်ပေါ်တွင် ခွင့်ပြုရန်သင့်မသင့်ကို နိုင်ငံတိုင်းက စဉ်းစားလာကြခြင်းဖြစ်သည်။ ယင်းသို့ အားနည်းချက်များ ယိုပေါက်များရှိနေသောကြောင့်ပင် ဥရောပသမဂ္ဂမှ ဥပဒေပြဌာန်း၍ ထိန်းချုပ်ရန်ကြိုးပမ်းခြင်းဖြစ်ဟန်တူသည်။


သို့သော်လည်း ထိန်းချုပ်မှုများ၏ အကျိုးဆက်အနေဖြင့် လူအများသည် ၎င်းတို့ယုံကြည်ရာကို ဖော်ထုတ်ရန် လက်တွန့်လာခြင်းများဖြစ်လာနိုင်သည်။ အချို့မှာ လူမှုကွန်ယက်ကို လုံးဝ ကွင်းရှောင်သွားကြသည်အထိ ဖြစ်လာဖွယ်ရှိသည်။


သတင်းမှားများ၊ အမုန်းစကားများ၊ အကြမ်းဖက်မှုများနှင့် ဆိုင်ဘာအနိုင်ကျင့်မှုများကို တားဆီးရန် အကောင်းဆုံးနည်းလမ်းမှာ အကျိုးအမြတ်အများအပြားရရှိနေသည့် လူမှုကွန်ယက်ဝက်ဘ်ဆိုက်များကို ၎င်းတို့၏ ပလက်ဖောင်းပေါ်မှ အကြောင်းအရာများအား တာန်ယူခိုင်းခြင်းသာဖြစ်သည်ဟု ဥပဒေပိုင်းအရကိုင်တွယ်လိုသူ ပုဂ္ဂိုလ်များကပါ တိုက်တွန်းထားကြသည်။


EU ၏ သတ်မှတ်ချက်အရ လက်ရှိအချိန်မှစ၍ လူမှုကွန်ယက်ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ ပလက်ဖောင်းများကို စိစစ်ပြင်ဆင်ရန် အချိန် ၃ လ ရရှိမည်ဖြစ်ပြီး ဥပဒေဖြင့် ထိန်းကျောင်းမည့် အဆိုပါနည်းလမ်း အလုပ်ဖြစ်မဖြစ်ကို နိုင်ငံတကာက စောင့်ကြည့်နေကြသည်။ လွတ်လပ်စွာဖော်ထုတ်ပြောဆိုမှုကို အခြေခံစံနှုန်းအဖြစ် ကြွေးကြော်ထားသည့် လူမှုကွန်ယက်ကုမ္ပဏီများအနေဖြင့် ရှဥ့်လဲလျှောက်သာ ပျားလဲစွဲသာအခြေအနေတစ်ခုကို ဖန်တီးနိုင်ရန် မျှော်လင့်နေကြဆဲဖြစ်သည်။


ဥရောပတွင် အဆိုပါကိစ္စရပ်များဖြစ်နေချိန်တွင် မြန်မာနိုင်ငံတွင်လည်း လူမှုကွန်ရက် Facebook သည် လူနည်းစုများအပေါ် အမုန်းပွားစေမည့် အကြောင်းအရာများ ဖြန့်ဝေပေးရာတွင် အဓိက ပလက်ဖောင်းတစ်ခုဖြစ်နေသည်၊ သတင်းမှားများဖြန့်ချိရာနေရာဖြစ်နေသည်ဆိုသည့် ကုလသမဂ္ဂနှင့် အစိုးရတို့၏ စွပ်စွဲမှုများ အကြားတွင်ရောက်နေချိန်နှင့် တိုက်ဆိုင်နေပြန်သည်။ Facebook ဘက်ကမူ မြန်မာနိုင်ငံတွင် နည်းပညာနှင့် ဒေသခံဘာသာစကားကျွမ်းကျင်မှုတို၌ အများအပြား ရင်းနှီးမြှုပ်နှံ၍ဆောင်ရွက်နေကြောင်း တုန့်ပြန်ငြင်းဆိုထားသော်ငြားလည်း ဖြေရှင်းကိုင်တွယ်ရခက်ခဲနေသည့် အခြေအနေတစ်ခုဖြစ်နေလေသည်။


မြန်မာနိုင်ငံကဲ့သို့သော အင်တာနက်အသုံးပြုမှုဆိုင်ရာ လမ်းညွှန်ချက်များ၊ အခြေခံလူ့အခွင့်အရေးသတ်မှတ်ချက်များကို သိရှိသူနည်းပါးပြီး လူမျိုးရေး ဘာသာရေးပြဿနာများလည်းရှိနေသည့် နိုင်ငံမျိုးတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုကို အတိုင်းအဆမရှိ လွှတ်ပေးထားရန် သင့်မသင့်မှာ အငြင်းပွားဖွယ်ရာ အခြေအနေတစ်ရပ်ပင်ဖြစ်သည်။


လက်ရှိပြဿနာများအရ Facebook အပါအဝင် လူမှုကွန်ယက်ဝက်ဘ်ဆိုက်များအနေဖြင့် လူမှုကွန်ယက်ဝက်ဘ်ဆိုက်များ၏ အနာဂတ်ကာလများကို စီမံရန် ပြတ်သားသည့် ဘက်တစ်ခုခုတွင် ရပ်တည်ရန် လိုအပ်လာနေပြီဖြစ်ကြောင်း မီးမောင်းထိုးပြနေသည်။ လွတ်လပ်ချင်သော အသုံးပြုသူများနှင့် ထိန်းချုပ်ချင်သော အစိုးရများအကြားတွင် အဖြေတစ်ခု ထုတ်ရန် သေချာပေါက် လိုအပ်နေပြီဖြစ်သည်။


အင်တာနက်နှင့် လူမှုကွန်ယက်များ၏ စံနှုန်းတစ်ခုဖြစ်သည့် လွပ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ဆက်လက်ဆုပ်ကိုင်ထားမည်လော၊ အာဏာပိုင်များ ဖန်တီးထားသည့် ဥပဒေစည်းမျဉ်းများအောက်သို့ လုံးဝဝင်ရောက်မည်လော သူတို့ရွေးချယ်ရတော့မည်ဖြစ်သည်။ အင်တာနက်လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေသူများကမူ လူမှုကွန်ယက်များက လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အတွက် နောက်ဆုံးခံတပ်ဟု ယူဆနေကြဆဲဖြစ်သည်။


Monywa Gazette

Vol.2/No.25



 
 
 

댓글


Featured Review
Tag Cloud

© 2023 by The Book Lover. Proudly created with Wix.com

  • Grey Facebook Icon
  • Grey Twitter Icon
  • Grey Google+ Icon
bottom of page