top of page

လူမှုကွန်ယက်စွဲလမ်းမှုနဲ့ စိတ်ကျန်းမာရေးပြဿနာ

  • မောင်မိုးဇွန်
  • Jan 10, 2018
  • 2 min read

၁၉၅၄ ခုနှစ်ကနေ ၁၉၉၉ ခုနှစ်အထိ လုပ်ခဲ့ဖူးတဲ့ The Marlboro Man ဆိုတဲ့ ကြော်ငြာကမ်ပိန်းတစ်ခု ရှိပါတယ်။ စတိုင်ကျကျ ကောင်းဘွိုင်မြင်းစီးသမားစတိုင်ဝတ်ဆင်ထားတဲ့ နာမည်ကျော်မင်းသားတွေကို အသုံးပြုပြီး ကမ္ဘာ့ဆေးရွက်ကြီးဈေးကွက်ကို လှုပ်ကိုင်ပြနိုင်ခဲ့တဲ့ ဈေးကွက်ချဲ့ထွင်ရေးလှုပ်ရှားမှုတစ်ခုပါ။




ဒါပေမယ့် နောင်နှစ်တွေကြာတဲ့အခါ ဒီကြော်ငြာကမ်ပိန်းမှာပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့ သရုပ်ဆောင်တစ်ချို့ဟာ နောင်တတရားကိုယ်စီနဲ့ ဆေးလိပ်ဆေးရွက်ကြီးဆန့်ကျင်ရေး တိုက်ပွဲဝင်သူတွေဖြစ်လာကြပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ သူတို့တွေထဲက တစ်ချို့ကိုယ်တိုင်ဟာ အဆုပ်ကင်ဆာရောဂါနဲ့ ဆေးရုံပေါ်မှာ ပက်လက်ဖြစ်နေကြပါပြီ။


ခုနောက်ပိုင်းကာလတွေမှာ လူမှုကွန်ယက်ဝက်ဆိုက်တွေကို အောင်မြင်လာစေဖို့ တစ်ဖက်တစ်လမ်းက တာဝန်ယူလုပ်ကိုင်ခဲ့ဖူးတဲ့ အကြီးတန်းအရာရှိတစ်ချို့ဆီက သူတို့ရဲ့ ဖန်တီးခဲ့တဲ့ ထုတ်ကုန်အပေါ် နောင်တရနေတဲ့ စကားသံတွေ ပိုပြီး ခပ်စိတ်စိတ်ကြားလာနေရပါတယ်။ အထူးသဖြင့် လူထုကျန်းမာရေးနဲ့ ပတ်သတ်တဲ့ ထင်မြင်ချက်တွေကို အလေးထားပူပန်နေကြတာကြောင့် ဒီအချက်ကို ပိုပြီး သူတို့ စိုးရိမ်နေကြဟန်ပါပဲ။ တစ်ဖက်မှာလည်း ငွေကြေးအပါအဝင် အဘက်ဘက်က အကျိုးအမြတ်ကြီးမားပြီး အခြေခိုင်နေပြီဖြစ်တဲ့ လူမှုကွန်ယက်တွေကို တွန်းလှန်ချိုးဖျက်ဖို့ ခက်ခဲလှတာလည်း အမှန်ပါပဲ။ ဒါပေမယ့် လူတွေရဲ့ လူမှုကွန်ယက်အလွန်အကျွံစွဲလမ်းမှုပြဿနာဟာလည်း တစ်နေ့တစ်ခြားပိုပို ဆိုးရွားလာတာကိုလည်း မေ့ထားလို့ မရပြန်ပါဘူး။


Facebook ရဲ့ သုံးစွဲသူရေးရာဌာန ဒုတိယအကြီးအကဲဟောင်း ချာမက်သ် ပီလီဟာပစ်တီယ ကဆိုရင် လူမှုကွန်ယက်တွေဟာ လူတစ်ဦးချင်းစီမှာရှိနေတဲ့ အခြေခံအမူအကျင့်တွေကို တမြည့်မြည့်တိုက်စားသွားတဲ့အရာလို့ မှတ်ချက်ပြုပါတယ်။ ဒါတွေကို ဖန်တီးမိခဲ့တာဟာ လူ့အဖွဲ့အစည်းကို ဆုတ်ဖြဲမိခဲ့တာနဲ့ တူတယ်လို့ သူက အင်တာဗျူးတစ်ခုမှာ ဖွင့်ဟဝန်ခံဖူးပါတယ်။ ချာမက်သ်ရဲ့ ပြောဆိုချက်တွေကို Facebook က အပြင်းအထန်ငြင်းဆန်ခဲ့ပေမယ့် ကုမ္ပဏီမှာ ၆ နှစ်ကျော်ကြာ တာဝန်ယူခဲ့တဲ့သူတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်တွေကို မတားဆီးနိုင်ခဲ့တာတော့ အမှန်ပါပဲ။


လူမှုကွန်ယက်တွေဟာ စီးကရက်နဲ့ အရက်တွေထက်တောင် ပိုမိုစွဲလမ်းစေတယ်လို့ ဗြိတိန်အခြေစိုက် လူထုကျန်းမာရေးဆိုင်ရာ တော်ဝင်အဖွဲ့အစည်းကြီးကလည်း ကြေညာထားပါတယ်။ သူတို့ရဲ့အဆိုအရ လူမှုကွန်ယက်တွေဟာ လူငယ်ထုအတွက် အလွန်ဆိုးရွားတဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ဘေးဒုက္ခကြီးတစ်ခုဖြစ်နေပြီးတော့ မျက်ကွယ်ပြုထားဖို့ လုံးဝမသင့်တော့တဲ့ အခြေအနေလို့လည်း ဆိုပါတယ်။ သူတို့ အဖွဲ့အစည်းရဲ့ လေ့လာချက်တွေအရ အနောက်နိုင်ငံတွေမှာရှိတဲ့ Millennial (၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ မွေးဖွားတဲ့ ကလေးတွေ) ရဲ့ လေးပုံတစ်ပုံဟာ တစ်နေ့ကို ပျမ်းမျှ အကြိမ် ၁၀၀ ဝန်းကျင်လောက် ဖုန်းကို ကြည့်ဖြစ်ကြတယ်လို့ဆိုပါတယ်။ ဒီလို ကြည့်ဖြစ်ရတဲ့ အဓိကအကြောင်းအရင်းကတော့ လူမှုကွန်ယက်ပါပဲ။ Millennial တွေရဲက နှုန်းဟာ Baby Boomers (ဒုတိယကမ္ဘာစစ်အပြီးမှ မွေးဖွားလာတဲ့ကလေးတွေ) ထက် အဆ ၉၀ လောက် ပိုများနေတဲ့ သဘောပဲဖြစ်ပါတယ်။


လူမှုကွန်ယက်ကြောင့် လူငယ်တွေ ရလာနိုင်တဲ့ အဆိုးရွားဆုံး ဘေးထွက်ဆိုးကျိုးတွေက ဆိုက်ဘာအကြမ်းဖက်မှုတွေနဲ့ စိတ်ဖိစီးမှုရောဂါတွေဖြစ်တယ်လို့ အမေရိကန်ကလေးဆေးပညာအကယ်ဒမီကလည်း မိဘတွေကို သတိပေးထားပါတယ်။ ဒါပေမယ့် ဒါတွေဟာ ကလေးတွေမှာပဲဖြစ်နိုင်တယ်ဆိုတဲ့ သဘောမဟုတ်ဘူးလို့လည်း ဖြည့်စွက်ဆိုထားပါသေးတယ်။


Facebook အပါအဝင် လူမှုကွန်ယက်တွေကို အသုံးပြုချင်စိတ်ဟာ အလွယ်တကူ စွဲလမ်းလွယ်ပါတယ်။ အင်တာနက်စွဲလမ်းမှုနဲ့ လူမှုကွန်ယက်စွဲလမ်းမှုပြဿနာတွေဟာ အတူတူဟုတ်မဟုတ် ဆိုင်ရာပညာရှင်တွေအကြား အငြင်းပွားမှုတွေ ရှိနေဆဲဖြစ်ပေမယ့် အားလုံး သဘောတူညီထားတဲ့အချက်ကတော့ အဲ့ဒီအရာ ၂ ခုလုံးဟာ လူတွေအတွက် ဆိုးရွားတဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ဆောင်ယူလာတယ်ဆိုတာပါပဲ။ ဒါဟာ လူမှုကွန်ယက်အသုံးပြုသူတွေ သေချာသတိထားရမယ့် အချက်တစ်ခုဖြစ်ပါတယ်။


ဗြိတိန်အခြေစိုက် နော်တင်ဟမ် ထရန့်တ် တက္ကသိုလ်က သိပ္ပွံပညာရှင်တွေက လူမှုကွန်ယက်အသုံးပြုမှု၊ ကိုယ်ရည်ကိုယ်သွေးနဲ့ စိတ်ပိုင်းဆိုင်ရာသရုပ်သကန်တွေကို ဆက်စပ်စူးစမ်းလေ့လာကြရာမှာ Facebook သုံးစွဲမှုကနေ အခြေတည်တဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးချို့ယွင်းမှုအခြေအနေကို “Facebook စွဲလမ်းခြင်းဆိုင်ရာ စိတ်ကစဥ့်ကလျားရောဂါ” လို့ ခေါင်းစဉ်တပ်နိုင်ခဲ့ပါတယ်။ ရောဂါလက္ခဏာတွေအနေနဲ့ တကယ့်လူမှုဘဝကို လျစ်လျူရှုလာတာ၊ လူမှုကွန်ယက်က အတွင်းစိတ်သဏ္ဍာန်ကို အကြီးအကျယ်လွှမ်းမိုးထားတာ၊ တကယ့် ဒိဌဓမ္မ ဘဝကို ငြင်းပယ်ပြီး စိတ်ကူးယဉ်ကမ္ဘာနယ်ကို လွတ်မြောက်မှုလို့ ထင်ယောင်ထင်မှားဖြစ်လာတာ၊ အဲဒီအတွေ့အကြုံတွေကို အခြေပြုပြီး လက်တွေ့ဘဝကိုပြင်ဆင်လိုတဲ့ စိတ်ပြင်းထန်လာတာ၊ သည်းခံလိုစိတ်လျော့နည်းလာပြီး လက်ရှိမူမမှန်တဲ့အခြေအနေကို ဖုံးကွယ်ဖို့ အလွန်အကျွံကြိုးပမ်းလာတာမျိုးတွေ ပြုမူလာတတ်ပါတယ်။ ဒါတွေဟာ လူမှုကွန်ယက်ကို အလွန်အကျွံသုံးစွဲရာကနေ ရလာတဲ့ ဘေးထွက်ဆိုးကျိုးတွေပါပဲ။


ဆွမ်ဆီးတက္ကသိုလ်ရဲ့ လေ့လာချက်အရလည်း ဒီရောဂါလက္ခဏာခံစားနေရတဲ့လူတွေဟာ အင်တာနက်အသုံးပြုမှုကို ရပ်တန့်လိုက်တာနဲ့ သူတို့ရဲ့ စိတ်ပိုင်ဆိုင်ရာချို့ယွင်းမှုတွေ ပြန်လည်ကောင်းမွန်သက်သာလာတယ်လို့ ဆိုပါတယ်။ ၂၀ ရာစု အလယ်ပိုင်းကာလတွေက ဆေးလိပ်တွေလိုပါပဲ ဒီဘက်ခေတ်မှာလည်း လူမှုကွန်ယက်တွေဟာလည်း လူငယ်ထုတွေအတွက် ရှောင်လွှဲဖို့ခက်တဲ့ စွဲလမ်းမူးယစ်စရာအရာတစ်ခုဖြစ်လာလို့နေပါတယ်။ လူမှုကွန်ယက်ဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုဘဝနဲ့ ပေါင်းသင်းဆက်ဆံရေးနယ်ပယ်တွေအပြင် ကျန်းမာရေးအခြေအနေအထိကိုပါ သက်ရောက်လာတဲ့အထိပါပဲ။


လူမှုကွန်ယက်တွေဟာ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ဆန်းစစ်ဖို့ အကောင်းဆုံးလက်နက်ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုက မစ်ဇူရီတက္ကသိုလ်ကနေ လေ့လာချက်တစ်စောင် ထုတ်ပြန်ဖူးပေမယ့် ပညာရှင်အများစုကတော့ လူမှုကွန်ယက်ဟာ လူတွေရဲ့ ကျန်းမာရေးဆိုင်ရာအခြေအနေတွေကို ပျက်ယွင်းစေနိုင်တယ်ဆိုတဲ့အချက်ကိုသာ ယုံကြည်လက်ခံထားကြပါတယ်။ ဒါကြောင့်လည်း ဟားဗတ်တက္ကသိုလ်ကနေ “ဖေ့စ်ဘုတ်များများသုံးလေလေ ပိုစိတ်ဆင်းရဲရလေလေ” ဆိုတဲ့ခေါင်းစဉ်နဲ့ မနှစ်က စာတမ်းတစ်စောင် ပြုစုထုတ်ဝေခဲ့တာဖြစ်ပါတယ်။


သီအိုရီအားဖြင့်ဆိုရရင် လူမူကွန်ယက်ကို များများသုံးလေလေ လူတွေရဲ့ ပျော်ရွှင်မှု လျော့ပါးလာလေလေပါပဲ။ လူတစ်ဦးချင်းစီရဲ့ ဘဝအပေါ် စိတ်ကျေနပ်မှုနဲ့ အချိန်ကာလအလိုက် ပျော်ရွှင်ဝမ်းမြောက်မှုတွေဟာ လူမှုကွန်ယက်အသုံးပြုမှုနဲ့ တိုက်ရိုက်အချိုးကျနေပါတယ်။ ဖေ့စ်ဘုတ်များများသုံးလေ ဒီအချက်တွေ လျော့နည်းသွားလေလေဖြစ်ပါတယ်။ ဒါ့အပြင် လူမှုကွန်ယက်ကို အသုံးပြုမှုများပြားလာတဲ့အခါ တစ်ပါးသူတွေနဲ့ မိမိကိုယ်ကို အလိုအလျောက် နှိုင်းယှဉ်မိနေတတ်ဟာလည်း လူတွေကို အလွယ်တကူစိတ်ပိုင်းဆိုင်ရာ မနာလိုမှုနဲ့ ဝမ်းနည်းမှုတွေကို ခံစားရစေပါတယ်။ လူအများစုဟာ မိမိတို့ရဲ့ Post တွေ၊ Content တွေ၊ မျှဝေမှုတွေနဲ့ ဓာတ်ပုံတွေကတဆင့် ရည်ရွယ်ချက်အသီးသီးနဲ့ အပြန်အလှန်ပြိုင်ဆိုင်နေကြပါတယ်။ ဒါကြောင့်လည်း လူမှုကွန်ယက်တွေဟာ အထီးကျန်မှုနဲ့ မနာလိုမှုတွေကိုပဲ ပေးနိုင်တဲ့နေရာတွေလို့ တစ်ချို့သော အင်တာနက်ပညာရှင်တွေက ဆိုကြတာဖြစ်ပါလိမ့်မယ်။


၁၉၆၀ ဝန်းကျင်ကာလတွေတုန်းက ဆေးလိပ်နဲ့ ဆေးရွက်ကြီးရဲ့ ဆိုးကျိုးတွေကို ဆရာဝန်တွေကပြောကြတဲ့အခါ စီးကရက်မရှိရင် ဘဝဆိုတာ နေပျော်ဖွယ်မရှိဘူးလို့တောင် ဆေးလိပ်ကြိုက်နှစ်သက်သူတစ်ချို့က ကန့်ကွက်ခဲ့ကြဖူးပါတယ်။ အဲ့ကာလတွေတုန်းက အမေရိကမှာ စုစုပေါင်းလူဦးရေရဲ့ ၄၂% လောက်က ဆေးလိပ်သောက်ကြပါတယ်။ အဲဒါကြောင့်ပဲ ဥပဒေတွေ၊ နည်းဥပဒေတွေ၊ စည်းမျဉ်းတွေနဲ့ ပညာပေးမှုတွေ ကြီးကြီးကျယ်ကျယ်လုပ်ပြီး ထိန်းကွပ်ခဲ့တာကြောင့် ဒီနေ့ခေတ်မှာတော့ အမေရိကန်နိုင်ငံသား ၁၇.၈% လောက်ပဲ ဆေးလိပ်သောက်ပါတော့တယ်။


ဒါပေမယ့် ဒီကနေ့ခေတ် လူမှုကွန်ယက်ကို ထိန်းချုပ်ဖို့အတွက် အတားအဆီးဖြစ်နေတဲ့ အရာတွေကတော့ လူ့အခွင့်အရေးနဲ့ အင်တာနက်လွတ်လပ်ခွင့်ကို ဦးတည်ပြဌာန်းထားတဲ့ ဥပဒေတွေ စည်းမျဉ်းတွေနဲ့ လူမှုကွန်ယက်ကုမ္ပဏီတွေရရှိနေတဲ့ အကျိုးအမြတ်တွေပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒါဟာ မတူကွဲပြားတဲ့ ပြဿနာတစ်ရပ်အဖြစ် တည်ရှိလာနေစေပါတယ်။


စီးကရက်ကြော်ငြာသမားတွေလိုပါပဲ လက်ရှိအချိန်မှာ ခိုင်မာအားကောင်းပြီး အင်အားကြီးစီးပွားရေးလုပ်ငန်းတွေဖြစ်လာနေတဲ့ လူမှုကွန်ယက်တွေကို ကန့်သတ်တားဆီးဖို့ စတင်ပါဝင် ဖန်တီးလုပ်ကိုင်ခဲ့သူတွေကိုယ်တိုင် မတတ်နိုင်တော့တဲ့ အခြေအနေဖြစ်လာနေပါတယ်။


ဒီလိုအခြေအနေတွေကြောင့်မို့ လူမှုကွန်ယက်တွေဟာ လုံးဝဥဿုံ ဘာအကျိုးကျေးဇူးမှမရှိတဲ့အရာလို့ ယူဆလို့တော့ပါဘူး။ ဒီအရာတွေက ကမ္ဘာကြီးကို အမှန်တကယ်ချုံ့ပေးနိုင်ခဲ့တဲ့ မှော်ကြေးမုံပြင်လို အရာဖြစ်ပါတယ်။ ကမ္ဘာ့ချောင်ချိုချောင်ကြားမကျန် ဘယ်လောက်ဝေးဝေးက လူတွေကိုမဆို ဆက်သွယ်နိုင်နေအောင် ခင်မင်ရင်းနှီးလာအောင် မြင်လာကြားလာအောင် လုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့်လည်း တန်ဆေးလွန်ဘေးဆိုတာကိုတော့ မမေ့ဖို့လိုမယ်လေ။


သမိုင်းတစ်လျှောက် ဆေးလိပ်တွေ စီးကရက်တွေ လူအများအပေါ် ကြီးကြီးမားမား လွှမ်းမိုးလာနိုင်တာဟာ လူထုကို လွမ်းမိုးနိုင်တဲ့ နယ်ပယ်သီးသီးက အထင်ကလူတွေရဲ့ နှစ်သက်ခြင်းကိုခံရတာကြောင့်လို့ လူအများကလက်ခံထားကြပါတယ်။ နာမည်ကျော် စာပေဇာတ်ကောင်တွေ၊ ရုပ်ရှင်ဇာတ်ကောင်ကြီးတွေဟာ စီးကရက်ကို ဟန်ပါပါခဲလို့ဆိုတဲ့ စာသားနဲ့အတူ လူတွေကို ဖမ်းစားနိုင်ခဲ့ကြပါတယ်။ သူတို့ရဲ့ အစွမ်းထက်ထက်နဲ့ လော်ဘီလုပ်ပေးခဲ့မှုတွေရတာကြောင့် ဆေးလိပ်မသောက်ရင် စတိုင်မကျဘူးလို့ ထင်မှတ်မှားခဲ့တဲ့အထိ အောင်မြင်ခဲ့ပါတယ်။ ဒီနေ့ခေတ် လူမှုကွန်ယက်တွေဟာလည်း ဒီအတိုင်းပါပဲ။ နာမည်ကျော်ပုဂ္ဂိုလ်တွေ လုပ်ငန်းတွေရဲ့ လူထုဆက်ဆံရေးနယ်ပယ်မှာ အရေးပါတဲ့ တစ်ခြားမျက်နှာစာတစ်ခုဖြစ်လာတာကြောင့် ကြော်ငြာစရာမလိုပဲကို အတိုင်းအဆမရှိ လူသိများထင်ရှားလာနေပါတော့တယ်။ ထိန်းချုပ်ဖို့လည်း ပိုမိုခက်ခဲလာနေပါတယ်။


၁၉၈၀ မတိုင်မီကာလတွေတုန်းကလိုပါပဲ။ ခုချိန်မှာ လူမှုကွန်ယက် အလွန်အကျွံအသုံးပြုတာဟာ ကပ်ဘေးတစ်ခုဖြစ်တယ်လို့ ဘယ်လိုအောင်မြင်ထင်ရှားနေတဲ့သူတွေကမှ ပြောဆိုကြဦးမှာမဟုတ်ပါဘူး။ သူတို့ရဲ့ အောင်မြင်ခြင်းတွေကိုက လူမှုကွန်ယက်နဲ့ မွန်းမံတည်ဆောက်ထားတာကြောင့်ဖြစ်ပါတယ်။ တချိန်ချိန်မှာတော့ ဆေးလိပ်ကြော်ငြာမင်းသားတွေလို သူတို့ နားလည်ရင် နားလည်လာပါလိမ့်မယ်။ လက်ရှိအချိန်မှာတော့ စွဲလမ်းမှုကြောင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို သတိထားမိတဲ့ အသုံးပြုသူတွေကိုယ်တိုင်ကသာ အသုံးပြုမှုပုံစံနဲ့ အချိန်ပမာဏကို ပြင်ဆင်လျော့ချသုံးစွဲပြီး တကယ့်လူမှုဘဝထဲ ပြန်ဝင်ရောက်နေထိုင်နိုင်ဖို့သာ ကြိုးပမ်းကြရပါလိမ့်ဦးမယ်။



Mobile Guide

Vol.4/No.37

10 Jan 2018






Comments


Featured Review
Tag Cloud

© 2023 by The Book Lover. Proudly created with Wix.com

  • Grey Facebook Icon
  • Grey Twitter Icon
  • Grey Google+ Icon
bottom of page