top of page

ပုံရိပ်ယောင်ဘဝတွင် ပျော်မွေ့ခြင်း

  • မောင်မိုးဇွန်
  • Mar 24, 2018
  • 2 min read

မျက်ရည်စက်လက်ကျနေသည့် မျက်ဝန်းနှင့် ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်လေးသည် လက်ကိုင်ဖုန်းကင်မရာကို ကြည့်၍ နေသည်။ သို့သော်သူမသည် ကိုယ်ဟန်အနေအထားကို ကျော့ကျော့မော့မော့လေးဖြစ်စေရန် ဂရုစိုက်ပြီးမှ ကင်မရာခလုတ်ကို နှိပ်လိုက်သည်။




အဆိုပါ ဓာတ်ပုံလေးကို Facebook ပေါ်သို့ တင်လိုက်သည့်အခါ Like ၊ Comment များ ရာချီတက်လာကြသည်။ အချို့သော အမျိုးသမီးငယ်လေးများ၏ သနားကြောင်း ကိုယ်ချင်းစာကြောင်း အပြောစကားများ၊ ပုရိသများ၏ လှကြောင်း ချောကြောင်း ကူညီနှစ်သိမ့်ပေးခြင်ကြောင်း မှတ်ချက်များကို သူမသဘောကျနေသည်။ နှမခြင်းမစာနာတတ်သူတစ်ချို့ကတော့ မဖွယ်မရာမှတ်ချက်များပေးကြသည်။ သို့သော်လည်း Like များ Comment များ ရာထောင်ချီတက်နေသည်ကို မြင်နေရသည်ကိုပင် သူမပျော်နေတတ်သည်။


“ဘာကြောင့်ဆိုတာ မရှင်းပြနိုင်ပေမယ့် အဲ့လို ပုံတွေတင်နေရတာကို ပျော်တယ်။ တစ်နေ့ တစ်နေ့ ဟိုအကြောင်း ဒီအကြောင်း ခေါင်းစဉ်အမျိုးအမျိုးနဲ့ ဓာတ်ပုံလေးတစ်ပုံတစ်လေလောက်မှ မတင်လိုက်ရရင် နေမထိထိုင်မသာနဲ့။ Like တွေ ထောင်ချီရနေတာကိုလည်း သဘောကျတယ်။ Like မရရင်တော့ စိတ်ညစ်တာပေါ့” ဟု နည်းပညာတက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်သူ မသီတာ (အမည်လွှဲ) ကဆိုသည်။


ဤသည်မှာ လူမှုကွန်ယက်ကို စွဲလမ်းစွာအသုံးပြုလေ့ရှိသူ လူငယ်များ၏ ပုံမှန်အပြုအမူများထဲမှ တစ်ခုသာဖြစ်သည်။ ၎င်းတို့က ဤကဲ့သို့သော ပြုမူမှုများကို ဝါသနာတစ်ခုဟု ဆိုကြသည်။ ယင်းသို့ စားခြင်း အိပ်ခြင်း သွားခြင်း လာခြင်းစသည့် အကြောင်းအရာအမျိုးမျိုး ခေါင်းစဉ်အမျိုးမျိုးတို့ဖြင့် ပို့စ်များ၊ ဓာတ်ပုံများ တင်နေကြခြင်း၊ လူမှုကွန်ယက်ကို အချိန်ပြည့်နီးပါး သုံးစွဲနေကြခြင်းသည် ၎င်းတို့၏ လူမှုဘဝတစ်စိတ်တစ်ဒေသဖြစ်ကြောင်း ဆိုကြသည်။ ယင်းကြောင့်ပင် Social Media Engagement မရှိသည့်အခြေအနေမျိုးဖြစ်သည့် Like များ Comment များ မျှော်လင့်သလို များများစားစားမရခြင်းများ ကြုံရပါက စိတ်ညစ်ကြကြောင်းလည်း ဆိုကြခြင်းဖြစ်သည်။


“လူမှုကွန်ယက်ဝက်ဘ်ဆိုက်တွေကြောင့် လူတွေက တကယ့် ပတ်ဝန်းကျင်နဲ့ ပိုပိုကင်းကွာလာတယ်။ လူမှုကွန်ယက်ပေါ်က ဘဝကိုပဲ တကယ့်ဘဝလို့ ထင်မှတ်မှားလာကြတာမျိုးပေါ့။ Facebook က လူတွေကို အရမ်းလွှမ်းမိုးလာတယ်။ စားလဲ Facebook အိပ်လဲ Facebook နဲ့ တနေကုန် ဖုန်းနဲ့ မျက်နှာမခွာတဲ့သူတွေ သိပ်များလာတယ်။” ဟု အိုင်တီပညာရှင် ကိုသီဟစောကဆိုသည်။


လူမှုကွန်ယက်ကို အလွန်အကျွံ သုံးစွဲမှုမြင့်တက်လာခြင်းမှာ လူငယ်များတွင် ပို၍များကြောင်း ၎င်းကဆိုသည်။ ဗြိတိန် လူထုကျန်းမာရေးဆိုင်ရာ တော်ဝင်အဖွဲ့အစည်းကြီး၏ လေ့လာချက်အရ ၂၀၀၀ ခုနှစ်နောက်ပိုင်းတွင် မွေးဖွားသည့် ကလေးများ၏ လေးပုံတစ်ပုံမှာ တစ်နေ့လျှင် ပျမ်းမျှ အကြိမ် ၁၀၀ ဝန်းကျင်ခန့် မိမိတို့၏ လက်ကိုင်ဖုန်းများကို ကြည့်ရှုကြသည်ဟုဆိုသည်။ ယင်းသို့ကြည့်ရသည့် အဓိကအကြောင်းအရင်းမှာ လူမှုကွန်ယက်ကြောင့်ပင်ဖြစ်သည်။ ထို့အပြင် လူတို့၏ပင်ကို အတ္တစိတ်ကြောင့် သာမာန်လူများတွင်ပင် လူမှုကွန်ယက်၏ စွဲလမ်းမှုက သက်ရောက်သည်။


“တစ်ခါတစ်လေမှာ ကိုယ် ပို့စ်လေးတစ်ခု တင်လိုက်လို့ Like မရရင်တောင် … ‘ဟင် ငါ့ပို့စ် ဘာလို့ Like မရတာလဲ’ ဆိုပြီး စိတ်ထဲ စနိုးစနောင့်နဲ့။ အလွန်အကျွံသုံးတဲ့သူတွေသာဆိုရင် စဉ်းစားသာကြည့်တော့” ဟု ကိုသီဟစောက မှတ်ချက်ပြုသည်။


တစ်ခါတစ်ရံ မိမိတင်ထားသည့် ပို့စ်ကို Like မလုပ်သည့် သူငယ်ချင်းများကို မည်သည့်အတွက်ကြောင့် Like မလုပ်သည်ကို Chat Box မှတဆင့် သွားမေးဘူးကြောင်းလည်း မော်ဒယ်သင်တန်းတက်နေသူ ဇာနည် (အမည်လွှဲ) ကလည်း ဆိုသည်။


“ကိုယ်တင်ထားတဲ့ ပို့စ်ကို Like မလုပ်ကြ Comment မရေးကြတဲ့အခါ လူတွေက ကိုယ့်ကို ဂရုမစိုက်ကြတော့ဘူးလို့ ခံစားရတယ်။ အဲဒါမျိုး အခြေအနေကို သဘောမကျဘူး။” ဟု သူက ဆိုသည်။


ဒီကနေ့ခေတ်တွင် ကမ္ဘာ့ လူဦးရေ၏ ၄ ပုံ ၃ ပုံသော လူများမှာ လူမှုကွန်ယက်အသုံးပြုနေကြပြီး မြန်မာနိုင်ငံရှိ လူဦးရေ ထက်ဝက်ခန့်မှာလည်း အဆိုပါ လူမှုကွန်ယက်အသုံးပြုသူ စာရင်းထဲတွင်ပါဝင်သည်။ အဆိုပါလူများသည် လူမှုကွန်ယက်ပေါ်တွင် ပြီးပြည့်စုံသည့် လူတစ်ယောက်ဟု ထင်မြင်ခံရစေရန် အပြိုင်အဆိုင် အားထုတ်လျက်ရှိကြသည်။ တကယ်တမ်းအားဖြင့်မူ ယင်းသို့ အားထုတ်မှုများသည်ပင်လျင် ၎င်းတို့အတွက် သောကဗျာပါဒပွားစရာ၊ စိတ်ဖိစီးမှုဖြစ်စရာ အကြောင်းအရင်း ဖြစ်လို့နေပြန်သည်။


ဤကဲ့သို့သော Facebook အပါအဝင် လူမှုကွန်ယက်များကို အလွန်အကျွံစွဲလန်းခြင်း သို့မဟုတ် လူမှုကွန်ယက်ပေါ်တွင် ထင်ပေါ်ချင်စိတ်လွန်ကဲခြင်းများသည် ဆိုးရွားသည့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ဆောင်ယူလာတတ်ကြောင်း ဆေးပညာရှင်များက မှတ်ချက်ပြုကြသည်။ ယင်းသို့ စွဲလမ်းစွာအသုံးပြုခြင်း၏ နောက်ကွယ်တွင် စိတ်ပိုင်းဆိုင်ရာပြဿနာများရှိနေတတ်ပြီး ယင်းအခြေအနေကို လွန်၍ အလွန်အကျွံ အထိန်းအချုပ်မဲ့လာသည့်အခြေအနေမျိုးကို “Facebook စွဲလမ်းခြင်းဆိုင်ရာ စိတ်ကစဥ့်ကလျားရောဂါ” ဟု ခေါ်သည်။


“Facebook စွဲလမ်းခြင်းဆိုင်ရာ စိတ်ကစဥ့်ကလျားရောဂါ” စတင်လာပြီဆိုပါက Facebook အလွန်အကျွံသုံးစွဲရာမှ တကယ့်လူမှုဘဝကို လျစ်လျူရှုလာခြင်း၊ လူမှုကွန်ယက်က အတွင်းစိတ်သဏ္ဍာန်ကို အကြီးအကျယ်လွှမ်းမိုးထားခြင်း၊ အစစ်အမှန် ဘဝကို ငြင်းပယ်၍ စိတ်ကူးယဉ်ကမ္ဘာနယ်ကို လွတ်မြောက်မှုဟု ထင်ယောင်ထင်မှားဖြစ်လာခြင်း၊ ယင်းအခြေအနေများကို အခြေပြုပြီး လက်တွေ့ဘဝကိုပြင်ဆင်လိုစိတ်ပြင်းထန်လာခြင်း၊ လူမှုဆက်ဆံရေးတွင် သည်းခံလိုစိတ်လျော့နည်းလာပြီး လက်ရှိမူမမှန်သည့် အခြေအနေကို ဖုံးကွယ်ရန် အလွန်အကျွံကြိုးပမ်းလာခြင်းများ ပြုမူလာတတ်သည်။ အဆိုပါ ရောဂါလက္ခဏာများ ဖြစ်လာပြီးနောက်ပိုင်းတွင် စိတ်ဖိစီးမှုများခြင်းနှင့် စိတ်ကျဝေဒနာတို့ ခံစားလာရပြီး နောက်ဆက်တွဲအနေဖြင့် စိတ်ချို့ယွင်းမှုရောဂါရသည်အထိ ဖြစ်နိုင်သည်။


ယင်းအခြေအနေမျိုးတွင် စိတ်ဒါဏ်ရာရှိသူများ၊ အထီးကျန်နေသူများ၊ ပင်ကို အတ္တကြီးသူများ၊ စိတ်ဖိစီးမှုဒါဏ်ခံစားနေရသူများ၊ ပတ်ဝန်းကျင်နှင့် သဟဇာတမဖြစ်သူများအနေဖြင့် ပိုမိုစွဲလမ်းလွယ်လာတတ်သည်။ ၎င်းတို့၏ အထီးကျန်မှုများကို ဖြေဖျောက်ရန် လူမှုကွန်ယက်ကို အဓိကထွက်ပေါက်အဖြစ် အသုံးချလာသည်။ သို့သော်လည်း တကယ့်ပတ်ဝန်းကျင်နှင့်ပိုဝေးကွာသွားခြင်းကိုသာ ပြန်လည်ရရှိပြီး မမျှော်လင့်ထားသော ဘေးထွက်ဆိုးကျိုးများသာ ရင်ဆိုင်လာရတော့သည်။


“သေချာတာကတော့ ကျွန်တော်တို့ အရင်လို သူငယ်ချင်းတွေစုပြီး ညနေဘက် လက်ရည်ဆိုင်မထိုင်ဖြစ်ကြတော့ဘူး။ အကြောင်းကိစ္စတစ်ခုခုရှိရင်တောင်မှ Group Chat လောက်နဲ့ပဲ စကားပြောတေ့တယ်။ လူချင်းတွေ့ဖြစ်ဖို့ဆိုတာမျိုးက သေသေချာချာချိန်းပြီး မနည်းလူစုယူနေရတယ်။ အားလံးက တခုခုဆို Facebook ဒါမှမဟုတ် Mobile Legends ကစားရင်းနဲ့ပဲ ပြောကြဆိုကြတော့တယ်။” ဟု ကိုသီဟစောက ယနေ့လူငယ်များ၏ အခြေအနေကို ပြောပြသည်။


ပြီးခဲ့သည့် ၁၈ လတာကာလအတွင်းမှာ အင်္ဂလန်နိုင်ငံ ဘရစ္စတိုးလ်တက္ကသိုလ်တစ်ခုတည်းမှာပင် မိမိကိုယ်ကို အဆုံးစီရင်သွားသည့် ကျောင်းသားအရေအတွက် ၇ ဦးအထိရှိခဲ့သည်။ ၇ ဦးလုံးမှာ လူမှုကွန်ယက်အလွန်အကျွံစွဲလမ်းနေခြင်းကြောင့်ဖြစ်ကြောင်း အဆိုပါတက္ကသိုလ်မှ လက်ထောက်အဓိပတိဖြစ်သူ ပါမောက္ခ ဟျူ့ခ်ျ ဘရာဒီက အတည်ပြုခဲ့သည်။ အဆိုပါကျောင်းသားများသည် လူမှုကွန်ယက် အလွန်အကျွံစွဲလမ်းစွာအသုံးပြုမှုကြောင့် ပြင်းထန်သည့်စိတ်ဖိစီးမှုဒါဏ် ခံစားရပြီး အဆုံးစီရင်သွားခဲ့ကြခြင်းဖြစ်သည်။


ဤသို့ ဆိုးရွားလှသည့် အခြေအနေမျိုး မြန်မာနိုင်ငံတွင် ဖြစ်ပွားနေခြင်းရှိမရှိကို သေချာတိစွာလေ့လာထားခြင်းမရှိသေးသောကြောင့် မသိရှိနိုင်သေးသော်လည်း လူမှုကွန်ယက်စွဲလမ်းစွာ အသုံးပြုမှုကြောင့် အဆင်မပြေမှုများကြုံနေရသည်မှာတော့ အမှန်ပင်ဖြစ်ကြောင်း စိတ်ရောဂါကုဆရာဝန် ဒေါ်နုနုရီ ကလည်းဆိုသည်။


“မြန်မာပြည်မှာ အဓိကဖြစ်တဲ့ စိတ်ရောဂါအမျိုးအစားက စိုးရိမ်လွန်ရောဂါပါ။ ဒါက လူမှုကွန်ယက် အလွန်အကျွံသုံးတာကြောင့် ဖြစ်နိုင်ချေရှိတယ်။ Facebook သုံးပြုသူတွေ သတိထားသင့်တဲ့ရောဂါမျိုးပါ။” ဟု သူမကဆိုသည်။


အဓိကအားဖြင့် စိတ်ရောဂါဖြစ်စေသည့် အကြောင်းအရင်း ၃ ချက်ရှိပြီး မျိုးဗီဇ၊ ပတ်ဝန်းကျင်အခြေအနေနှင့် စိတ်အခြေအနေတို့ဖြစ်ကာ လူမှုကွန်ယက်များသည် ပတ်ဝန်းကျင်အခြေအနေတစ်မျိုးပင်ဖြစ်သည်။


တကယ်တမ်းအားဖြင့် လူမှုကွန်ယက်ဆိုသည်မှာ လူအများအကြား ပျော်ရွှင်စေရန်၊ ပိုမိုနီးကပ်ဆက်နွယ်သည့် ပေါင်းသင်းဆက်ဆံရေးတည်ဆောက်ရန် ဖန်တီးထားသည့်အရာဖြစ်သော်လည်း ယခုအခါ ဝန်ထုပ်ဝန်ပိုးတစ်ခုနှင့် ပို၍တူလာကြောင်း အိုင်တီပညာရှင်များကဆိုကြသည်။ လူငယ်များသည် Facebook ၊ Instagram အစရှိသည့် လူမှုကွန်ယက်များပေါ်တွင် လူအများ၏ အထင်ကြီးလေးစားမှုများရရှိစေရန် အချိန်တိုင်း ပျော်ရွှင်နေကြသယောင် ဟန်ဆောင်နေကြရသည်။ ယင်းသည် ၎င်းတို့အတွက် စိတ်ဖိစီးမှုနှင့် အလိုမကျမှုများကိုသာ ဖန်တီးပေးလေသည်။


ထို့ကြောင့်ပင် Facebook မှ သုံးစွဲသူရေးရာဌာန ဒုတိယအကြီးအကဲဟောင်း ချာမက်သ် ပီလီဟာပစ်တီယကိုယ်တိုင်က လူမှုကွန်ယက်များသည် လူတစ်ဦးချင်းစီတွင်ရှိနေသည့် အခြေခံအမူအကျင့်များကို တမြည့်မြည့်တိုက်စားသွားစေသည့်အရာဟု နောင်တတကြီး မှတ်ချက်ပြုခဲ့ဖူးအထိပင်။


လူမှုကွန်ယက်များသည် လူ့အဖွဲ့အစည်းအတွက် အကျိုးပြုမပြုသည် မသီတာတို့လို့ Facebook ဝါသနာအိုးများအတွက် အရေးမပါပါ။ ကျောင်းတွင် ဘယ်သူ့ ပို့စ် ဘယ်သူ့ ဓာတ်ပုံက Like ပိုများများရသည်ကို ဝင့်ကြွားရရေးက ပိုအရေးပါပါသည်။ ထို့ကြောင့် သူတို့ အတွက် အရေးကြီးသည်က Facebook အကောင့်တွင် Like ဘယ်လောက်ရသည် ၊ Follower ဘယ်လောက်များများရှိနေသည်ဆိုသည်သာဖြစ်သည်။


ကျောင်း၊ အိမ်၊ လူမှုရေးကိစ္စရပ်များအကြားတွင် လူမှုကွန်ယက်က ထွက်ပေါက်ဟု သူမကယုံကြည်သည်။ တွေ့ဘဝ၏ ဖိအားများကို လူမှုကွန်ယက်မှတဆင့် ဖြေလျှော့နေသည်ဟု သူမကစွဲမြဲစွာယုံကြည်နေသည်။ သူတို့အတွက် လူမှုကွန်ယက်အသုံးပြုခြင်းသည် တကယ့်ဘဝထက်ပို၍ အရေးပါသည့် တခြားဘဝတစ်ခုဖြစ်နေသည်။


“ဒီအတိုင်းဆိုရင် ကိုယ့်ကို ဘယ်သူမှမသိဘူးလေ။ Facebook မှာကျ ကိုယ့်အကောင့်က Follower ၃ သောင်းလောက်ရှိတယ်။ ကိုယ်ဘာလုပ်လုပ် Like ပေး၊ Comment ပေးမယ့်လူတွေအပြည့်ပဲ။ အဲလိုနေရတာပဲပျော်တယ်။ ဒါကြောင့် စိတ်ဝေဒနာခံစားရမယ်လို့တော့ မထင်ပါဘူး” ဟု ဆိုရင်း မသီတာတစ်ယောက် Facebook ပေါ် ပုံဆက်တင်ရန် ဓာတ်ပုံကိုပြင်နေတော့သည်။



The Voice Weekly

Vol.14/No.8



Comments


Featured Review
Tag Cloud

© 2023 by The Book Lover. Proudly created with Wix.com

  • Grey Facebook Icon
  • Grey Twitter Icon
  • Grey Google+ Icon
bottom of page