top of page

အနာဂတ်ကိုချိန်းခြောက်နေသော e-Waste အမှိုက်များ

  • မောင်မိုးဇွန်
  • Dec 19, 2017
  • 2 min read

“စာဖတ်သူတို့ရဲ့ အိမ်မှာ မိသားစုဝင်အားလုံးကိုင်ဆောင်သုံးစွဲနေတဲ့ လက်ကိုင်မိုဘိုင်းဖုန်း ဘယ်နှစ်လုံးရှိပါသလဲ။” ၂၀၁၆ ခုနှစ်ကို အခြေခံတွက်ချက်ထားတဲ့ Forbes မဂ္ဂဇင်းရဲ့ အလိုအရတော့ ကမ္ဘာပေါ်မှာ မိုဘိုင်းဖုန်း သန်း ၇၀၀၀ လောက်ရှိပြီးတော့ လူဦးရေ သန်း ၅၀ ကျော်နေထိုင်တဲ့ မြန်မာနိုင်ငံမှာတော့ လက်ကိုင်မိုဘိုင်းဖုန်း အရေအတွက် ၄၅ သန်းကျော်လောက် ရှိနေပါတယ်တဲ့။ အဲ့ထဲကမှ ၂၇ သန်းလောက်က စမတ်ဖုန်းတွေပါတဲ့။ မြန်မာနိုင်ငံသားတွေဟာ ပျမ်းမျှ လူတစ်ဦးကို ဖုန်းတစ်လုံးနီးပါး ကိုင်ဆောင်သုံးစွဲနေကြတယ်ဆိုတဲ့ သဘောလို့ ဆိုရပါမယ်။




“၂၀၁၃ ခုနှစ် မိုဘိုင်းဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးပြုလုပ်ပြီး ချိန်ကနေစတင်ပြီး တွက်ရေမယ်ဆိုရင် စာဖတ်သူတစ်ယောက်ဟာ လက်ကိုင်မိုဘိုင်းဖုန်း ဘယ်နှစ်လုံးများ ကိုင်ဆောင် သုံးစွဲခဲ့ပြီးပါပြီလဲ။” ဖုန်းတစ်လုံးကို တစ်နှစ်ခွဲနှုန်းနဲ့ ပျမ်းမျှတွက်ချက်မယ်ဆိုရင်တောင်မှ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ ၄ နှစ်တာကာလအတွင်း မြန်မာနိုင်ငံသား လူတစ်ယောက်ဟာ အနည်းဆုံး ဖုန်းအမျိုးအစား ၂ မျိုးလောက်ကို သုံးစွဲဖြစ်ခဲ့ကြမှာပါ။


အထက်ဖော်ပြပါ မေးခွန်း ၂ ခုကို ဖြေဆိုပြီးတဲ့အခါမှာ စာဖတ်သူတို့ကို အရမ်းအရေးကြီးတဲ့ မေးခွန်းတစ်ခု ထပ်ပြီးမေးမြန်းလိုပါတယ်။ အဲဒါကတော့ “အသုံးမပြုဖြစ်တော့တဲ့ မိုဘိုင်းဖုန်းတွေကို ဘယ်ပုံဘယ်နည်း စွန့်ပစ်လိုက်ကြပါသလဲ” ဆိုတာပါပဲ။ မိတ်ဆွေတို့အနေနဲ့ မိမိတို့ရဲ့ လက်ထဲမှာရှိနေတဲ့ မိုဘိုင်းဖုန်းတွေကို ခဏထားပြီး အရင်တုန်းကသုံးခဲ့တဲ့ တီဗွီအဟောင်းတွေ၊ ကွန်ပျူတာမော်နီတာအဟောင်းတွေ၊ ဖုန်းအဟောင်းတွေ၊ ကက်ဆက်တွေ စတဲ့ လျှပ်စစ်ပစ္စည်းတွေ ဘယ်ရောက် ကုန်ပါသလဲ။ ဘယ်လို စွန့်ပစ်လိုက်ကြပါသလဲ။ ဒီအရာတွေက ပတ်ဝန်းကျင်ကို အကျိုးပြုသလား၊ ဒုက္ခပေးသလားဆိုတာ တွေးတောမိဖူးပါသလား။


အဲ့ဒီလိုမျိုး အီလက်ထရွန်နစ် လူသုံးကုန် စွန့်ပစ်ပစ္စည်းတွေကို e-waste လို့ ခေါ်ပါတယ်။ ဥပမာတစ်ခုပြောရရင် မြန်မာနိုင်ငံထက် ဆယ်စုနှစ် တစ်ခုစွန်းစွန်းလောက်စောပြီး ၂၀၀၁ ခုနှစ်မှာ မိုဘိုင်းဆက်သွယ်ရေးကွန်ယက် စတင်မိတ်ဆက်ခဲ့တဲ့ အာဖရိကတိုက်က နိုင်ဂျီးရီးယားဟာ ၂၀၀၁ ခုနှစ်က Tele-density က (၁%) သာရှိရာကနေ ၂၀၀၆ ခုနှစ်မှာတော့ ၂၅% အထိ တိုးပွားလာပါတယ်တဲ့။ ၂၀၁၅ ခုနှစ်မှာတော့ ၉၈% အထိရောက်ရှိလာပါတယ်တဲ့။ ဒီအပေါ်မှာ စနစ်တကျသုတေသနလုပ်တဲ့အခါမှာ ၁ နှစ်ကို ဖုန်း အလုံးရေ ၃ သန်းနဲ့လောက် e-waste အမှိုက်အဖြစ် ထွက်ရှိလာတာကို တွေ့ရပါတယ်တဲ့။


အဲဒီ ဖုန်း အလုံးရေ (၃)သန်းဟာ ခန့်မှန်းအလေးချိန် တန် ၃၂၀၀ ရှိနိုင်ပြီးတော့ ပလပ်စတစ် စွန့်ပစ်ပစ္စည်းက တန် ၁၈၀၀ ၊ ခဲ က ၁၅ တန် ၊ ကြေးက ၁၂၄ တန်ထွက်နိုင်ပါသတဲ့။ ဒီထဲမှာ မိုဘိုင်းဖုန်းအမှိုက်ကတော့ အမြန်ဆုံးတိုးလာနေတဲ့ အမှိုက်ပါပဲ။ မိုဘိုင်းဖုန်းနဲ့ တခြား လျှပ်စစ်ပစ္စည်းတွေမှာ ရွှေ၊ ငွေ အစရှိတဲ့ တန်ဖိုးရှိတဲ့ ဓာတ်သတ္တု တွေ ပါဝင်နေပါတယ်။ ဒါ့အပြင် မိုဘိုင်းဖုန်း အလုံးပေါင်း တစ်သန်းကို Recycle လုပ်ရင် ပျမ်းမျှ သွပ်က ၃၅,၂၇၄ ပေါင်၊ ငွေက ၇၇၂ ပေါင်၊ ရွှေက ၇၅ ပေါင်၊ ပါလာဒီယမ်က ၃၃ ပေါင်ပြန်ထွက်လာပါဦးမယ်။ ဒါတွေဟာ သုတေသနပြုချက်ကထွက်ရှိလာတဲ့ အဖြေတွေဖြစ်ပေမယ့် တကယ့်လက်တွေမှာတော့ စနစ်တကျကိုင်တွယ် ထိန်းသိမ်းနိုင်စွမ်းမရှိတာကြောင့် ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေ ထင်ထင်ရှားရှား ကြုံတွေ့နေရပါတော့တယ်။


တစ်ကမ္ဘာလုံး အတိုင်းအတာအနေနဲ့ ပြောရမယ်ဆိုရင်တော့ e-waste တွေဟာ တစ်နှစ်ကို ပျမ်းမျှ မက်ထရစ်တန် သန်း ၂၀ ကနေ သန်း ၅၀ လောက်အထိထွက်ရှိနေပြီတော့ ဒါဟာ တစ်ကမ္ဘာလုံးကစွန့်ပစ်တဲ့ အစိုင်အခဲအမှိုက်စုစုပေါင်းရဲ့ ၅% လောက်ပမာဏဖြစ်ပါတယ်။ အများဆုံးထွက်ရှိတဲ့ နိုင်ငံကတော့ တရုတ်နဲ့ အမေရိကဖြစ်ပါတယ်။


ဒါ့အပြင် တစ်ကမ္ဘာလုံးမှာ E-waste ထွက်ရှိမှုကလည်း နှစ်စဉ် ၁၁% ရာခိုင်နှုန်း လောက် ပုံမှန်တိုးတက်နေပါသေးတယ်။ ဒါကတော့ အီဂျစ်က ပိရမစ်ကြီး ၃ ခုစာ လောက်ရဲ့ အလေးချိန်နဲ့ ညီမျှတဲ့ ပမာဏပါပဲ။ ကမ္ဘာပေါ်မှာ လူတစ်ဦးကို ပျမ်းမျှ e-waste ၇ ကီလိုဂရမ် စွန့်ပစ်နေတယ်ဆိုတဲ့ သဘောပါ။


နိုက်ဂျီရီးယား ဆက်သွယ်ရေး လုပ်ငန်းရဲ့ e-waste ပြဿနာကိုအခြေခံပြီး ဆက်စပ်တွေးမိတာက မြန်မာပြည် ဆက်သွယ်ရေးကဏ္ဍရဲ့ အရှိန်အဟုန်ပြင်းပြင်း ဖွံ့ထွားလာမှုနဲ့ ပြည်တွင်းက အမှိုက်သိမ်းစနစ်တွေရဲ့ အဆပ်အစပ်ပါပဲ။ လက်ရှိသုံးစွဲနေတဲ့ မိုဘိုင်းဟန်းဆက်တွေရဲ့ Toxicity components တွေကြောင့် ဖြစ်လာနိုင်တဲ့ အဆိပ်သင့်မှုတွေကို ကာကွယ်ဖို့ Toxic materials တွေကို စနစ်တကျစွန့်ပစ်နိုင်မယ့် နည်းလမ်းတွေ စနစ်တွေ မြန်မာပြည်မှာ မရှိသေးပါဘူး။


ပြီးခဲ့တဲ့ ဆယ်စုနှစ်ကအထိ e-waste တွေက ဒီလောက်အထိ မပေါများသေးတဲ့အတွက် စွန့်ပစ်တဲ့နေရာမှာ ပြဿနာမကြီးလှပါဘူး။ ဒါပေမဲ့ ဒီနှစ်အနည်းကယ် အတွင်းမှာပဲ e-waste လို့ အတိုကောက်ခေါ်ကြတဲ့ အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်း အမှိုက်တွေရဲ့ပြဿနာက အတော့်ကို ကြီးလာနေပါပြီ။ ၀ယ်အား၊ သွင်းအားများလွန်းလာပေမယ့် သူတို့ကို စွန့်ပစ်ရာမှာ စနစ်တကျ ပြန်လည် အသုံးချပြီး သဘာ၀၀န်းကျင်နဲ့ သက်ရှိတွေကို အန္တရာယ်ကင်းအောင် မလုပ်နိုင်ကြပါဘူး။


၂၀၁၃ ခုနှစ်မှာ မိုဘိုင်းဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံအတွင်းမှာ ဆက်သွယ်ရေးနဲ့ နည်းပညာကဏ္ဍဟာ အရှိန်အဟုန် ကောင်းကောင်းနဲ့ ပြောင်းလဲလာခဲ့ပါတယ်။ အဲ့သည်နောက်ပိုင်းမှာ လူအများလက်လှမ်းမှီတဲ့ ဈေးနှုန်းတွေနဲ့ ဝင်ရောက်လာတဲ့ နည်းပညာ လူသုံးကုန်ပစ္စည်းတွေပေါများလာတာကြောင့်လဲ ကျေးလက်ဒေသတွေအထိ နည်းပညာနဲ့ ပိုမိုနီးစပ်လာကြပါတယ်။


နည်းပညာထုတ်ကုန်တွေကို လက်လှမ်းမှီလာတာနဲ့အမျှ နည်းပညာစွန့်ပစ်ပစ္စည်းတွေကိုလည်း အရင်ကထက်ပိုမိုစွန့်ပစ်ဖြစ်လာပါတော့တယ်။ မြို့ပေါ်ဒေသတွေမှာတော့ မိုဘိုင်းဖုန်းအပါအဝင် အီလက်ထရွန်နစ်ပစ္စည်းအဟောင်းတွေဟာ အဟောင်းဆိုင်တွေမှာ သွားစုနေတတ်ပြီးတော့ အဲဒီဆိုက်တွေကနေတဆင့် လုံးဝသုံးမရတဲ့ ပစ္စည်းအစအနတွေဖြစ်တဲ့အထိ ခွဲခြမ်းစိတ်ဖြာခြင်းခံရပါတယ်။


မြို့ပေါ်ဒေသတွေမှာ အဟောင်းဆိုင်တွေကြောင့် e-waste တွေကို အတန်အသင့် ထိန်းချုပ်နိုင်ပေမယ့် ကျေးလက်ဒေသတွေနဲ့ ဝေးလံသီခေါင်တဲ့အရပ်တွေမှာတော့ ဒီလို e-waste တွေ ဘယ်လိုစွန့်ပစ်ပြီး ဒီစွန့်ပစ်ပစ္စည်းတွေကြောင့်ဖြစ်လာနိုင်တဲ့ ကျန်းမာရေးနဲ့ သဘာဝပါတ်ဝန်းကျင် ထိခိုက်လာနိုင်မှုတွေရှိတယ်ဆိုတာကို လူတိုင်းနည်းပါးမသိရှိကြပါဘူး။ ဒါဟာ အန္တရာယ်များတဲ့ အခြေအနေဖြစ်ပါတယ်။ ဒါတွေကို စနစ်တကျကိုင်တွယ်ဖို့ မြန်မာနိုင်ငံမှာ waste management policy လည်း မထွက်ရှိသေးပါဘူး။


လက်ရှိ ရန်ကုန်မှာ အမှိုက်စွန့်ပစ်ပစ္စည်းတွေကနေ လျှပ်စစ်ဓာတ်အားပြန်လည်ထုတ်လုပ်တဲ့ စက်ရုံ ၂ ရုံ တည်ဆောက်ထားပေမယ့် တီဗီ၊ မော်နီတာ၊ မိုဘိုင်းဖုန်း၊ အဲယားကွန်း၊ ရေခဲသေတ္တာအဟောင်းတွေဖြစ်တဲ့ e-waste ကို ပြန်လည်သန့်စင်အသုံးပြုတဲ့ စက်ရုံမျိုးတော့မရှိသေးပါဘူး။


၂၀၁၂ ခုနှစ် ကုလသမဂ္ဂရဲ့ အစီရင်ခံစာတွေအရ မြန်မာနိုင်ငံရဲ့ ထွက်ရှိမှုပမာဏက ၅၂.၆ မက်ထရစ်တန်ရှိခဲ့ပါတယ်။ ဒါပေမယ့် ပြည်တွင်းမှာတော့ ခုချိန်ထိ E-waste နဲ့ ပတ်သတ်တဲ့ တိကျတဲ့ အချက်အလက်တွေ ထုတ်ဖော်နိုင်ခြင်းမရှိတာကလည်း ပြင်ဆင်သင့်တဲ့ အချက်ဖြစ်ပါတယ်။


နိုင်ငံတကာမှာတော့ ပုဂ္ဂလိကကုမ္ပဏီတွေက ဒီအမှိုက်မျိုးတွေကို လက်ခံနေပြီး အဲဒီအထဲက သုံးလို့ရတဲ့ ဓာတ်သတ္တုတွေပြန်ထုတ်၊ ကျန်တဲ့အမှိုက်တွေကို စနစ်တကျစွန့်ပစ်တာမျိုးတွေ ပြန်လည်လုပ်ကိုင်ကြပါတယ်။ အဲလိုလုပ်ကိုင်တဲ့နေရာမှာတောင်မှ စနစ်မကျတာ၊ ငွေကုန်ကြေးကျမှုများတာတွေကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံတွေက ဒေသခံလူထုတွေက ဆန့်ကျင်မှုတွေရှိနေပါတယ်။ အဓိကအားဖြင့် သဘာ၀၀န်းကျင်ကို အင်မတန်ထိခိုက်စေတာကြောင့် ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ဒီပြဿနာရဲ့ အတိမ်အနက်ကို ဖွံ့ဖြိုးဆဲ နိုင်ငံတချို့လောက်ကပဲ စောကြောနိုင် ကြပါသေးတယ်။ ခုချိန်ထိ ကြုံသလိုစွန့်ပစ်နေရဆဲဖြစ်တဲ့ မြန်မာနိုင်ငံဟာလည်း ဒီပြဿနာရဲ့ အတိမ်အနက်ကို မတွေးနိုင်သေးတဲ့ ပုံပါပဲ။


မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံအများစုရဲ့ e-waste ပစ္စည်း ၈၀ ကနေ ၈၅ % ဟာ သာမန်အမှိုက်ပုံ ဒါမှမဟုတ် အမှိုက်မီးရှို့တဲ့ စက်တွေ မှာပဲ အဆုံးသတ်နေတဲ့အတွက် အဆိပ်ငွေ့တွေ လေထုထဲရောက် နေပါတယ်။ ဥပမာအားဖြင့် အမေရိကန်နိုင်ငံက အမှိုက်စုစုပေါင်းရဲ့ ၂ ရာခိုင်နှုန်းကသာ e-waste တွေ ဖြစ်ပေမယ့် အမှိုက်ကြောင့်ဖြစ်ပေါ်တဲ့ အဆိပ် ၇၀ ရာခိုင်နှုန်းလောက်က အဲ့ပမာဏလေးကနေထွက်ရှိတာပါ။ E-waste တွေထဲက ခဲ ဓာတ်တစ်ခုတည်းကတောင် လူနဲ့ သတ္တ၀ါတွေရဲ့ အာရုံကြော၊ သွေးနဲ့ ကျောက်ကပ်ကို ဖျက်ဆီးနိုင်ပါတယ်။


e-waste က ထွက်တဲ့ အရည်တွေ၊ အမှုန်တွေ၊ ဓာတ်တွေက သောက်သုံးရေတွေထဲကိုဝင်နိုင်သလို၊ မီးရှို့လို့ ထွက်တဲ့ အဆိပ်ငွေ့က လူနဲ့ သတ္တ၀ါတွေရဲ့ အသက်ရှူလမ်းကြောင်း ထဲကိုဝင်နိုင်ပြီး ဆိုးရွားတဲ့ကျန်းမာရေးထိခိုက်မှုတွေဖြစ်စေနိုင်ပါတယ်။ ဒါတွေကို စနစ်တကျပြန်ပြီး အသုံးမချနိုင်သေးရင်တော့ လာမယ့် ဆယ်စုနှစ်မှာ e-waste ပြဿနာဟာ မြန်မာပြည်လို နည်းပညားထုတ်ကုန်တွေ ဗုံးဗောလအော အသုံးပြုလာနေတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအတွက် ကြီးမားတဲ့ ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတစ်ရပ် ဖြစ်လာပါလိမ့်မယ်။


E-waste တွေကို Recycle စနစ်တကျလုပ်ဖို့ စနစ်ကျတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ဥပဒေအားနည်းတဲ့အတွက် အာရှနဲ့ အာဖရိက ဒေသတွေမှာ ရေ၊ မြေ၊ လေထုနဲ့ သက်ရှိ တွေ အဆိပ်သင့်ကြမှုတွေ ကြီးကြီးမားမားဖြစ်ပွားနေတာဟာ ထင်ရှားတဲ့ ဥပမာဖြစ်ပါတယ်။ နည်းပညာဖွံ့ဖြိုးလာခြင်းနဲ့အတူ e-waste ထွက်ရှိမှုပမာဏ အရှိန်အဟုန်နဲ့ မြင့်တက်လာနေတဲ့ မြန်မာနိုင်ငံအနေနဲ့ ဒါတွေကို စောလျှင်စွာ ဥပမာယူပြင်ဆင်ထားဖို့လိုအပ်ပါတယ်လို့ အကြံပေးပါရစေ။


Mobile Guide Journal/Vol.4_No.34

18 Dec 2017



Comments


Featured Review
Tag Cloud

© 2023 by The Book Lover. Proudly created with Wix.com

  • Grey Facebook Icon
  • Grey Twitter Icon
  • Grey Google+ Icon
bottom of page