top of page

သင့်ဖုန်းက သင့်ကို ဖျားနာစေပြီလား

  • မောင်မိုးဇွန်
  • Feb 26, 2018
  • 2 min read

သင့်ဖုန်းက သင့်ကို နာဖျားစေဖို့ တစ်စိတ်တစ်ပိုင်းအားဖြင့် တွန်းအားပေးနေတယ်ဆိုရင် သင်ယုံနိုင်ပါ့မလား။ ဆန်းကြယ်တယ်နော်။ ဒါပေမယ့် သုတေသနပြုလုပ်ချက်တစ်ချို့မှာတော့ မိမိတို့ကိုယ်ပိုင် ကိုင်တွယ်နေတဲ့ ဖုန်းတွေဟာ ဖုန်းကိုင်ဆောင်သူတွေကို နာမကျန်းဖြစ်စေတဲ့ အကျိုးသက်ရောက်မှုတွေရှိနေတယ်လို့ အတိတလင်း ဆိုကြပါတယ်။ အကြောင်းအရင်းကတော့ ဖုန်းတွေဟာ မမြင်နိုင်တဲ့ အညစ်အကြေးတွေနဲ့ ပေပွနေကြလို့ပါတဲ့။




အမှတ်တမဲ့အားဖြင့်ဆိုရင် လူတိုင်းနီးပါးဟာ မိမိတို့ကိုင်တွယ်နေကြတဲ့ လက်ကိုင်ဖုန်းတွေကို လှလှပပဖြစ်အောင် တန်ဆာဆင်ကြ ချယ်သတတ်ကြပါတယ်။ ကာဗာဒီဇိုင်းဆန်းဆန်းလေးတွေ၊ Screen Guard ကောင်းကောင်းတွေ သုံးပြီး အပေါ်ယံအလှအပတွေကို စိတ်ကြိုက် ပြင်ဆင်တတ်ကြတာက လူ့သဘာဝပါပဲ။ တစ်ချို့တွေဆို ကျောက်မျက်ရတနာတွေနဲ့တောင် စီချယ်ကြပါသေးတယ်။


ဒါပေမယ့် လန်ဒန်တက္ကသိုလ်ကတည်ထောင်ထားတဲ့ ကွင်းစ်မေရီအခြေစိုက် လန်ဒန် တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် အပူပိုင်းဒေသဆေးဝါးလေ့လာရေးကျောင်း (London School of Hygiene and Tropical Medicine) က လေ့လာချက်တွေအရဆိုရင် ဖုန်း ၆ လုံးမှာ ၁ လုံးဟာ မသန့်ရှင်းတဲ့ အညစ်အကြေးတွေ ကပ်ညိနေတယ်လို့ဆိုပါတယ်။ ဆိုလိုတာက ကမ္ဘာပေါ်မှာရှိတဲ့ ဖုန်းအားလုံးရဲ့ ၁၆% မှာ ရောဂါပိုးမျိုးစုံ ကပ်ညိနိုင်တဲ့ အညစ်အကြေးတွေ ကပ်တွယ်နေတယ်ဆိုတဲ့သဘော။


ဒါဟာဖြစ်နိုင်ပါ့မလား။ အိမ်သာကျင်းထဲ ဖုန်းပြုတ်ကျနေတာမှမဟုတ်တာလို့ လူတချို့က စောဒကတက်ချင်တက်ကြပါလိမ့်မယ်။ ဒါပေမယ့် ယနေ့ ကမ္ဘာပေါ်က လူအများစုကတော့ အိမ်သာဝင်တိုင်း ဖုန်းကိုပါ တပါတည်းယူဆောင်သွားတတ်ကြပါတယ်။ ချစ်သူရည်းစားနဲ့ချိန်းပြီးဆိုလည်း ဖုန်းပါတယ်၊ သူငယ်ချင်းတွေနဲ့ စားကြသောက်ကြတဲ့အခါလည်း ဖုန်းပါတယ်၊ စာသင်ခန်းထဲဆိုလည်း ဖုန်းတကိုင်ကိုင်၊ အိမ်မှာ မိသားစုနဲ့ ထမင်းစားကြတဲ့အခါလည်း ဖုန်းလေးက ဘေးနားမှာ။ ကုန်ကုန်ပြောရရင် လူတစ်ယောက်ဟာ တစ်နေ့ကို ပျမ်းမျှ ဖုန်းကို အကြိမ်အရေအတွက် ၂၆၀၀ ဝန်းကျင် ထိတွေ့မိတတ်ပါတယ်။ အဲဒီလို နေရာမျိုးစုံကို ယူသွားလေ့ရှိပြီး အမြဲတမ်းနီးပါးထိတွေ့နေရတဲ့ဖုန်းကို အိမ်သာခန်းထဲကိုလည်း ယူသွားတတ်ကြတော့ အညစ်အကြေးတွေ ကပ်ညိတာ မဆန်းလှပါဘူး။ အိမ်သာထဲကို ဖုန်းယူသွားတာက ကျန်းမာရေးရှုထောင့်ကနေကြည့်ရင် အလွန်အင်မတန်ကိုဆိုးရွားလှတဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။


စစ်တမ်းတွေအရတော့ သြစတေးလျနိုင်ငံမှာ အိမ်သာတက်ရင်း ဖုန်းသုံးတဲ့နှုန်းက ၄၁ ရာခိုင်နှုန်း၊ အမေရိကန်မှာဆို ၇၅ ရာခိုင်နှုန်းအထိရှိနေပြီးတော့ မြန်မာနိုင်ငံမှာလည်း အဲဒီနှုန်းထားထက် မနိမ့်ဘူးလို့ ခန့်မှန်းလို့ရနိုင်ပါတယ်။ အိမ်သာတက်နေတုန်းမှာ ဖုန်းနဲ့ Facebook သုံးတယ်၊ Chatting ထိုင်တယ်၊ Email ပို့တယ်၊ ဗီဒီယိုကြည့်တယ် စသဖြင့်ပေါ့။ သိထားရမှာက အိမ်သာထဲမှာဆိုရင် ရေတွေ၊ လေမှုန်တွေက ဖုန်းကာဗာတွေထဲမှာ ခိုအောင်းနေနိုင်တယ်၊ ပြီးတော့လည်း ဖုန်းကာဗာအများစုက ရာဘာ ဒါမှမဟုတ် ဆီလီကွန်သားတွေနဲ့ ပြုလုပ်ထားတတ်တာမို့ ဘတ်တီးရီးယားတွေအတွက် နတ်ဘုံနတ်နန်းတစ်ခုလို ဖြစ်နေတတ်တာကိုလည်း မမေ့သင့်ပါဘူး။


လန်ဒန် တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် အပူပိုင်းဒေသဆေးဝါးလေ့လာရေးကျောင်းရဲ့ လေ့လာချက်အရတော့ အိမ်သာတက်ပြီးတိုင်း လက်ကို ဆေးကျောတယ်လို့ ဖြေဆိုသူ ၉၅% ရှိပါတယ်။ ဘယ်လောက်ပမာဏက လိမ်ပြောတယ်ဆိုတာ မသိနိုင်ဘူးလို့ အဲ့စစ်တမ်းမှာကိုက အတိတလင်း ဖော်ပြထားတယ်။ နောက်ပြီး တကယ်လို့ လက်ဆေးတယ်ဆိုရင်တောင်မှ ဒီအတိုင်းရေဆေးရုံသက်သက်လုပ်တာလား၊ ဆပ်ပြာနဲ့ စင်ကျယ်အောင်ဆေးတာလားဆိုတဲ့ အပေါ်မူတည်ပြီး လက်မှာ အညစ်အကျေးကပ်ညိမှုပမာဏက ကွာခြားဦးမှာဖြစ်ပါတယ်။ အဲလိုကပ်ညိလာမယ့် အညစ်အကြေးတွေဟာ ကိုယ်ကိုင်တွယ်နေတဲ့ မိုဘိုင်းဖုန်းတွေကိုပါ ဆက်လက်တွယ်ညိတော့မှာကတော့ အသေအချာပါပဲ။


နောက်ထပ်လေ့လာချက်တစ်ခုဖြစ်တဲ့ Annals of Clinical Microbiology and Antimicrobials ဆေးမှတ်တမ်းတွေအရ ကျန်းမာရေးဝန်ထမ်း ၉၅% ရဲ့ မိုဘိုင်းဖုန်းတွေမှာ ရောဂါပိုး ဘက်တီးရီယားတွေ ကပ်ညိနေပြီးတော့ အဲထဲကမှ တစ်ချို့က ရောဂါကူးစက်ဖို့ အလားအလာရှိနေတယ်လို့ ဖော်ပြထားပါတယ်။ အရီဇိုးနားတက္ကသိုလ်က သုတေသနပညာရှင်တွေရဲ့ သုတေသနာပြုလုပ်ချက်တွေမှာတော့ လူတွေကိုင်ဆောင်အသုံးပြုနေတဲ့ မိုဘိုင်းဖုန်းတွေမှာ ကပ်ညိနေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားပမာဏဟာ အိမ်သာရေကမုတ်ထဲက ဘက်တီးရီးယားပမာဏထက် ၁၀ ဆ ပိုများတယ်လို့ ဖော်ပြထားပါတယ်။


အိမ်သာထဲက ဆယ်မွန်နီလာဘတ်တီးရီးယား (Salmonella) ၊ အီကိုလီဘတ်တီးရီးယား (E.coli) ၊ ရှီဂယ်လာဘတ်တီးရီးယား (Shigella) နဲ့ ကန်ပိုင်လိုဘတ်စ်တာဘတ်တီးရီးယား (Campylobacter) ပိုးတွေက လူတွေကို ဖျားနာစေတယ်။ နောက်ထပ် ဂတ်စ်ထရို (Gastro) နဲ့ စတပ် (Staph) ဗိုင်းရပ်ပိုးတွေကလည်း ဖုန်းမှာ အလွယ်တကူကပ်ညိနိုင်ဆုံး ဘက်တီးရီးယားတွေဖြစ်ပါတယ်။ အိမ်သာရေချိုးခန်းဝင်ခြင်းအမှုကြောင့်အပြင် လူတွေက တခြားနည်းလမ်းတွေပုံသဏ္ဍာန်အမျိုးမျိုးနဲ့လဲ ဖုန်းတွေကို ညစ်ပတ်စေပါသေးတယ်။


နောက်ပြီးတော့ လူတွေက အစာစားနေချိန်တွေမှာလဲ ဖုန်းလာလို့ ကောက်ကိုင်တာပဲဖြစ်ဖြစ်၊ Facebook ဖွင့်ကြည့်တာပဲဖြစ်ဖြစ် အကြောင်းတခုခုကြောင့် ဖုန်းကိုတော့သုံးဖြစ်ပါတယ်။ အဲဒီမှာပဲ အကြောင်းအမျိုးမျိုးကြောင့် မိမိဖုန်းမှာကပ်ညိပါလာတဲ့ ဗိုင်းရပ်တွေ၊ ဘတ်တီးရီးယားတွေက ပါးစပ်နဲ့ အစာထဲကနေတဆင့် ဝမ်းဗိုက်ထဲကို ဝင်ကုန်တာပါပဲ။ ဘာတွေဖြစ်လာမလဲဆိုရင် လူဟာ ပျို့အန်လာတယ်၊ ဖျားနာလာတယ်၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ရုံမက ဗိုက်နာတာတွေလည်း ဖြစ်လာတတ်ပါတယ်။


ဒါ့အပြင် တုပ်ကွေးလိုရောဂါပိုးမျိုးတွေက ဖုန်းမျက်နှာပြင်ပေါ်မှာ ၂၄ နာရီအထိ ရှင်သန်နိုင်တာကြောင့် တုပ်ကွေးရာသီတွေမှာ တုပ်ကွေးဖြစ်နိုင်ချေက သာမန်ထက် အဆပေါင်းများစွာ ပိုနေပါတယ်။ ခုနောကပိုင်းနှစ်တွေမှာ ကမ္ဘာတစ်ဝှမ်း တုပ်ကွေးရောဂါကပ်ဘေး မကြာခနသင့်နေတာဟာ ဖုန်းအသုံးပြုမှုဆိုင်ရာ အမူအကျင့်ဆိုးတွေရဲ့ အကျိုးဆက်တွေကြောင့်လဲ ပါဝင်နေတယ်လို့ ပညာရှင်တွေက ယူဆထားကြပါတယ်။


ဒါကြောင့် ဖြစ်နိုင်ရင် အိမ်သာထဲက ဖုန်းယူမသွားဖြစ်အောင် သတိထားရမှာဖြစ်ပြီးတော့ အစာစားနေတုန်းမှာ ဖုန်းမပြောမိ၊ မသုံးမိစေဖို့လည်း ဂရုစိုက်သင့်ပါတယ်။ ဒီလိုမှ မဟုတ်ရရင်တော့ ဖုန်းတွေကို ပုံမှန် သန့်ရှင်းရေးလုပ်ပေးနေသင့်ပါတယ်။ ဒါဟာ နည်းလမ်းတကျတော့ မဟုတ်ပေမယ့် ကျန်းမာရေး ထိခိုက်နိုင်ချေကိုတော့ အတိုင်းအတာတစ်ခုအားဖြင့် လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့်လည်း ဖုန်းတွေကို ရုပ်ပိုင်းဆိုင်ရာအရ သန့်ရှင်းရေးလုပ်ပေးသင့်တယ်လို့ ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေက အကြံပြုကြတာဖြစ်ပါတယ်။


စမတ်ဖုန်းထုတ်လုပ်ကုမ္ပဏီတွေရဲ့ အကြံပြုချက်တွေအရ alcohol-based sanitizer တွေ၊ household cleaner တွေ၊ Microfiber cleaning cloths တွေ ဒါမှမဟုတ် (ရေစိုခံဖုန်းတွေမှာ) ရေကို အသုံးပြုပြီးကို ဖုန်းကို သန့်ရှင်းပေးလို့ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒါတွေဟာ ဖုန်မှုန့်တွေကိုပဲ သန့်ရှင်းပေးနိုင်တာကိတော့ မမေ့သင့်ပါဘူး။ ဘယ်လို သန့်ရှင်းရေးတွေလုပ်နေပါစေ ဖုန်းကို အိမ်သာတက်ချိန်နဲ့ အစာစားချိန်တိုင်းမှာ အနားမှာထားနေရင်တော့ ကူးစက်ရောဂါတွေဖြစ်လာနိုင်ချေက လျော့ကျသွားမှာမဟုတ်ဘူးလို့ အော်လန်ဒိုကျန်းမာရေးဌာနက ပါမောက္ခ Jamin Brahmbhatt က အကြံပြုထားပါတယ်။


မိုဘိုင်းဆက်သွယ်ရေးစနစ်ဖွံ့ဖြိုးမှုနောက်ကျခဲ့တာကြောင့် မကြာသေးခင်ကမှ စမတ်ဖုန်းတွေ တိုးပွားလာခဲ့တဲ့ မြန်မာပြည်မှာ ဖုန်းအသုံးပြုမှုနဲ့ ကျန်းမာရေးအကျိုးသက်ရောက်မှုတွေ၊ အလေ့အထပိုင်းဆိုင်ရာတွေကို စနစ်တကျ လေ့လာ သုတေသနပြုမှုတွေ နည်းပါးနေပါသေးတယ်။ သေချာလေလ့ာစစ်တမ်းထုတ်ကြမယ်ဆိုရင် မြန်မာပြည်မှာလည်း မှားယွင်းနေတဲ့ ဖုန်းအသုံးပြုမှုအလေ့အထတွေကို မြင်တွေ့ကြရမှာဖြစ်ပါတယ်။


လက်ရှိမိုဘိုင်းဖုန်းအသုံးပြုသူတွေဟာ မိမိတို့ကိုယ်တိုင် မှားယွင်းတဲ့ အသုံးပြုမှုတွေ နားလည်မှုလွဲမှားမှုတွေကြောင့် ဒီလို အလေ့အထဆိုးတွေကို လုပ်မိနေရင်တော့ ရပ်တန့်ဖို လိုအပ်လာနေပါပြီ။ ဒီလိုမှ မဟုတ်ရင်တော့ အညစ်အကြေးတွေ ကပ်ညိနေနိုင်တဲ့ သင်တို့ရဲ့ ဖုန်းတွေက တစ်ချိန်ချိန်မှာ သင်တို့ကို နာမကျန်းဖြစ်အောင် လုပ်လာပါလိမ့်မယ်။


Mobile Guide

28/2/18

Vol.4/No.44

Comments


Featured Review
Tag Cloud

© 2023 by The Book Lover. Proudly created with Wix.com

  • Grey Facebook Icon
  • Grey Twitter Icon
  • Grey Google+ Icon
bottom of page