top of page

ကာဘရီယိုမှ မက်ဟက်တန်သို့ - ၈

  • မောင်မိုးဇွန်
  • Jul 17, 2019
  • 2 min read

'အိမ်ဖြူတော်ကို တရုတ်တွေဝိုင်းထားပြီ'



နယူးယောက်ခ်မှာ ၂ ည နေပြီးတော့ အမေရိကန်ပြည်ထောင်စုရဲ့ မြို့တော်ဖြစ်တဲ့ ဝါရှင်တန် ဒီစီကို ခရီးဆက်ပါတယ်။ နယူးယောက်ခ်မှာ ၂ ည ဆိုပေမယ့်တစ်ညက နယူယောက်ခ်အပြင်ဘက်က အက်ဒီဆင်မှာ နေတာပါ။


အက်ဒီဆင်ဆိုတာ နယူးယောက်ခ်မြို့နဲ့ မလှမ်းမကမ်းမှရှိပေမယ့် နယူးဂျာစီပြည်နယ်ထဲက မြို့လေးတစ်မြို့ဖြစ်ပြီး ဟိုတယ်လည်း တစ်လုံးမှမရှိပါဘူး။ အမေရိကရဲ့ ထုံးစံအတိုင်း အင်းတွေ


ကတော့ မှိုလိုပေါက်လို့နေပါတယ်။ မြို့လေးက အေးအေးဆေးဆေးနဲ့ ဆိတ်ဆိတ်ငြိမ်ငြိမ်ရှိလှပြီးတော့ လူနေအိမ်ခြေလဲကျဲပါးလှပါတယ်။ နယူးယောက်ခ်လို ပွက်လောရိုက်နေတဲ့ မြို့နဲ့ မလှမ်းမကမ်းလေးမှာတင် ဒီလို တောမြို့လေးတစ်မြို့ရှိနေတာ အံ့သြစရာပါ။ နောက်ထပ် အံ့သြစရာက ဒီမြို့မှာ မြန်မာတွေ ရှိတာပါပဲ။


နောက်တစ်နေ့မနက်မှာတော့ ဖီလာဒဲလ်ဖီးယားကို ခရီးဆက်ခဲ့ပါတယ်။ ရှေးဟောင်း ဂရိစကားလုံးတစ်လုံးကို မြို့အမည်အဖြစ် အသုံးပြုထားတဲ့ ဖီလာဒဲလ်ဖီးယားဟာ အမေရိကန် သမိုင်းကြောင်းမှာ အရေးပါတဲ့ မြို့တစ်မြို့ပါ။ အမေရိကန်ပြည်ထောင်စုရဲ့ ၆ ခုမြောက် လူဦးရေအထူထပ်ဆုံးမြို့ဖြစ်သလို ပင်ဆယ်လ်ဗေးနီးယားပြည်နယ်ရဲ့ အကြီးဆုံးမြို့လည်းဖြစ်ပါတယ်။


ဒီမြို့ဟာ ဒီလာဝဲရ် အင်ဒီယန်းတွေရဲ့ မူလဒေသဖြစ်သလို ဗြိတိသျှကိုလိုနီခေတ်ကတည်းက တည်ရှိနေတဲ့ မြို့ဟောင်းတစ်ခုလည်းဖြစ်ပါတယ်။ အင်္ဂလိပ်စာရေးဆရာ ဝီလီယံပန်းက ပင်ဆယ်လ်ဗေးနီးယား ကိုလိုနီဒေသရဲ့ မြို့တစ်မြို့အဖြစ် စတင်တည်ထောင်ခဲ့တာပါ။ အမေရိကန်သမိုင်းမှာ အရေးပါတဲ့ လွတ်လပ်ရေးကြေညာစာတမ်းကို ၁၇၇၆ ခုနှစ်မှာ ကျင်းပတဲ့ ပထမအကြိမ် ကွန်ဂရက်စ်အစည်းအဝေးမှာ လက်မှတ်ရေးထိုးခဲ့တာဖြစ်သလို ၁၇၈၇ မှာ ကျင်းပတဲ့ ဒုတိယအကြိမ် ကွန်ဂရက်စ်အစည်းအဝေးမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ကြေညာခဲ့ပါတယ်။ ဒီနှစ်ခုလုံးကို ဒီမြို့မှာပဲ ပြုလုပ်ခဲ့တာပါ။ ဒါ့အပြင် လွပ်လပ်ရေးအထိမ်းအမှတ် လေဘာတီခေါင်းလောင်းဟာလည်း ဒီမြို့မှာပဲရှိနေတာပါ။



အက်ဒီဆင်ကနေ ဖီလာဒဲဖီးယားကို လာတဲ့လမ်းတစ်လျှောက်ဟာ သာမန်အမေရိကန်ပြည်ထောင်စုက အမြန်လမ်းတွေလိုပဲ စိတ်ဝင်စားစရာ သိပ်မရှိပါဘူး။ ဒါပေမယ့် ဖီလာဒဲလ်ဖီးယားနားရောက်လာချိန်မှာတော့ သမိုင်းဝင် ဟတ်ဆင်မြစ်ကြောင်းနဲ့ အပြိုင်ဖြစ်လာပြီး ရှုခင်းတွေကလှလာပါတယ်။ မြို့ထဲကို စဝင်တာနဲ့ ညီညွတ်မှုနဲ့ မျှတမှုကို ကိုယ်စားပြုထားတဲ့ ဂရာဖီတီပုံတွေကို မြို့ရဲ့ လမ်းမဘေးတွေနဲ့ နံရံတွေမှ မြင်နေရတာက ထူးခြားချက်တစ်ခုပါ။


လွတ်လပ်ရေး ကြေညာစာတမ်းနဲ့ လေဘာတီခေါင်းလောင်းရှိရာ နေရာကို ရောက်ချိန်မှာတော့ မနက် အစောကြီးသာရှိသေးတာမို့ မနက်စာစားစရာဆိုင်တောင် မရှိသေးပါဘူး။ လေ့လာရေးခရီးလာတဲ့ ကျောင်းကားတစ်စီးကလည်း စောနေတာမို့ ကိုယ့်လို ယောင်လည်လည်ဖြစ်နေပါတယ်။ အနီးနားက ပန်းခြံငယ်လေးထဲမှာတော့ မှန်အလုံပိတ်ထားတဲ့ အဆောက်အအုံငယ်လေးတစ်ခုရှိပြီး အထဲမှာ လေဘာတီခေါင်းလောင်းကို ပြသထားပါတယ်။ ပတ်ဝန်းကျင်လေထုနဲ့ ရာသီဥတုဒါဏ်တွေကနေ ကာကွယ်နိုင်ဖို့ ဧည့်သည်တွေကို ပေးမဝင်ပဲ အပြင်ကနေသာ ကြည့်ခွင့်ပေးထားပါတယ်။


နောက်တော့ ဘေးနားက ကိုလိုနီခေတ်လက်ရာ အဆောက်အအုံတစ်ခုထဲမှာ ဖွင့်ထားတဲ့ Food Court ကို ဝင်ပြီး မနက်စာ ကော်ဖီလေးဘာလေးသောက်ပေါ့။ ဖီလာဒဲလ်ဖီယားက ကိုယ်သွားချင်တဲ့ အဓိက နေရာမဟုတ်ဘူး။ ကိုယ်စိတ်ဝင်စားတာက ဝါရှင်တန်မို့ ဝါရှင်တန်ကို နေ့ခင်းမရောက်ခင် ခပ်သုတ်သုတ်သွားရမယ်မဟုတ်လား။ နယူးယောက်ခ်ကနေ ထွက်လာကတည်းက ရာသီဥတုက ခပ်စိမ့်စိမ့်မို့ အအေးကြိုက်တဲ့ ကျွန်တော့်အတွက်တော့ ပျော်စရာခရီးပါ။

ဖီလာဒဲဖီးယားနဲ့ ဝါရှင်တန်က မိုင် ၁၄၀ စွန်းစွန်းပဲ ဝေးတာမို့ ကားနဲ့သွားရင် ၂ နာရီခွဲကျော်ကျော်ပဲ မောင်းရပါတယ်။ ဝါရှင်တန်ရောက်တော့ နေအတော်မြင့်နေပြီဆိုပေမယ့် ရာသီဥတုကတော့ အေးနေဆဲပါ။


ဝါရှင်တန်ရောက်ရောက်ချင်း အရင်ဆုံး ဝင်တာကတော့ ယူအက်စ် ကက်ပီတော်လ်အဆောက်အအုံဆီပါ။ ကက်ပီတော်လ်၊ ဝါရှင်တန်အထိမ်းအမှတ်ကျောက်တိုင်နဲ့ လင်ကွန်းအထိမ်းအမှတ် အဆောက်အအုံတို့က တတန်းတည်း တည်ရှိနေတာဖြစ်ပြီးတော့ အလယ်မှာ နေရှင်နယ် မောလ်ဆိုတဲ့ မြက်ခင်းပြင်ကျယ်ကြီး ရှိပါတယ်။ နေရှင်နယ် မောလ်ရဲ့ ဘယ်ညာ ၂ ဘက်မှာတော့ စမစ်ဆိုနီယမ် လေကြောင်းနှင့် အာကာသပြတိုက်နဲ့ အမျိုးသားမော်ကွန်းတိုက်တို့က မျက်နှာချင်းဆိုင် အနေအထားနဲ့ တည်ရှိနေပါတယ်။ ဝါရှင်တန်မြို့ကို စတည်ခဲ့တဲ့ မြို့ပြအင်ဂျင်နီယာ ပီယာရီ ချားလ်စ် အယ်လ်အန်ဖန့်က ဒီနေရာကို သူ့ရဲ့ မြို့ကွက်မှာ အသေအချာ ဒီဇိုင်းရေးဆွဲပြီး ထည့်ထားခဲ့တာလို့ အဆိုရှိပါတယ်။




ဟိုဝင်ဒီထွက်လုပ်ပြီးတဲ့နောက်မှာ နေရှင်နယ် မောလ်မှာ ခနထိုင်ပြီး နေ့လယ်စာကိုလည်း အဲ့ဒီအနီးနားမှာ ဖွင့်ထားတဲ့ တစ်ခုတည်းသော အသင့်စား အစားအစာအရောင်းဆိုင်လေးကနေ ဟော့ဒေါ့နဲ့ ကော်ဖီမှာပြီး ဗိုက်ဖြည့်လိုက်ရပါတယ်။ အလျား ၁ မိုင်ကျော် ရှည်ပြီး အနံ ပေ ၄၀၀ ဝန်းကျင်ကျယ်တဲ့ ဒီနေရာကြီးတစ်ခုလုံးမှာ စားစရာဒီဆိုင်တစ်ဆိုင်တည်းရှိတာပါ။ ဟိုဟိုဒီဒီငေးရင်း လမ်းဘေးစားသောက်ဆိုင်ပေတဲ့ နယူးယောက်ခ်ကိုတောင် လွမ်းမိပါသေးတယ်။


ဝါရှင်တန်မြို့ထဲ လျှောက်ကြည့်တဲ့အခါ ပြတိုက်တွေချည်းပဲရှိတဲ့ မြို့များလားလို့ ထင်ရလောက်အောင်ကို ပြတိုက်တွေချည်းတန်းစီ မြင်ခဲ့ရပြီး တစ်မြို့လုံးဟာ ထုထည်ကြီးမားပြီး ခန့်ညားတဲ့ အဆောက်အအုံတွေချည်း သီးသန့်ရှိနေတယ်လို့ ထင်မှတ်မှားစရာပါ။


မြို့လယ်ကိုပတ်ကြည့်တော့ ဝါရှင်တန်အထိမ်းအမှတ်ကျောက်တိုင်၊ စမစ်သ်ဆိုနီယမ် လေကြောင်းနဲ့ အာကာသပြတိုက်၊ အမျိုးသားမော်ကွန်းတိုက်၊ အမေရိက အနုပညာပြတိုက်၊ အမေရိကန် အင်ဒီယန်း အမျိုးသားပြတိုက်၊ အာဖရိကန်-အမေရိကန် ပြည်တွင်းစစ် အထိမ်းအမှတ်ပြတိုက်၊ အမေရိကန် တက္ကသိုလ်များပြတိုက်၊ အမျိုးသား အနုပညာပြခန်း၊ စမစ်ဆိုနီယမ် အမေရိကန်သမိုင်းဆိုင်ရာ အမျိုးသားပြတိုက်၊ နိုင်ငံတကာ စပိုင်ပြတိုက်နှင့် ပြခန်းနေရာ၊ ဟစ်ရွှန်း ပြတိုက်နှင့် ပန်းပုဥယျာဉ် (စမစ်ဆိုနီယမ်)၊ အမျိုးသားပထဝီဝင်ဆိုင်ရာပြတိုက်၊ အာဖရိကန် အမေရိကန် သမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ အမျိုးသားပြတိုက်၊ အမျိုးသား ရုက္ခဗေဒဥယျာဉ်၊ အမေရိကန် ပြည်ထောင်စု ဟိုလိုကပ်စ် အထိမ်းအမှတ်ပြတိုက်၊ သဘာဝသမိုင်းဆိုင်ရာ အမျိုးသားပြတိုက်၊ တော်လှန်ရေး၏ သမီးပျိုများ ပြတိုက်၊ ဖို့ဒ် ပြဇာတ်ရုံ အမျိုးသား သမိုင်းဝင် နေရာ၊ အမေရိကန်-ဂျာမန် အမွေအနှစ် ပြတိုက်စသဖြင့် သမိုင်းဝင် အထိမ်းအမှတ်နဲ့ ပြတိုက်နေရာပေါင်း ဆယ်နဲ့ချီရှိနေပါတယ်။ နောက်ပြီး တစ်မြို့လုံးမှာလည်း ထူးထူးခြားခြား ဂျူးတွေ အများအပြားမြင်ခဲ့ရပါတယ်။


ဝါရှင်တန်ဟာ မြို့တော်ပီပီ လမ်းကျယ်ကျယ် သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်နဲ့မို့ တစ်ခါတစ်ခါမှာ ပျင်းစရာကောင်းတယ်လို့တောင်ထင်ရပါတယ်။ ညနေ စောင်းခါနီးမှာတော့ သမ္မတအိမ်ဖြူတော်ဘက်ကို ထွက်လာဖြစ်ခဲ့ပါတယ်။ ခန့်ညားလှတဲ့ အိမ်ဖြူတော်ဟာ ကမ္ဘာလှည့်ခရီးသွားတွေအတွက်တော့ မဖြစ်မနေ လာရောက်လည်ပတ်ကြည့်ရှုစရာ အထင်ကရနေရာတစ်ခုပါ။




တစ်ခုထူးခြားတာက အိမ်ဖြူတော် ခြံဝင်းပတ်ပတ်လည်မှာ လမ်းဘေးဈေးသည်တွေ ပြည့်နှက်နေပြီး အသင့်စားအစားအသောက်ဆိုင် အနည်းငယ်ကလွဲပြီး ကျန်တာက အမှတ်တရပစ္စည်းနဲ့ အင်္ကျီရောင်းနေကြသူတွေဖြစ်ပါတယ်။ အထူးခြားဆုံးကတော့ အမေရိကန်သမ္မတအိမ်ဖြူတော် ပတ်ပတ်လည်မှာ ဈေးလာရောင်းနေကြတဲ့ လမ်းဘေးဈေးသည်တိုင်းက တရုတ်တွေချည်းဖြစ်နေတာပါ။ ဈေးသည်အားလုံးပါပဲ။ စပ်စပ်စုစုရှိလှတဲ့ ကျွန်တော်ကလည်း ဈေးသည်အားလုံးကို ဆိုင်ပေါက်စေ့လိုက်ကြည့်ဖြစ်တာမို့ ဆိုင်တိုင်း တရုတ်တွေချည်း ဖွင့်ထားတာကို မြင်ခဲ့ရတာပါ။ ဒီနေရာကို တရုတ်ခရီးသွားတွေ ဘယ်လောက်လာရောက် လည်ပတ်ကြသလဲဆိုတာကို ခန့်မှန်းနိုင်သလို တရုတ်နဲ့ ပလဲပနံမသင့်တဲ့ ထရမ့်ပ်တစ်ယောက် တရုတ်လမ်းဘေးဈေးသည်တွေကြားမှာ နေနေရတာကို တွေးမိတော့ ပြုံးမိပါသေးတယ်။


အဲ့ဒီနောက်မှာတော့ အိမ်ဖြူတော် ခြံဝင်ထဲ ဝင်လေ့လာဖြစ်ခဲ့ပေမယ့် စက္ကန့်ပိုင်းလေးမှ တကယ့်စက္ကန့်ပိုင်းလေးပါပဲ။ ရုတ်တရက် လုံခြုံရေးတွေရောက်လာပြီး ဧည့်သည်တွေကို နှင်ထုတ်ပါတော့တယ်။ အကြောင်းပြချက် ရေရေရာရာ မပြောပေမယ့် အိမ်ဖြူတော်ခြံဝင်းထဲက ခရီးသွားတိုင်း မည်တွန်တောက်တီးပြီး အကုန်ပြန်ထွက်ခဲ့ကြရပါတယ်။ အပြင်လမ်းမပေါ် ရောက်ချိန်မှာ ကားတွေကိုအနံ့ခံခွေးတွေနဲ့ လိုက်စစ်နေတာကိုပါ မြင်ခဲ့ရပြီး ပြဿနာကြီးကြီးမားမားတစ်ခုခု တက်နေတဲ့ပုံပါပဲ။ စိတ်အနှောင့်အယှက်ဖြစ်စရာတွေထဲက ဟာသတစ်ခုကတော့ အိမ်ဖြူတော်ပတ်ပတ်လည်မှာ တရုတ်တွေက ဈေးရောင်းနေချိန်မှာ ဒေသခံလူဖြူတွေက ကမ္ဘာလှည့်ခရီးသွားတွ စီးဖို့ အပျော်စီးလန်ချားလေးတွေ နင်းနေကြတာပါ။


အိမ်ဖြူတော်မှာ အချိန်မကုန်လိုက်တာမို့ လင်ကွန်းအထိမ်းအမှတ် အဆောက်အအုံဘက်ကို အချိန်ပေးသွားဖြစ်ခဲ့ပြီး ဟိုမှာလည်း ကျိတ်ကျိတ်တိုးလို့ပါပဲ။ ဟိုရောက်ချိန်မှာ ကမ္ဘာလှည့်ခရီးသွားတွေနဲ့ ဒေသခံဧည့်သည်တွေ ပြည့်နှက်နေပြီး ညနေဆည်းဆာချိန်မို့ အဆောက်အအုံပေါ်က လှေခါးထစ်တွေမှာ လူတွေပြည့်နှက်လို့နေပါတယ်။




လင်ကွန်းအထိမ်းအမှတ် အဆောက်အအုံနေရာကနေ လှမ်းမျှော်ကြည့်လိုက်ရင် ခပ်လှမ်းလှမ်း ရှေ့တည့်တည့်မှာ ဝါရှင်တန် အထိမ်းအမှတ် ကျောက်တိုင်နဲ့ ယူအက်စ် ကက်ပီတော်လ်တို့က လှပလို့နေပါတယ်။ ဒါကိုက ဝါရှင်တန်မြို့ရဲ့ အလှတရားတွေထဲက အလှဆုံးမြင်ကွင်းဖြစ်ပါတယ်။ ဝါရှင်တန်ကနေ ထွက်လာတော့ သူတို့မြို့ရဲ့ အမွေအနှစ်အဆောက်အအုံတွေကို ထိမ်းသိမ်းထားပုံကို အားကျမိရင်း ပတ်ဝန်းကျင်ကို ငေမောနေမိပါတော့တယ်။


ညီညာချောမွတ်တဲ့ ကတ္တရာလမ်းမလေးဟာ စိမ်းစိုတဲ့ ထင်းရူးတောလေးထဲကို မျက်စိတစ်ဆုံး ဝင်သွားတာကို လှမ်းမြင်နေရပါတယ်။ ဘေးပတ်ဝန်းကျင်ဟာ သစ်ပင်သစ်တောတွေ၊ စိမ့်စမ်းတွေနဲ့ လှပနေပြီး ပတ်ဝန်းကျင်တစ်ခုလုံးဟာလည်း အေးချမ်းတိတ်ဆိတ်လို့နေပါတယ်။ အမေရိကန်တွေဟာ သူတို့ရဲ့ မြို့တော်ကို ဘယ်လောက်တောင် နေချင်စဖွယ်ဖြစ်အောင် ဖန်တီးထားတာပါလိမ့်လို့ တွေးနေရင်း နောက်ထပ် ခရီးတစ်ထောက်ဖြစ်တဲ့ နိုင်ရာဂရာ ရေတံခွန်တည်ရှိရာ ကနေဒါနယ်စပ်ဘက်ကို ဆက်ပြီး ခရီးဆက်လာခဲ့ပါတော့တယ်။


ဆက်ပါဦးမည်

မောင်မိုးဇွန်

Monya Gazette




Comentários


Featured Review
Tag Cloud

© 2023 by The Book Lover. Proudly created with Wix.com

  • Grey Facebook Icon
  • Grey Twitter Icon
  • Grey Google+ Icon
bottom of page