ကာဘရီယိုမှ မက်ဟက်တန်သို့ - ၇
- မောင်မိုးဇွန်
- Jul 17, 2019
- 4 min read
'ပန်းသီးစားကြသူများ'

လေယာဉ် သိမ့်ခနဲတုန်သွားတာမို့ ကျွန်တော် လန့်ပြီးနိုးလာခဲ့တယ်။ ပြတင်းတံခါးကလှမ်းကြည့်လိုက်တော့ တိမ်တောင်တိမ်သားတွေကလွဲပြီး ပတ်ဝန်းကျင်မှာ ဘာမှမရှိ။ ဝန်းကျင်ပတ်ပတ်လည်မှာ တိမ်တွေနဲ့ တချက်တချက်ထွက်ပေါ်လာတဲ့ မလင်းတလင်းကောင်းကင်ပြင်ကြီးပဲရှိတယ်။
အချိန်က မနက် ၅ နာရီကျော်ပဲရှိသေးတယ်။ မျက်စိရှေ့က တီဗီစခရင်မှာ နယူးယောက်ခ်ကိုရောက်ဖို့ ၁ နာရီနီးပါးလိုသေးကြောင်းပြနေတာမို့ စခရင်ပေါ်ကတခြား Feature တွေကို တခုခြင်းပြောင်းကြည့်နေမိတယ်။ ရုပ်ရှင်ကြည့်ရမလား ဂိမ်းပဲဆော့ပြီး အချိန်ဖြုန်းရမလားမဝေခွဲတတ်။ လေယာဉ်ပေါ်မှာ Wifi သုံးလို့ရပေမယ့် Social Media App တွေလောက်ပဲ သုံးခွင့်ရှိတာမို့ မသုံးဖြစ်ပါဘူး။
ယိုဆမ်မတီကနေ ဆန်ဒီယေဂိုကို တက်သုတ်ရိုက်ပြန်ပြီးနောက် တရက်သာနားပြီး နယူးယော့ခ်ကို ကျွန်တော်ဆက်ထွက်လာတာပါ။ ဆန်ဒီယေဂိုကနေ နယူးယောက်ခ်ကို တိုက်ရိုက်လေယာဉ်မရခဲ့တာမို့ လာ့စ်ဗီးဂတ်စ်ကနေ လေယာဉ်ပြောင်းစီးခဲ့ရပါတယ်။
ဟိုဟိုဒီဒီတွေးနေရင်း လေယာဉ်က ဂျွန်အက်ဖ်ကနေဒီလေဆိပ် ပြေးလမ်းပေါ်ကို ဆင်းသက်လာခဲ့တယ်။ နားကျပ်ကို ကောက်တပ်လိုက်ပြီး ဖုန်းထဲက အယ်လီရှာကီးစ်ရဲ့ 'Empire State Of Mind' သီချင်းကို အပြေးအလွှား ရှာဖွင့်ရင်းလေဆိပ်ထဲဖြတ်လျှောက်လာမိတယ်။ ဂျွန်အက်ဖ်ကနေဒီလေဆိပ်ဟာ အတော်ကြီးမားတဲ့လေဆိပ်တစ်ခုဖြစ်တာမို့ ရုပ်ရှင်ဇာတ်ဝင်ခန်းတွေထဲကလို နောက်ခံတေးလေးဖွင့်ပြီး ဖီးလ်အပြည့်နဲ့ဆင်းလာတဲ့ကျွန်တော့်မှာ ကိုယ်ဆင်းတဲ့ဂိတ်ကနေ လက်ဆွဲအိတ်ရွေးတဲ့နေရာရောက်ဖို့ နာရီဝက်ကျော်လောက် လမ်းလျှောက်လိုက်ရတယ်။ အထုပ်တွေ ရွေးပြီးချိန်မှာ ဟောဟဲဆိုက်နေပါရော။

ရသလောက်အချိန်လေးမှာ လက်လမ်းမှီသရွေ့ အပြေးအလွှား ခရီးတွေသွားနေရသူမို့ လေဆိပ်ကထွက်တာနဲ့ ကြိုတင်စာရင်းပြုစုလာတဲ့ နာမည်ကျော်နေရာတချို့ကို အပြေးအလွှားပြေးရ ပါတော့တယ်။ အရင်ဆုံး ဘရွတ်ကလင်းတံတား ရှိရာကိုသွားတော့ ဖလက်ရှင်းစီရင်စုကို ဖြတ်ရပါတယ်။ ဖလက်ရှင်ဘက်ရောက်တော့ မွေးရပ်မြေရန်ကုန်ကိုတောင် သတိရမိသေးတယ်ဗျို့။ လမ်းဘေးဝဲယာ အမှိုက်တွေချည်း။ လမ်းတွေကလည်း အပေါက်အပြဲတွေနဲ့။ အမယ်ဒါနဲ့တင်မပြီးသေးဘူးဗျ။ တချို့ပလက်ဖောင်းတွေမှာဆို ဗွက်အိုင်လေးတွေက ဟိုတကွက်ဒီတကွက်ကလည်းရှိသေးတယ်။ လမ်းပေါက်တွေကို ကတ္တရာမှုန့်ထောင်းထည့်ပြီး ဖြစ်သလို ဖာထားတာလေးတွေပါ မြင်နေရမှတော့ 'ဒါနယူးယောက်ခ်မဟုတ်ဘူး... ရန်ကုန်မှ ရန်ကုန်ပါဗျာ' လို့ ထအော်ပစ်လိုက်ချင်မိတဲ့အထိပါပဲ။
တစ်ဆက်စပ်တည်းမှာပဲ ဆန်တီယေဂိုအိမ်ကအန်တီလဲ့ ပြောခဲ့တာလေး ပြန်သတိရမိတော့တယ်။ ကာလီဖိုးနီးယားဟာ အမေရိကန်ပြည်ထောင်စုက တခြားတိုင်းပြည်တခုလို့ ပြောခဲ့တာပါ။ သူပြောတဲ့စကားက သွေးထွက်အောင်မှန်ခဲ့ပြီး တခြားအမေရိကန်ဒေသတိုင်းမှာ လမ်းဘေးအမှိုက်တွေ့တာဟာ မထူးခြားတဲ့ ကိစ္စတခုလိုဖြစ်နေတာပါ။ အယုတ်စွဆုံးကာလီဖိုးနီးယားမှာ ညစ်ပတ်လှပါတယ်ဆိုတဲ့ လော့စ်အိန်ဂျယ်လ်လိစ်တောင်မှ နယူးယောက်ခ်နဲ့ယှဉ်ရင် ဘာမှမဟုတ်တာကို မျက်ဝါးထင်ထင်မြင်ခဲ့ရပါတယ်။
ဘရွတ်ကလင်းတံတားနားကို ရောက်တော့ နယူးယောက်ခ်ရဲ့ အရသာကိုစကြုံရတာပါပဲ။ ကားရပ်စရာနေရာမရှိလို့ တံတားကြီးမြင်နေရလျက်နဲ့ အဲ့နားမှာ ၂ ပတ်လောက်ပတ်လိုက်ရလို့ပါ။ ရှားရှားပါးပါးရတဲ့ ပါကင်နေရာကလည်း တံတားနဲ့ အတော်လှမ်းလို့ လမ်းအတော်လျှောက်လိုက်ရတယ်။ မြန်မာပြည် အင်္ဂလိပ်ကိုလိုနီ အပြည့်အဝမဖြစ်ခင် ၁၈၈၃ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ဘရွတ်ကလင်းတံတားဟာ ပထမဆုံးသောကြိုးတံတားလို့ မှတ်သားဖူးပါတယ်။ ဒီတံတားဟာ ပေ ၆၀၀၀ နီးပါးရှည်ပြီး ၂၇၆ ပေ မြင့်ပါတယ်။ ဘရွတ်ကလင်းတံတားဘေးမှာ မက်ဟတ်တန်တံတားနဲ့ ဝီလီယံဘာ့ဂ်တံတားတွေရှိနေပြီး အဲ့ဒီတံတား ၃ စင်းလုံးဟာ အိစ်မြစ်ကို ဖြတ်သန်းတည်ဆောက်ထားကြတာပါ။

ဘရွတ်ကလင်းကထွက်တော့ ပဉ္စမရိပ်သာလမ်းဘက်ကိုသွားဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ ဘရွတ်ကလင်းတံတားဟာ Charging Bull ၊ ဝေါလ်စထရိလမ်းနဲ့ နယူးယောက်စတော့ခ်အိတ်ချိန်းတို့နဲ့ အရမ်းနီးနေပေမယ့် ကျွန်တော်အရမ်းသွားချင်နေတဲ့ ပဉ္စမရိပ်သာလမ်းကိုသာ အရင်သွားဖို့ဆုံးဖြတ်လိုက်တာပါ။ ဘရွတ်ကလင်းတံတားကနေ ပဉ္စမရိပ်သာလမ်းကိုရောက်ဖို့ ၃ မိုင်ကျော်လောက်သွားရပြီးတော့ ဖလက်ရှင်းနဲ့ တရုတ်တန်းကိုနောက်တခါ ပြန်ဖြတ်ရပါတယ်။
လမ်းဘေးဝဲယာမှာ သစ်သီးဆိုင်တစ်ချို့နဲ့ ပန်းဆိုင်လေးတွေ အစီအရီရှိနေတာကို မြင်ခဲ့ရပြီးတော့ ထူးခြားတာက လမ်းမတွေမှာ ခင်းကျင်းရောင်းချကြတာပါပဲ။ လမ်းဘေးပလက်ဖောင်းတွေဟာ ပန်းစည်းထိုးထားတဲ့ ပုံးလေးတွေ၊ သတင်းစာဗန်းတွေ၊ သစ်သီးဗန်းကြီးတွေနဲ့ ပဏာရနေပါတယ်။ မိုးတဖွဲ နှစ်ဖွဲရွာထားဟန်တူတဲ့ လမ်းမတွေပေါ်မှာ လူတွေဟာ ခြေကျင်တစ်မျိုး စက်ဘီးနဲ့ တစ်ဖုံ ပြေးလွှားသွားလာနေကြပါတယ်။ ကားအလွန်ပိတ်တဲ့ နယူးယောက်မှာ စက်ဘီးနဲ့ သွားလာကြတာကလည်း စတိုင်တစ်မျိုးလိုဖြစ်ပါတယ်။ လမ်းအရမ်းကျပ်တာကြောင့် နယူးယောက်မှာ ကိုယ်ပိုင်ကားနဲ့သွားလာဖို့က မလွယ်ကူပါဘူး။ ဘတ်စ်ကား စီးရင်စီး ဒါမှမဟုတ်ရင် AirTrain စီးကြရတာပါ။ ဒါကြောင့် တစ်ချို့တွေက တစ်ကိုယ်ရေ သွားလာမှုအတွက် စက်ဘီးကို ရွေးချယ်ကြတာဖြစ်ပါတယ်။
ပဥ္ဆမရိပ်သာလမ်းပေါ်က မက်ဒီဆင်စကွဲပန်းခြံကိုရောက်တော့ ဧပြီလမို့ ချယ်ရီပန်းတွေအဖွေးသားပါ။ ရုံးပိတ်ရက်မဟုတ်ပေမယ့် ပန်းခြံထဲမှာသာမက ပန်းခြံဘေးက အများပြည်သူအပန်းဖြေဖို့ ချထားတဲ့ ခုံအလွတ်တွေမှာ လူတွေပြည့်နေပါတယ်။ လမ်းဘေးဈေးသည်တွေဟာလည်း နေရာအနှံ့မှာ ရှိနေပြီး အမှတ်တရ အင်္ကျီလေးတွေ၊ လက်ဆောင်ပစ္စည်းလေးတွေ၊ အဆာပြေမုန့်တွေ စိတ်ကြိုက်ဝယ်လို့ရပါတယ်။
ပဥ္ဆမရိပ်သာလမ်းဟာ နယူးယောက်ရဲ့ အထင်ရှားဆုံးလမ်းမတစ်ခုဖြစ်ပြီးတော့ တန်ဖိုးကြီး အိမ်ကြီးတွေ ထင်ရှားတဲ့ အဆောက်အအုံတွေ ပြည့်နှက်နေတဲ့ လမ်းတစ်ခုပါ။ စိန့်သောမတ်ဘုရားကျောင်း၊ စိန့်ပက်ထရစ်ဘုရားကျောင်းနဲ့ တစ်ညကို ဒေါ်လာ ၃၀၀၀ လောက် ကျသင့်တယ်ဆိုတဲ့ ပလာဇာဟိုတယ်၊ နယူးယောက် ပြည်သူ့စာကြည့်တိုက်တို့လို့ အဆောက်အအုံတွေရှိသလို အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ပ်ရဲ့ ထရမ့်ပ်မျှော်စင်အဆောက်အအုံ (Trump Tower) ဟာလည်း ပဥ္ဆမရိပ်သာလမ်းမှာ တည်ရှိပါတယ်။ ဒါ့အပြင် ဖိလစ်ပိုင်သံရုံးကလည်း အဲဒီလမ်းပေါ်မှာပါပဲ။

ဒီလမ်းရဲ့ အထက်ပိုင်းကို သူဌေးတန်း (Millionaire's Row) လို့ခေါ်ပြီး လမ်း ၈၀ ကနေ ၁၀၅ လမ်းကြား လမ်းပိုင်းကိုတော့ ပြတိုက်တန်း (Museum Mile) လို့ ခေါ်ကြပါတယ်။ အဲ့ဒီအပိုင်းမှာဆိုရင် အာဖရိကန် အနုပညာပြတိုက်၊ အယ်လ် မူဆီယို ဒယ်လ် ဘာရီယို၊ နယူးယောက် မြို့တော် ပြတိုက်၊ ဂျူးပြတိုက်၊ ကူးပါး-ဟျူးဝစ် အမျိုးသား ဒီဇိုင်းပညာပြတိုက်၊ အမျိုးသား အကယ်ဒမီ ပြတိုက်နှင့် ခေတ်ပေါ်အနုပညာသင်တန်းကျောင်း၊ နျူး ဂယ်လာရီး နယူးယောက်ခ်၊ မက်ထရိုပိုလီတန် အနုပညာပြတိုက်နဲ့ ဆော်လမွန် အာရ် ဂူဂမ်ဟိန်းပြတိုက်တို့ စီတန်းတည်ရှိနေပါတယ်။
လမ်းရဲ့ မြောက်ဘက်ဆုံးကို ဆက်တက်သွားတော့ ဝါရှင်တန်စကွဲရင်ပြင်က လမ်းအဆုံးမှာ ထီးထီးကြီးတည်ရှိနေပါတယ်။ ဝါရှင်တန်စကွဲဟာ နယူးယောက်ခ်ကို အခြေတည်ပြီး ရိုက်တဲ့ ရုပ်ရှင် အတော်များများမှာ ပါဝင်လေ့ရှိတဲ့ နေရာတစ်ခုဖြစ်ပြီး နာမည်ကျော် August Rush ရုပ်ရှင်ဟာလည်း ဒီနေရာမှာ ဇာတ်ဝင်ခန်းတစ်ချို့ ရိုက်ကူးခဲ့ဖူးပါတယ်။ ကျွန်တော် ဝါရှင်တန်စကွဲကို ရောက်ချိန်မှာတော့ ရင်ပြင် ဝန်းကျင်က လမ်းတွေနဲ့ လူနေအဆောက်အအုံတွေကို ပြင်ဆင်နေတာမို့ သွားရလာရ သိပ်အဆင်မပြေလှပါဘူး။ ရင်ပြင်ထဲက မုခ်ဦးကြီးအောက်မှာ လူငယ်အကသမားတစ်ချို့ အကတိုက်နေကြတာကို ခနတဖြုတ်ငေးပြီး နေလည်စာစားဖို့ ပြန်ထွက်လာခဲ့ပါတယ်။
ဧပြီလဟာ ပန်းတွေ ပွင့်တဲ့လမို့ထင်ပါတယ် အမေရိကတစ်လွှား ကျွန်တော် သွားသမျှ နေရာတိုင်းမှာ ပန်းတွေ ဖွေးနေတာကို မြင်ခဲ့ရသလို နယူးယောက်ကို ရောက်ချိန်မှာလည်း တမြို့လုံးကျူးလစ်ပန်းတွေဖွေးနေတာကို တွေ့ခဲ့ရပါသေးတယ်။ လမ်းဘေးဝဲယာ ပလက်ဖေင်းတွေမှာ အစီအရီစိုက်ထားတဲ့ ကျူးလစ်ပန်းတွေဟာ အဝါရောင် အနီရောင်နဲ့ ခရမ်းရောင်တွေစတဲ့ အရောင်အမျိုးမျိုးနဲ့ လှချင်တိုင်းလှနေကြတာပါ။ ပလက်ဖောင်းပေါ်က ကျူးလစ်ပန်းတွေရဲ့ အလှတွေကို ကြည့်လိုက် လမ်းထိပ်တွေမှာ ပုံထားတဲ့ အမှိုက်အိတ်တွေကို ရှောင်လိုက်နဲ့ ဘဝဟာ ငရဲပြည်နဲ့ နတ်ပြည်ကို တစ်လှည့်စီ သွားနေရသလိုပဲလို့တောင် တွေးလိုက်မိသေးတယ်။
နေ့လယ်စာကို ဝါရှင်တန်စကွဲနားက ဆီချွမ်းစာရောင်းတဲ့ တရုတ်ဆိုင်တစ်ဆိုင်မှာ ဗိုက်ဝင်ဖြည့်ခဲ့ပြီးနောက် တည်းရမယ့် ဟိုတယ်ဆီကို စောစောစီးစီးပြန်နားလိုက်ပါတယ်။ ဟိုတယ်က ခုရောက်နေတဲ့ မြို့လယ်ခေါင်နဲ့ နည်းနည်းလှမ်းတာကြောင့်လည်းပါပါတယ်။

နောက်တစ်နေ့မှာတော့ မနက်အစောပိုင်းကတည်းက စထွက်ခဲ့ပြီး လူသူများတဲ့ ဝေါလ်စထရိ (Wall street) ကို အရင်ဆုံး သွားပါတယ်။ လူတိုင်းဟာ အနောက်တိုင်းဝတ်စုံကို ချပ်ချပ်ရပ်ရပ်ဝတ်ပြီး လက်ဆွဲအိတ်လေးကိုင်ကာ ဒီလမ်းထဲ ဝင်ဝင်သွားကြတာကို ထိုင်ကြည့်နေရတာကလည်း အရသာတစ်မျိုးပါပဲ။ ဒီဝတ်စုံပြည့်လူတွေဟာ နယူးယော့ခ် စတော့အိတ်ချိန်းက စတော့ခ်ရှယ်ယာ ပွဲစားတွေပါ။ ဝေါလ်စထရိလမ်းထဲမှာက နယူးယောက်ခ် စတော့အိတ်ချိန်းအပြင် ဖက်ဒရယ်ခန်းမ (Federal Hall National Memorial) လည်း ရှိပါတယ်။ အမှတ် ၄၀၊ ဝေါလ်စရိထကတော့ နာမည်ကျော် ထရမ့်ပ်အဆောက်အအုံ (Trump Building) တည်ရှိရာနေရာပါ။ စတော့ခ် အိတ်ချိန်းပတ်ဝန်းကျင်မှာတော့ ခပ်စုတ်စုတ် လမ်းဘေးဈေးသည်တွေ အများအပြားရှိပြီး အစားအသောက်မျိုးစုံအပြင် လည်စည်းနက်ခ်တိုင်ကနေစလို့ ကုတ်အင်္ကျီအထိ စုံစီနဖာပစ္စည်းတွေကို ချကြပါတယ်။
စတော့ခ်အိတ်ချိန်းဘေးဘက်က လမ်းကြားကနေ ထွက်လိုက်ရင် ဘရော့ဒ်ဝေးလမ်း (Broadway)ကို ရောက်ပါတယ်။ ဘရော့ဒ်ဝေးလမ်းဟာ တေးသံစုံပြဇာတ်လောကရဲ့ နှလုံးသားနေရာလို့ တင်စားခံရပါတယ်။ ကိုယ်ကတော့ မြန်မာပြည်က လာသူပီပီ ဒီနယ်ပယ်နဲ့ အလှမ်းဝေးပါတယ်။ တကယ်တမ်းလည်း ကျွန်တော် ဘရော့ဒ်ဝေးကို သွားတာက နှစ် ၂၀၀ နီးပါး သက်တမ်းရှိနေပြီဖြစ်တဲ့ ထရီနတီဘုရားကျောင်း (Trinity Church) ကို လေ့လာဖို့ပါ။ ဟိုရောက်တော့ ဘုရားကျောင်းကို အကြီးစား ပြင်ဆင်နေတာကြောင့် အတွင်းထဲကို ဝင်ပြီးလေ့လာခွင့်မရခဲ့ပါဘူး။ အဲ့ဒီမတိုင်ခင် ရက်သတ္တပတ်လောက်တုန်းက ပါရီမြို့က နော်တာဒိန်း ဘုရားကျောင်းကြီး မီးလောင်ထားတာမို့ အမေရိကမှာလည်း ရှေးဟောင်း ဘုရားကျောင်းတွေကို အကြီးအကျယ်ပြန်လည်ပြင်စစ်ဆေး ပြင်ဆင်နေချိန်နဲ့ တိုက်ဆိုင်သွားလို့ပါ။
ဘရော့ဒ်ဝေးကနေ လမ်းနည်းနည်းဆက်လျှောက်သွားတော့ ၂၀၀၁ ခုနှစ်က အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတဲ့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ (Wall Trade Center) နေရာကို ရောက်တယ်။ အမွှာမျှော်စင် ၂ ခု ရဲ့ တည်နေရာမှာ အတွင်းမှာ ရေတံခွန်ပါတဲ့ အထိမ်းအမှတ်နေရာ ၂ ခုကို ဖန်တီးထားပြီး အဆိုပါ အကြမ်းဖက်မှုမှာ သေဆုံးသွားခဲ့တဲ့ သူတွေရဲ့ အမည်တွေကို ကြွေပြားအပြည့်ကပ်ထားတဲ့ဘောင်တွေမှာ ရေးထိုးထားတယ်။ အဲ့ဒီ အထိမ်းအမှတ်နေရာ ၂ ခု ရဲ့ အကြားမှာ သစ်ပင်တန်းလေးနဲ့ ခြားထားပြီး ထိုင်ခုံလေးတွေလည်း ဖန်တီးပေးထားတာမို့ အပန်းဖြေစရာ ရင်ပြင်လေးတစ်ခုလို လှပလို့နေတယ်။
အဲ့ဒီနေရာရဲ့ တစ်ဖက်မှာတော့ အသစ်ပြန်လည်တည်ဆောက်ထားတဲ့ ကမ္ဘာ့ကုန်သွယ်ရေး စင်တာအသစ် (One World Tower) က ခန့်ခန့်ညားညားကြီးတည်ရှိနေပါတယ်။ နဂိုမူလ အမွှာမျှော်စင်တွေတုန်းက ပေ ၁၃၆၈ ပေသာ မြင့်ပေမယ့် ယခုသစ်တည်ဆောက်ထားတဲ့ စင်တာအသစ်ကတော့ ၁၇၉၂ ပေမြင့်ပြီး အထပ်ပေါင်း ၁၀၄ ပါရှိပါတယ်။ အဆိုပါစင်တာထဲမှာ ပြတိုက်ဖွင့်လှစ်ထားပြီးတော့ အမွှာမျှော်စင်ဟောင်းနဲ့ ပတ်သက်ပြီး အမှတ်တရတွေပြသထားပါတယ်။ ဒီစင်တာထဲမှာ နယူးယောက်ခ်မြို့ကို အပေါ်စီးကနေ ကြည့်ရှုလို့ရတဲ့ One World Observatory ရှိပါတယ်။ ဒီကို ဝင်ရောက်လည်ပတ်ဖို့အတွက်ဆိုရင် လူတစ်ယောက်ကို အမေရိကန်ဒေါ်လာ၂၄$ ကျ သင့်ပြီး ၁၀၂ ထပ်ကန တက်ကြည့်လို့မှာပါ။

စိတ်ဝင်စားစရာလည်းကောင်းပြီး အမှတ်တရနေရာတစ်ခုလည်းဖြစ်တာမို့ ကျွန်တော်လည်း စင်တာထဲဝင်ကြည့်ဖြစ်ခဲ့ပါတယ်။ ကျွန်တော် ရောက်တဲ့ရက်က အင်္ဂါနေဖြစ်နေတာတောင်မှ လူတွေကျိတ်ကျိတ်တိုး စည်ကားလှပါတယ်။ လက်မှတ်ဝယ်ဖို့အတွက် တန်းစီနေကြတဲ့လူတွေ အပြင်မှာ တစီတတန်းကြီးရှိနေပြီး အတွင်းကို ဝင်ရောက်ချိန်မှာလည်း လေဆိပ်တွေမှာလို လုံခြုံရေးကို အသေအချာစစ်ဆေးပြီးမှ အဝင်ခံတာပါ။ ပထမထပ်မှာတော့ ကွန်ကရစ်ဖောင်းကြွနံရံတွေနဲ့ ၂၀၀၁ ခုနှစ်က ဖြစ်ရပ်ဆိုးအကြောင်း ဖန်တီးပေါ်ပြထားပါတယ်။ နံရံထက်ကတီဗီတွေမှာ အကြမ်းဖက်မှုမှာ အသက်ရှင် ကျန်ရစ်ခဲ့သူတွေရဲ့ အင်တာဗျူးတွေကို မပြတ်ပြသထားပါတယ်။
၁၀၂ ထပ်ကိုတက်ဖို့ ဓာတ်လှေကားက ၄၇ စက္ကန့်ပဲ စီးရပါတယ်။ ဓာတ်လှေကားပတ်ပတ်လည်မှာ LED အပြည့်ကပ်ထားပြီး နယူးယောက်ခ်မြို့ စတင်တည်ဆောက်ချိန်ကနေ ဒီကနေ့ ချိန်အထိ ဖွံ့ဖြိုးလာမှုအဆင့်ဆင့်ကို ဗီဒီယိုအထူးပြုလုပ်ချက်တွေနဲ့ ပြသထားတာမို့ အပေါ်ကို ဘယ်လိုရောက်သွားမှန်းတောင် မသိလိုက်သလိုပါပဲ။
အပေါ်ရောက်တော့ Translator လုပ်ပေးတဲ့ တက်ဘလက်လေးတွေ ငှားရမ်းလို့ရကြောင်းလိုက်ကြေညာနေတာကို တွေ့ရပါတယ်။ ကြေညာပေးနေတဲ့ အမျိုးသားက မျက်နှာချိုချိုနဲ့ အပြောကောင်း အဟောကောင်းမို့ နိုင်ငံခြားသားတစ်ချို့က ငှားကြပါတယ်။ တခုကို ၁၅ ဒေါ်လာကျသင်ပြီး နယူးယောက်ခ်ကို အပေါ်စီးကနေကြည့်ရင်း ကိုယ်သိချင်တဲ့ နေရာ ဒါမှမဟုတ် အဆောက်အအုံကို တွေ့ရင် တက်ဘလက်ကနေတဆင့် အဲ့ဒီနေရာအကြောင်းကို ကိုယ့်စိတ်ကြိုက်ဘာသာနဲ့ ရှင်းလင်းချက် နားထောင်လို့ရပါတယ်။ နယူးယောက်ခ်တစ်ခွင်လုံးကို အပေါ်စီးကနေ မြင်နေရတဲ့ နေရာမှာဆိုတော့ ဧည့်သည်တွေ သိချင်တာတွေကို ဝန်ထမ်းတွေက တစ်ခုခြင်းလိုက်ရှင်းပြနေဖို့ ခက်ခဲပါတယ်။ ခုလို တက်ဘလက်လေး စီစဉ်ပေးထားတော့ နှစ်ဦးနှစ်ဘက် အကျိုးရှိတာမို့ သူတို့ရဲ့ စီးပွားရှာတတ်ပုံကို ချီးကျူးမိပါသေးတယ်။
၁၀၂ ထပ်ကနေ အောက်ကို ပြန်ဆင်းဖို့ ဓာတ်လှေခါးဆီးသွားတဲ့လမ်းမှာ မဖြစ်မနေဓာတ်ပုံရိုက်ရတဲ့နေရာတစ်ခုကို ဖြတ်ရပါတယ်။ ပြီးရင်တော့ မိမိဆန္ဒအလျောက် မြေညီထပ်က ဓာတ်ပုံကောင်တာမှာ ဓာတ်ပုံဝင်ထုတ်လို့ရပါတယ်။ သူတို့က ဓာတ်ပုံ ၄ပုံ ရိုက်ပေးပြီးတော့ ပုံသေး၂ပုံ၊ ပုံကြီး၂ပုံပါ။ ပုံသေးက တစ်ပုံကို ဒေါ်လာ ၂၀ ကျသင့်ပြီး ပုံကြီး ဒေါ်လာ ၃၀ ကျပါတယ်။ ၄ ပုံလုံးယူရင်တော့ ဒေါ်လာ ၅၀ ပဲကျပါတယ်။ ဖရိန်တပ်ချင်ရင်တော့ တစ်ခုကို ၁၅ ဒေါ်လာတောင်းပါတယ်။ ဓာတ်ပုံကောင်တာမှာလည်း လူတွေ ကျိတ်ကျိတ်တိုးပါပဲ။ ဒီတိုင်းပြည် ပိုက်ဆံရှာတာတော်တယ်လို့ပဲ မှတ်ချက်ပေးမိတော့တယ်။ မြန်မာပြည်က ရွှေတိဂုံ၊ ကျိုက်ထီးရိုးနဲ့ မန္တလေးတောင်လို ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားတဲ့ နေရာတွေမှာ ဒီလိုနည်းလမ်းမျိုးတွေ သုံးရင် တိုင်းပြည် အခွန်ဝင်ငွေများပိုရမလားလို့လည်း တဆက်စပ်တည်းတွေးလိုက်မိသေးတယ်။
One World Observatory ကနေထွက်လာပြီးတော့ လေဘာတီရုပ်ထုဆီသွားဖို့ ဆိပ်ကမ်းဘက်ကိုသွားတယ်။ လေဘာတီကိုပတ်ပြတဲ့ ဟတ်ဆင်မြစ်တွင်းအလှစီးသင်္ဘောစီးဖို့ပါ။ ကိုယ်ရောက်ချိန်မှာ သင်္ဘောကို အချိန်မှီတယ်ဆိုရုံလေး ကပ်မီသွားလို့ နောက်တစ်စီးကို တစ်နာရီလောက် ထိုင်မစောင့်ခဲ့ရတာကံကောင်းပါတယ်။ သင်္ဘောပေါ်မှာပါတဲ့ တိုးဂိုက်အမျိုးသမီးက ဟတ်ဆင်မြစ်ကြောင်းတစ်လျှောက် အထင်ကရနေရာတွေပြောလိုက် ဟာသတွေပြောလိုက်နဲ့မို့ နေပူကျဲတဲမှာ သင်္ဘောစီးရပေမယ့် စိတ်ညစ်စရာတော့ မကောင်းလှပါဘူး။ အမေရိကမှာ အတော်အေးတဲ့ ဒေသတစ်ခုဖြစ်တဲ့ နယူးယောက်ခ်ဟာ ကိုယ်ရောက်လာတော့မှပဲ အတော်ပူနေတာမို့ တွေးရင်းပြုံးမိပါသေးတယ်။

၂၀၀၉ ခုနှစ်တုန်းကဖြစ်ပျက်ခဲ့တဲ့ ကက်ပတိန် ချက်စီ “ဆူလီ” ဆူလန်ဘာဂျာ လေယာဉ်ဆင်းသက်ခဲ့ရာနေရာကိုလည်း တိုးဂိုက်အမျိုးသမီးက ပြသပါတယ်။ ကက်ပတိန်ဆူလီဟာ လေယာဉ်ကို အရေးပေါ်ဆင်းသက်ဖို့ လိုအပ်လာပြီး လေယာဉ်ဟာလည်း မြို့လည်ခေါင်ကြီးမှာ ရောက်နေတာမို့ လေယာဉ်ပေါ်ကလူတွေရော အဆောက်အအုံတွေရော မထိခိုက်အောက် ဟတ်ဆင်မြစ်ရေပြင်ပေါ်ကို ဆင်းသက်ခဲ့တာဖြစ်ပါတယ်။ ဆိပ်ကမ်းကိုပြန်ရောက်တော့ တိုးဂိုက်အမျိုးသမီးက ဘောက်ဆူးပေးဖို့ ခရီးသည်တွေဆီ လိုက်တောင်းပါတယ်။ သူမရဲ့ အပြောကောင်း အဟောကောင်းနဲ့ ချိုသာရည်မွန်မှုကြောင့် လူတွေက မုန့်ဖိုးတွေအများကြီးပေးကြတယ်။ အမေရိကမှာတော့ ဘာလုပ်လုပ် ဘောက်ဆူးပေးဖို့ လိုပါတယ်။ ဘောက်ဆူးတောင်းတာကလည်း ရိုင်းပြတဲ့ အပြုအမူမဟုတ်ပါဘူး။ ဒါက သူတို့ ဓလေ့တစ်ခုပါ။
ညနေမစောင်းမှီ Time Square ကို ရောက်ဖို့အတွက် Metropolitan Museam of Arts ဘက်ကနေ ဖြတ်ပြီးသွားပါတယ်။ ပဥ္ဆမရိပ်သာလမ်းပေါ်မှာပေါ့။ ပြတိုက်ကြီးဟာ အတော်ကြီးကျယ်ပြီးတော့ ပန်းချီးဆွဲနေသူတွေ၊ ဓာတ်ပုံရိုက်နေသူတွေနဲ့ ဧည့်သည်တွေလည်း အတော်များလှပါတယ်။ နေပူသေးတာမို့ ပြတိုက်ရှေ့မှာ ခနတဖြုတ်ဝင်နားရင်း လမ်းဘေးမှာရောင်းတဲ့ ပန်းချီကားတွေလိုက်ကြည့်နေမိတယ်။ ဗိုက်နည်းနည်းဆာလာချိန်မှာတော့ ဘေးနားက လမ်းဘေးဈေးသည်ဆီက အအေး တစ်ခွက်နဲ့ ဟော့ဒေါ့ဝယ်စားပြီး ဝမ်းကိုဖြည့်လိုက်တယ်။ လမ်းဘေးဝဲယာမှာတော့ နယူးယောက်ခ်ရဲ့ ပြယုခ်ဖြစ်တဲ့ တက္ကစီတွေတန်းစီရပ်ထားပြီး တက္ကစီသမားတွေကို လူခေါ်ပေးတဲ့သူတွေလည်း ရှိတယ်ဗျ။ အဲ့လို လူခေါ်ပေးတာက အိမ်ခြေမဲ့တွေ လုပ်တာများတယ်။
ပဥ္ဆမရိပ်သာလမ်းကနေ သတ္တမရိပ်သာလမ်းကို တက္ကဆီငှားသွားတော့ နာမည်ကျော် အမှတ်တံဆိပ် အဝတ်အထည်ဆိုင်တွေကို ဖြတ်သွားရတယ်။ ဈေးကြီးပေ့ဆိုတဲ့ အမှတ်တံဆိပ်တွေချည်း။ Time Square ရောက်တော့ လူတွေ ပျားပန်းခပ်မျှပြည့်နှက်နေတာတွေ့ရတယ်။ နယူးယောက်ခ်တစ်မြို့လုံးကလူတွေ ဒီမှာလာ စုပြုံချထားသလားမှတ်ရတယ်။ လမ်းဘေးအနုပညာသည်တွေနဲ့ အမှတ်တရ ဓာတ်ပုံရိုက်လို့ရတဲ့ အရုပ်ဝတ်စုံကြီးတွေ ဝတ်ထားတဲ့သူတွေလည်း အများကြီးမြင်ခဲ့ရတယ်။ ကျကျနန ဝတ်ထားစားထားတဲ့ လူတွေဟာ မီးပွိုင့်တွေ လမ်းမတွေပေါ်မှာ ရပ်တဲ့သူကရပ် လမ်းလျှောက်နေတဲ့သူက လျှောက် စကားပြောနေတဲ့သူကပြောနဲ့ လူပင်လယ်ကြီးပါပဲ။ နယူးယောက်ခ်ရဲ့ ထုံးစံအတိုင်း လူတိုင်းဟာ ဖက်ရှင်ကျကျ စတိုင်မိမိနဲ့ပေါ့။
နယူးယောက်ခ်ကို လူတွေက နာမည်ပြောင်အနေနဲ့ ပန်းသီးကြီးလို့ ခေါ်ကြတယ်။ ဒီမြို့ကို လူတိုင်းလာချင်ကြတယ်။ ဒီမြို့မှာ အခြေချပြီး စီးပွားရှာချင်ကြတယ်၊ လည်ချင်ပတ်ချင်ကြတယ်။ ပန်းသီးကြီးကို လူတိုင်းစားချင်ကြတယ်ပေါ့။ လူပင်လယ်ထဲ မျောနေရင်း ကျွန်တော်လည်း တွေးမိတယ် ကျွန်တော်လည်း ပန်းသီးစားသူတစ်ယောက်ဖြစ်နေပါပေါ့လား။
ဆက်ပါဦးမည်
မောင်မိုးဇွန်
Monywa Gazette
Comentarios