top of page

ကာဘရီယိုမှ မက်ဟက်တန်သို့ ၅

  • မောင်မိုးဇွန်
  • May 30, 2019
  • 2 min read

'အိမ်ခြေမဲ့တို့ရဲ့နတ်မြို့တော်'


လော့စ် အိန်ဂျယ်လိစ်မြို့



ကျွန်တော်နဲ့ လော့စ်အိန်ဂျယ်လိစ် (LA) က အတော် ကံစပ်ပုံပါပဲ။ ရက် ၂၀ လောက် ကာလအတွင်းမှာ ၅ ကြိမ်တောင် ရောက်ခဲ့ရလို့ပါ။ LA ကို ပထမအကြိမ် ရောက်ဖူးတုန်းက ဟောင်ကောင်က နေဆန်ဒီယေဂိုကိုအသွား လေဆိပ်ကို ခနဝင်ခဲ့ရုံ သက်သက်ပါ။ ဒုတိအကြိမ်ကတော့ အသိမိတ်ဆွေတွေနဲ့တွေ့ဖို့ ဆန်ဒီယေဂိုကနေ LA ကို တနေ့တာသွားလည်ခဲ့ချိန်မှာ ဖြစ်ပါတယ်။


အဲ့တုန်းကတော့ ဆန်ဒီယေဂိုကနေ မော်တော်ကားနဲ့ သွားခဲ့တာပါ။ ဆန်ဒီယေဂိုကနေ LA ကို မော်တော်ယာဉ်နဲ့ သွားတဲ့အခါ ကလော-အောင်ပန်းလမ်းကလို တောင်ကြားလမ်းတွေကို ဖြတ်သန်းသွားရပါတယ်။


ဆန်ဒီယေဂိုနဲ့ LA နဲ့က မိုင် ၁၃၀ ကျော်ဝေးပြီး မော်တော်ကားနဲ့ သွားမယ်ဆိုရင် လမ်းအခြေအနေပေါ်မူတည်ပြီး ၂ နာရီ ၃ နာရီလောက် မောင်းရပါတယ်။ ဆန်ဒီယေဂို-LA ခရီးဟာ မော်တော်ကားနဲ့ပဲသွားသွား၊ ရထားနဲ့ပဲသွားသွား အရမ်းလှပတဲ့ ရှုမျှော်ခင်းတွေကို ဖြတ်သန်းပြီးသွားရတဲ့ လမ်းကြောင်းပါ။ မော်တော်ယာဉ်အမြန်လမ်းရဲ့ ဘေးပတ်ဝန်းကျင်တလျှောက်လုံးမှာ မြက်ခင်းပြင်ကျယ်ကြီးတွေ၊ အလေ့ကျပန်းတွေပြည့်နှက်နေတဲ့ တောင်ကုန်းခပ်မို့မို့လေးတွေကို တမျှော်တခေါ်မြင်တွေ့နိုင်ပါတယ်။ အရှိန်နဲ့ပြေးနေတဲ့ကားလေးထဲကနေ အနီတလှည့် အဝါတလှည့် ခရမ်းတလှည့်နဲ့ ပန်းခင်းကြီးတွေကို ငေးရင်း ဖြတ်သန်းသွားလာရတဲ့ အရသာဟာ ဘာနဲ့မှမတူပါဘူး။


Griffith Observatory


ကျွန်တော် LA ကို ဒုတိယအကြိမ်ရောက်စဉ်တုန်းက ဟောလီးဝုဒ်နဲ့ ဂရစ်ဖစ်သ် အာကာသစောင့်ကြည့်ရေးစခန်း (Griffith Observatory) ၂ ခုကိုပဲ သွားဖြစ်ခဲ့တာမို့ တတိယအကြိမ်မှာတော့ တခြားအထင်ကရနေရာတွေကို သွားလေ့လာနိုင်ဖို့ အဓိကအားထုတ်ဖြစ်ခဲ့ပါတယ်။


အရင်ဆုံး ရောက်ဖြစ်ခဲ့တာက မြို့ဟောင်းဧရိယာတွေပါ။ မူလ စပိန်အခြေချသူတွေ စတည်ခဲ့တဲ့နေရာတွေဖြစ်ပြီး စပိန်စာလုံးပေါင်း Losà ngeles က ဆင်းသက်လာတဲ့ လော့စ်အိန်ဂျယ်လိစ်မြို့ (Los Angeles) ဆိုတဲ့ အမည်ကို စတင်ရရှိခဲ့ရာနေရာတွေ ဖြစ်ပါတယ်။ ဒီဒေသကို စပိန်တွေ အခြေမချခင်တုန်းက ချူမာ့ရှ်နဲ့ တုန်ဗနွယ်ဝင် ဒေသခံတွေကလွဲပြီး ဘယ်သူမှ မရှိခဲ့ပါဘူး။ ၁၇၆၉ ခုနှစ်မှ ခရစ်ယာန်သာသနာပြုမစ်ရှင်တွေ စတင်ရောက်ရှိလာတာဖြစ်ပြီး ၁၇၈၁ ခုနှစ်မှာမှ လူနေဒေသအဖြစ် စတင်အခြေချခဲ့ကြတာ ဖြစ်ပါတယ်။


၁၈၃၅ ခုနှစ်မှာ မြို့ပြဖြစ်လာခဲ့ပြီး အဲ့အချိန်တုန်းက ပေးခဲ့တဲ့ နာမည်အပြည့်အစုံက "ကြီးမြတ်လှသည့် ပေါ်ဇီအွန်ကိုလာနတ်တို့၏ ဘုရင်မမြို့တော်" (စပိန်ဘာသာဖြင့် El Pueblo de Nuestra Señora la Reina de losà ngeles de Porciúncula) လို့ ခေါ်တွင်ခဲ့တာပါ။ ပါဇီအွန်ကိုလာ ဆိုတာဟာ အီတလီနိုင်ငံ အစီစီမြို့မှာရှိတဲ့ စိန့်မေရီဘုရားကျောင်းကို ရည်ညွှန်းတာဖြစ်ပြီး LA ရဲ့ အမည်ကလည်း ဒီအဓိပ္ပါယ်အတိုင်းပါပဲ။


၁၈၄၇ ခုနှစ်မှာတော့ အမေရိကန်-မက္ကဆီကိုစစ်ပွဲမှာ မက္ကဆီကိုတို့ စစ်ရှုံးခဲ့တာမို့ ကာလီဖိုးနီးယားဒေသကို အမေရိကန်တို့ထံ လက်လွှတ်ခဲ့ရပြီး LA ဟာလည်း အမေရိကန်ပိုင်မြို့ ဖြစ်လာခဲ့ပါတယ်။


ဒါကြောင့် ဒီမြို့ရဲ့ မြို့ဟောင်းနေရာတွေက စပိန်တွေနဲ့ မက္ကဆီကန်တွေရဲ့ ယဉ်ကျေးမှု ခြေရာလက်ရာတွေ ပြည့်နှက်နေပါတယ်။ ၁၈ ရာစုအစောပိုင်းကတည်းက တည်ရှိခဲ့တဲ့ မြို့ဟောင်းဧရိယာဖြစ်တဲ့ ဖလက်ချာဘရောင်းစကွဲနဲ့ အယ်လ်ပြူဘလို အထိမ်းအမှတ်နေရာ ဝန်းကျင်တဝိုက်မှာတော့ အမွေအနှစ်နေရာဆိုတဲ့ အမည်နဲ့ မလိုက်အောင်ကို အိမ်ခြေမဲ့တွေ ပေါများလှပါတယ်။




လမ်းပေါ်မှာ ဆေးကြောင်ပြီးလွတ်နေတဲ့သူတွေ၊ တယောက်တည်းစကားတွေပြောပြီး လျှောက်သွားနေတဲ့စိတ်မနှံ့သူတွေကို ခပ်စိတ်စိတ်တွေ့ခဲ့ရတာမို့ အံ့သြခဲ့ရပါသေးတယ်။ ဒေသခံ သူငယ်ချင်းတယောက်ကတော့ LA မှာ အိမ်ခြေမဲ့တွေ အရမ်းပေါလာတဲ့အပေါ် ငြီးတွားပါတယ်။ ညပိုင်းတွေဆို လုံခြုံမှုမရှိတာကြောင့် မိန်းကလေးတယောက်တည်း အပြင်ထွက်တာမျိုးရှောင်နေရတယ်လို့ သူမကပြောခဲ့တာပါ။


LA မြို့ ဆင်ခြေဖုံးဘက်ကတွေမှာ တရုတ်စာအနီရောင်လေးတွေ ကပ်ထားတဲ့စုတ်ချာချာအိမ်လေးတွေ၊ ကြီးမားတဲ့ဘုံကျောင်း အဆောက်အအုံကြီးတွေ၊ တရုတ်အစားအသောက်တွေ ရောင်းချနေတဲ့စားသောက်ဆိုင်တွေနဲ့ တရုတ်စာတွေသာရေးထားပြီး မှန်အမည်း အပြည့်ကပ်ထားတဲ့အလှပြင်ဆိုင်တွေ လွှမ်းခြုံနေတဲ့ ရပ်ကွက်တွေလည်း တိုးပွားလာနေပါတယ်။ အယ်လ်ဟမ်ဘရာနဲ့ ဆန်ဂေဘရီယယ်ဘက်တွေမှာဆိုရင် ဆိုင်းဘုတ်တိုင်းဟာ အင်္ဂလိပ်စာတဝက် တရုတ်စာတဝက်တွေ ချည်းပါပဲ။ တချို့နေရာတွေမှာဆိုရင် လူနေအိမ်တွေကြားထဲမှာ စက်ရုံတွေ ကျိုကြားကျိုကြား တည်ဆောက်ထားတာတွေလဲ မြင်ရပါလိမ့်မယ်။


နောက်ပြီး နာမည်ကျော် ဖောရက်စ်လောင်းသင်္ချိုင်းတည်ရှိရာ ဖောရက်စ်လောင်းလမ်းပေါ်ရောက်တဲ့ အခါထူးခြားတဲ့ မြင်ကွင်းတမျိုး မြင်ရပါလိမ့်တယ်။ လမ်းမကြီးတစ်လျှောက်မှာ လမ်းဘေးပန်းသည်တွေ ပြည့်နှက်နေလို့ပါ။ နွမ်းပါးချို့ငဲ့ဟန်ပေါက်နေတဲ့ မက္ကဆီကန်ကလေး၊ လူကြီးတစ်ချို့က ဖြတ်သွားသမျှ လူတွေ၊ ကားတွေတိုင်းကို အလုအယက်ပန်းစီးတွေ လိုက်ထိုးပေးနေကြပါတယ်။ မြင်ကွင်းက ရန်ကုန်က မီးပွိုင့်တွေမှာ စပါယ်ပန်းရောင်းတဲ့ကလေးတွေကို မြင်နေရသလို မြင်ကွင်းမျိုး။


အိမ်ခြေမဲ့နဲ့ ခိုးဝင်မက္ကဆီကန် ပြဿနာတွေ ရှိနေပေမယ့်လည်း တစ်ဖက်မှာတော့ လော့စ်အိန်ဂျယ်လိစ်မြို့ဟာ အရမ်းကို ဖွံ့ဖြိုးတိုးတက်လာနေ ပါတယ်။ လက်ရှိမှာ အမေရိကရဲ့ ဒုတိယမြောက်လူဦး ရေအထူထပ်ဆုံးမြို့ဖြစ်နေပြီဖြစ်သလို ကမ္ဘာပေါ်မှာ ၆ ခု မြောက် အကြီးဆုံးမြို့လည်း ဖြစ်နေပါပြီ။ ကမ္ဘာပေါ်မှာ တိုကျိုနဲ့ နယူးယောက်ခ်ပြီးရင် ကုန်ထုတ်လုပ်နိုင်စွမ်း အမြင့်ဆုံးမြို့ပြ လူ့အဖွဲ့အစည်းအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။ ဒီမြို့ရဲ့ ကုန်ထုတ်စွမ်းရည်က တစ်နှစ်ကို ဒေါ်လာ ၁.၀၄၄ ထရီလီယံအထိ ရှိပါတယ်။




စီးပွားရေးတိုးတက်မှုက ပဲအိမ်ခြေမဲ့တွေကို လက်ယက်ခေါ်နေသလိုဖြစ်နေတာလို့ ဒေသခံတွေက ယူဆကြတယ်။ ဒေသတွင်းမှာ အိမ်ခြေမဲ့တွေအတွက် ပံ့ပိုးကူညီတဲ့စခန်းတွေ အထောက်အပံ့တွေပိုရှိလာတာမို့ တခြားပြည်နယ်တွေကနေ ကျော်ဖြတ်ဝင်လာသူတွေ တိုးပွားလာနေတာပါ။


ဆန်တာ အန်နာဖရီးဝေး ပေါ်ရောက်တော့ လမ်းမကြီးပေါ်မှာ အမှိုက်တွေ၊ ပလက်စတစ်အိတ်၊ ရေသန့်ဘူးတွေ၊ အဝတ်စတွေ၊ စားကျွင်းစားကျန်တွေ၊ တစ်သျှူးစက္ကူတွေ၊ ဘူးခွံတွေ ဟိုတစုဒီတစ်စု ပြန့်ကျဲနေတယ်။ ရေနုတ်မြောင်းတွေဟာလည်း အမှိုက်တွေပေါလောနဲ့၊ အိမ်ခြေမဲ့တွေရဲ့ ပစ္စည်းပစ္စယတွေနဲ့ ရှုပ်ပွလို့။


ဟောလီးဝုဒ်လမ်းမဘက် ပြန်ရောက်သွားချိန်မှာတော့ ဂရက်ဖီတီသမားတချို့ စက္ကူပြားတွေပေါ်မှာ ပုံဆွဲပြီး ရောင်းချနေတာကို တွေ့ခဲ့ရပါတယ်။ ခပ်ငယ်ငယ် လူဖြူကောင်လေးတစ်ယောက်က ပုံတွေဆက်တိုက်ဆွဲနေပြီး သူ့ချစ်သူဖြစ်ဟန်တူတဲ့ အာရှနွယ်ဖွားကောင်မလေးက ပိုက်ဆံအကြွေတွေကို ထိုင်ရေနေတယ်။ ခရီးသွားတွေနဲ့ ဓာတ်ပုံရိုက်ဖို့ စူပါဟီးရိုးဝတ်စုံ ဝတ်ထားတဲ့လူတချို့ကလည်း အတင်းလက်ဆွဲခေါ်နေကြတယ်။




အအေးဓာတ် စတင်ဝင်ရောက်လာပြီ မို့အနွေးအင်္ကျီကို ခပ်တင်းတင်း စွဲစေ့ရင်း တရုတ်တန်းကို ဖြတ်ကျော်လာခဲ့တယ်။ အယ်လ်ပြူဘလိုဘက်ကို ပြန်ရောက်တော့ စိတ်မူမမှန်ဟန်ရှိနေတဲ့ လူဖြူအမျိုးသမီးကြီး တစ်ယောက်က တရုတ်အဘိုးကြီးတယောက်ကို ငြင်းခုံအော်ဟစ်နေတာကို အချိန်အတော်ကြာ ငေးမောနေမိတယ်။ အနီးနားက ပန်းခြံအုတ်ခုံတန်းတွေမှာတော့ ဆေးလိပ်ထိုင်သောက်နေသူတွေ နေဆာလှုံနေသူတွေ၊ မြက်ခင်းပြင်တွေပေါ်မှာ လဲလျောင်းအိပ်စက်နေကြသူတွေနဲ့ LA ရဲ့ ညနေခင်းဟာ အိမ်ခြေမဲ့တွေအကြားမှာ ပုံသေကားကျလည်ပတ်နေတယ်။


ကျွန်တော်လည်း နောက်ထပ်ခရီးတစ်ထောက်ဖြစ်တဲ့ ယိုဆမ်မီတီ အမျိုးသားဥယျာဉ်ဆီကို ခရီးဆက်ဖို့အတွက် လာကြိုမယ့်မော်တော်ယာဉ်ကို စောင့်မျှော်ရင်း ပတ်ဝန်းကျင်မြင်ကွင်းတွေအကြား မျောပါနေမိတာပါ။ အဲ့ဒီနောက်မှာတော့ ဟယ်လီဘယ်ရီ နဲ့ ဒန်နီယယ်ခရိတ်တို့လို အိမ်ခြေမဲ့ဘဝကနေ ကမ္ဘာကျော်ဖြစ်လာသူတွေ၊ ဘရက် ဘက်တ်လာ၊ နာတာရှာ လိုင်ယွန်နီတို့လို နာမည်ကျော်ဘဝကနေ အိမ်ခြေမဲ့ဖြစ်သွားသူတွေရဲ့အကြောင်း သောင်းပြောင်းထွေလာ အတွေးစတွေကို တွေးတောရင်း ယိုဆမ်မတီအမျိုးသားဥယျာဉ်ရှိရာ ကာလီဖိုးနီးယား အလယ်ပိုင်းကို ခရီးဆက်ခဲ့ပါတော့တယ်။


ဆက်ပါဦးမည်...

မောင်မိုးဇွန်

ညနေ ၈:၀၇

၂၄ ဧပြီ ၂၀၁၉


Monywa Gazette

Comments


Featured Review
Tag Cloud

© 2023 by The Book Lover. Proudly created with Wix.com

  • Grey Facebook Icon
  • Grey Twitter Icon
  • Grey Google+ Icon
bottom of page