ကာဘရီယို မှ မက်ဟတ်တန်သို့ (၄)
- မောင်မိုးဇွန်
- May 23, 2019
- 2 min read
'ရွှေတံတား၊ ဘာကလေနဲ့ အနောက်ကမ္ဘာက အာရှမြို့'

ဆန်ဒီယေဂိုမှာ ရက်ပိုင်းလောက်နေပြီးတဲ့နောက်မှာ ကျွန်တော် ဆန်ဖရန်စ္စကို ကို သွားပါတယ်။ ဒါဟာ ဆန်ဖရန်စစ္စကို-လော့စ် အိန်ဂျယ်လိစ်-ယိုဆမ်မတီ ခရီးစဉ်ရဲ့ အစပါပဲ။ ဒီခရီးဟာ ကျွန်တော့်ရဲ့ "ကာဘရီယိုမှ မက်ဟက်တန်သို့" ဆိုတဲ့ ခရီးရှည်ကြီးထဲက ပထမဆုံးသော ခရီးစဉ်တစ်ခုလည်း ဖြစ်ပါတယ်။
မြန်မာပြည်မှာတုန်းက တောထဲတောင်ထဲမရောက်ဘူးတဲ့ ကျွန်တော်ဟာ ကာလီဖိုးနီးယားကိုရောက်မှ မျက်စိတဆုံး ကျယ်ပြောလှတဲ့ သစ်တောကြီးတွေကို မျက်ဝါးထင်ထင် မြင်တွေ့ဖူးတာပါ။
ဆန်ဖရန်စ္စကို အနီးနားက တောင်ကုန်းအထပ်ထပ်တွေကြားမှာ စိမ်းစိုနေတဲ့ ထင်းရူးတောကြီးတွေနဲ့ မျောလွင့်နေတဲ့ တိမ်မျှင်တိမ်သားတွေ ရောယှက်နေပုံကို မြင်ရတာဟာ ဘာနဲ့မှမတူတဲ့ စိတ်ငြိမ်းချမ်းမှုကို ခံစားရစေပါတယ်။
ဆန်ဖရန်စစ္စကို လေဆိပ်ကိုရောက်ပြီဆိုတာနဲ့ အရင်ဆုံးမြင်ရမှကတော့ အာရှသားတွေပါပဲ။ အာရှနိုင်ငံတစ်ခုကို ရောက်နေသလိုကို ထင်မှတ်မှားစရာပါ။ လေဆိပ်သန့်ရှင်းရေးကနေစပြီး ဖိနပ်တိုက်သမား၊ အနှိပ်သည်၊ အရောင်းဝန်ထမ်း၊ ဆောက်လုပ်ရေး အလုပ်ကြမ်းသမားသာမက ရဲ၊ စစ်သား၊ လူမှုဝန်ထမ်းအရာရှိနဲ့ အကောက်ခွန်အရာရှိတွေအထိ အာရှ မျက်နှာပေါက်နဲ့ လူတွေချည်းမြင်ရပါလိမ့်မယ်။

ကာလီဖိုးနီးယားပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ ဆန်ဖရန်စစ္စကိုမှာ ဘယ်လောက်တောင် အာရှသားများသလဲဆိုရင် ရောက်ရောက်ချင်းနေ့မှာ The Great Mall ကိုရောက်သွားတော့ နာမည်ကြီးကုန်အမှတ်တံဆိပ် ပစ္စည်းအရောင်းဆိုင်တိုင်းမှာ ရောင်းသူရော ဝယ်သူပါ အာရှနွယ်ဖွားတွေချည်းဖြစ်နေလို့ ခုရောက်နေတာ အမေရိကလား စင်ကာပူလားလို့ နောက်ပြောင်ခဲ့ရတဲ့အထိပါပဲ။
လူဦးရေ ၉ သိန်းနီးပါးရှိတဲ့ ဆန်ဖရန်စစ္စကိုမှာ အာရှနွယ်ဖွား ၃၃% အထိ ရှိပါတယ်။ ဥရောပအနွယ်လူဖြူ ၄၈% သာရှိပြီး စပိန်စကားပြော ဟစ္စပန်နစ်တွေက ၁၅% လောက်သာ ရှိပါတယ်။ အာရှသားတွေထဲမှာ လူအင်အားအများဆုံးကတော့ တရုတ်နွယ်ဖွားတွေဖြစ်ပြီးတော့ အာရှနွယ်ဖွားအားလုံးရဲ့ ၃ ပုံ ၂ ပုံကျော်အထိရှိပါတယ်။ တရုတ်တန်း၊ ဆန်းဆက် စီရင်စုနဲ့ ရစ်ခ်ျမွန် စီရင်စုဘက်တွေမှာ အများဆုံးနေထိုင်ကြပါတယ်။ တရုတ်တွေပြီးရင် လူအင်အားအတောင့်ဆုံးကတော့ ဖီလစ်ပီနိုတွေနဲ့ ဗီယက်နမ်တွေပါပဲ။ ဆန်ဖရန်စစ္စကို ခရိုင်ထဲက ဒါလေစီးတီးဟာ အမေရိကမှာ ဖီလစ်ပီနိုတွေ အများဆုံးနေတဲ့နေရာပါ။
ဆန်ဖရန်စစ္စကို ရောက်ပြီး နောက်တနေ့ မနက်ခင်းစောစောပိုင်းမှာတော့ ဒီမြို့ရဲ့ နာမည်ကျော် ဖစ်ရှားမန်းစ် ဝှါ့ဖ်နဲ့ လွန်းဘာ့ဒ်လမ်းရဲ့ နေထွက်ချိန်အလှကို ကြည့်ဖို့ ခပ်စောစောထွက်ခဲ့တယ်။ ပိုဝဲလ်လမ်းနဲ့ မားကက်လမ်းထောင့်ကနေ ကေဘယ်လ်ရထား စစီးပြီး လွန်းဘာ့ဒ်လမ်းအထိသွားဖို့ပါ။ ဒီခရီးအတွက် ရထားခက တယောက်ကို ၇$ ကျပြီး စပါယ်ယာလုပ်တဲ့လူမည်းအမျိုးသားကြီးကတော့ အတော်အပေါက်ဆိုးလှပါတယ်။ ၁၅ ပေလောက်ရှည်ပြီး ခုံတန်း ၂ ဘက်ပါတဲ့ ကေဘယ်ရထားလေးထဲကို လူ ၇၀ ကျော် ငါးပိသိပ် ငါးချဉ်သိပ်ထိုးသိပ်ထည့်ပြီး ခေါ်သွားခဲ့တာပါ။ ငယ်ငယ်တုန်းက ရန်ကုန်မှာ ဘတ်စ်ကားတွယ်စီးနေကြ ကိုယ်ကတော့ ကေဘယ်လ်ရထားကို တွယ်စီးခဲ့ရတာဟာ ပြဿနာတော့မဟုတ်ခဲ့ပါဘူး။

ဆန်ဖရန်စစ္စကို ကေဘယ်လ်ရထားလမ်းကြောင်းဟာ ၁၈၇၃ ခုနှစ်ကတည်းက စတင်ဖောက်လုပ်ပြေးဆွဲခဲ့တဲ့ရထားလမ်းကြောင်းတစ်ခုဖြစ်တာမို့ ခုဆို နှစ်ပေါင်း ၁၅၀ နီးပါး သက်တမ်းရှိနေပြီဖြစ်ပါတယ်။ မြို့လယ်ခေါင်ဖြစ်တဲ့ ယူနီယံရင်ပြင်ကနေ ဆိပ်ခံတံတားတွေတည်ရှိရာ ဖစ်ရှားမန်းစ် ဝါ့ဖှ်အထိ တိုက်ရိုက်ဖောက်လုပ်ထားတာဖြစ်ပါတယ်။ ဆန်ဖရန်စစ်ကိုဟာ ကမ်းခြေနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ တောင်ကုန်းမြို့ဖြစ်ပြီး ရထားလမ်းဖောက်လုပ်ထားရာနေရာဟာလည်း ကုန်းအမြင့်ပိုင်းမှာဖြစ်တာမို့ ရထားစီးရင်း မနက်ခင်းနေထွက်ချိန်ကိုကြည့်ရတဲ့ ခံစားချက်က ထူးကဲငြိမ်းချမ်းတဲ့ သဘာဝအလှ အရသာတစ်ခုကို ရစေပါလိမ့်မယ်။
လွန်းဘာ့ဒ်လမ်းထောင့်ရောက်တော့ ကျွန်တော်လဲ ရထားပေါ်က ဆင်းလိုက်ပြီး လမ်းထဲချိုးဝင်ခဲ့ပါတယ်။ လွန်းဘာ့ဒ်လမ်းဟာ မတ်စောက်တဲ့ အဆင်းလမ်းတစ်ခုဖြစ်ပြီး မော်တော်ယာဉ်တွေ ဆင်းရအဆင်ပြေအောင် တောင်ကုန်းပေါ်ကနေ ပစိဖိတ်သမုဒ္ဒရာနားရောက်တဲ့အထိ မြွေလိမ်မြွေကောက်သဏ္ဍာန်ဖောက်လုပ်ထားတဲ့လမ်းဖြစ်တာမို့ ကမ္ဘာလှည့်ခရီးသွားတွေ သဘောကျကြတဲ့နေရာပါ။
လွန်းဘာ့ဒ်လမ်းထဲ လမ်းလျှောက်ပြီးတဲ့နောက်မှာ နာမည်ကျော် Golden Gate တံတားဘက် ခရီးဆက်ပါတယ်။ တံတားချဉ်းကပ်လမ်းနားမှာ အလှဓာတ်ပုံရိုက်လို့ရတဲ့ ပန်းခြံလေးရှိနေတာမို့ ကမ္ဘာလှည့်ခရီးသည်တွေအကြိုက်ပါပဲ။ အထင်ကရနေရာပီပီ ခရီးသွားဧည့်သည်တွေ အရမ်းများနေတာကြောင့် ဓာတ်ပုံအနည်းအကျဉ်းရိုက်ပြီး မြို့ထဲက ဆိပ်ခံတံတားတွေဘက် ဆက်ထွက်လာခဲ့ပါတယ်။ ဂိုးလ်ဒင်းဂိတ် တံတားရောက် အမှတ်တရကတော့ အမျိုးသားအိမ်သာပိတ်ထားလို့ အမျိုးသားတွေ အမျိုးသမီးအိမ်သာထဲကို အလှည့်ကျ ဝင်တက်ခဲ့ရတာပါပဲ။

Pier 39 ဆိပ်ခံတံတားကိုရောက်တော့ အဲ့ဒီဆိပ်ခံတံတားရဲ့ဘေးကပ်လျက်မှာ အဏ္ဏဝါပြတိုက်ရှိနေပေမယ့် ကျွန်တော် ဒီကိုလာရတဲ့အကြောင်းအရင်းက နေ့လည်စာစားဖို့ပါ။ Pier 39 မှာ ကြက်ပျံမကျ စည်ကားတဲ့ ၂ ထပ် ဈေးဆိုင်တန်းကြီးရှိပါတယ်။ အမှတ်တရပစ္စည်းဆိုင်တွေ၊ အီတလီ၊ ပြင်သစ်၊ ဂျပန်၊ အမေရိကန်စားသောက်ဆိုင်တွေအပြင် လမ်းညွှန်ဆိုင်းဘုတ်မှာ ဖော်ပြထားချက်အရ မြန်မာစားသောက်ဆိုင်တစ်ဆိုင်တောင် ရှိနေပါသေးတယ်။ ဆိုင်နာမည်က Rangoon Ruby လို့ဖော်ပြထားပြီး ဖွင့်ဖို့ပြင်ဆင်နေတုန်းမို့ မဝင်ဖြစ်ခဲ့ပါဘူး။
နောက်ပိုင်းမှ သိရတာက အဲ့ဒီဆိုင်ကို ဗမာ-တရုတ်နွယ်ဖွား လုပ်ငန်းရှင် ၂ ဦးက ပိုင်ဆိုင်ပြီး ကာလီဖိုးနီးယားမှာ နာမည်ကျော်တဲ့ စားသောက်ဆိုင်လုပ်ငန်းတစ်ခုပါတဲ့။ ဆိုင်ခွဲလဲ ၆ ဆိုင်လောက်ရှိပါတယ်။ ဆိုင်ဝန်ထမ်း ၃၀၀ ကျော်ကို အချိန်ပိုလုပ်ခမပေးပဲ အလုပ်ချိန်ပိုမိုခိုင်းစေမှုကြောင့် အလုပ်သမားလစာငွေ ဒေါ်လာ ၁ သန်း နဲ့ နစ်နာမှုလျော်ကြေးငွေ ဒေါ်လာ ၄ သန်းတို့ကို ပေးဆောင်ဖို့ ကာလီဖိုးနီးယားအလုပ်သမားကော်မရှင်က ပြစ်ဒါဏ်ချမှတ်တာ ခံထားရတယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြထားပါတယ်။ Pier 39 ဆိပ်ခံတံတားက ဆိုင်သစ် ဖွင့်လှစ်ဖို့ နှောင့်နှေးနေတာဟာ အဲ့ဒီအမှုကိုစ္စကြောင့်ဖြစ်နိုင်တယ်လို့ ကာလီဖိုးနီးယားက အသိမိတ်ဆွေတစ်ဦးကလည်း သုံးသပ်ပါတယ်။ ဒါပေမယ့်လည်း ကာလီဖိုးနီးယားတခွင်မှာ ခုလို ပြစ်မှုမျိုး ကျူးလွန်နေတဲ့ စားသောက်ဆိုင်တွေ အများကြီးကျန်နေသေးတယ်လို့ Standard Daily သတင်းစာက အာရှနွယ်ဖွားအယ်ဒီတာတစ်ယောက်က ဖေါက်သည်ချတာကို ကြားခဲ့ရပါသေးတယ်။
ကျွန်တော်လည်း ဟိုဟိုဒီဒီလျှောက်ကြည့်ရင်း အပေါ်ထပ်က တစ်ခုတည်းသော ဂျပန်စားသောက်ဆိုင်ကိုရွေးချယ်လိုက်ပါတယ်။ ဒီဆိုင်က အစားအသောက်ကောင်းသလို မထင်မှတ်ပဲ သမိုင်းဝင်အယ်လ်ကာထရက်ဇ် အကျဉ်းထောင်ဟောင်း (ယခုပြတိုက်) မြင်ကွင်းကို ခံစားနိုင်တဲ့ နေရာကောင်းလေးမှာလည်း ထိုင်ခွင့်ရခဲ့တာမို့ နေ့လယ်စာကို ကျကျနန ဇိမ်ရှိရှိလေး လွေးခဲ့ရပါတော့တယ်။

ပြည်သူ့စင်တာ (မြို့တော်ခန်းမ) က ဆန်ဖရန်စစ္စကို မြို့လယ်ခေါင်က မားကက်လမ်းမပေါ်မှာ တည်ရှိပါတယ်။ နေ့လယ်စာစားပြီး ကျွန်တော် အဲ့ဒီကိုရောက်သွားချိန်မှာ နေအတော်မြင့်နေပါပြီ။ နေသာပေမယ့် ရာသီဥတုက ချမ်းစိမ့်စိမ့်ရှိနေတုန်းပါ။ ပြည်သူ့စင်တာ ဝန်းကျင်မှာ ပြည်သူ့စင်တာပလာဇာနဲ့ ယူနိုက်တက်နေးရှင်းပလာဇာဆိုပြီး ရင်ပြင် ၂ ခု ရှိတယ်။ အဲ့ဒီနားဝန်းကျင်တဝိုက်မှာရှိတဲ့ အဆောက်အအုံတွေက ဝိတိုရိယခေတ် လက်ရာ ရှေးဟောင်း အဆောက်အအုံတွေများပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေ ခြေချင်းလိမ်နေသလို အိမ်ခြေမဲ့တွေလည်း ပေါပေါများများမြင်ရပါလိမ့်မယ်။ အိမ်ခြေမဲ့တွေထဲမှာလည်း အာရှနွယ်ဖွားတွေ အများအပြားပါပဲ။ ရင်ပြင်ထဲမှာ အနုပညာပြပွဲတွေလုပ်နေတာလည်း မြင်ခဲ့မိတယ်။
ဒါ့အပြင် ဆီလီကွန်ဗယ်လီဘက်လည်း သွားဖြစ်ခဲ့တာမို့ Google Cloud၊ Youtube၊ Oracle၊ Microsoft စတဲ့ ထိပ်တန်းနည်းပညာကုမ္ပဏီတွေရဲ့ ရုံးအဆောက်အအုံတွေဆီရောက်ခဲ့တယ်။ ကူပါတီနိုဘက်ဆက်မသွားဖြစ်ခဲ့တာမို့ Apple ရဲ့ နာမည်ကျော် စက်ဝိုင်းပုံ ရုံးသစ်ဆီကိုတော့ မမြင်ခဲ့ရပါဘူး။ ညနေပိုင်းလောက်မှာ ဘာကလေတက္ကသိုလ်ဘက်ကိုသွားခဲ့ပြီး လမ်းမှာ Modzilla ရုံးရှေ့တည့်တည့်ကနေ ဖြတ်သွားရင်း ငေးရမောရပါသေးတယ်။

ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်တွေထဲမှာ တခုအပါအဝင်ဖြစ်တဲ့ ဘာကလေ တက္ကသိုလ်ကတော့ အထင်ကြီးဖွယ် အဆောက်အအုံကြီးတွေနဲ့ ကမ္ဘာ့အကောင်းဆုံး သုတေသနစင်တာကိုလည်းပိုင်ဆိုင်ထားပါတယ်။ ကျောင်းဝန်းဟာ သီးခြားမဟုတ်ပဲ မြို့နဲ့တသားထဲလိုဖြစ်နေတဲ့ ထူးခြားတဲ့ကျောင်းပါ။ အမေရိက က ကျောင်းတွေဟာ တသီးတခြား ခြံနဲ့ဝန်းနဲ့ ဖြစ်ကြပေမယ့် ဘာကလေကတော့ ကျောင်းဝန်းကို ဘာခြံစည်းရိုးမှမထားသလို မြို့နဲ့လည်း လမ်းမတခုသာခြားထားပါတယ်။ ဆန်ဒီယေဂိုမှာတုန်းကဆို ဆန်ဒီယေဂိုတက္ကသိုလ်နဲ့ မီဆာ ကောလိပ်တို့ဟာ သီးခြားတောင်ကုန်း တခုစီပေါ်မှာ သီးသန့်ခြံဝန်းနဲ့ တည်ဆောက်ထားကြတာပါ။
အထင်ကြီးလောက်ဖွယ် အင်္ဂါရပ်တွေနဲ့ပြည့်စုံတဲ့ ဘာကလေတက္ကသိုလ်ဟာ အမှိုက်တွေ ရှုပ်ပွနေတာတော့မြင်ခဲ့ရပါတယ်။ အထူးသဖြင့် အိမ်သာတွေဟာ ညစ်ပတ်လွန်းပြီး အိမ်သာထဲမှာ တစ်သျှူးတွေ တောင်လိုရာလိုပုံနေတဲ့အထိ ဆိုးရွားတာပါ။ မြို့နဲ့ တစ်ဆက်စပ်တည်းဖြစ်နေတာမို့ ကျောင်းဝန်းထဲမှာ အိမ်ခြေမဲ့တွေလည်း ရှိပါတယ်။ ကျောင်းစားရိတ် တစ်နှစ်ဒေါ်လာ ၅၆၀၀၀ လောက်ပျမ်းမျှကျသင့်တဲ့ ထိပ်တန်းတက္ကသိုလ်ကြီးထဲမှာ အိမ်ခြေမဲ့တွေနဲ့ ညစ်ပတ်တဲ့အိမ်သာတွေမြင်ခဲ့ရတာတော့ စိတ်စနိုးစနှောင့်ဖြစ်စရာပါ။
ဘာကလေကနေ တည်းမယ့်ဟိုတယ်ကို ပြန်တော့ ညနေအတော်စောင်းနေပါပြီ။ ဒီမှာက ၇ နာရီကျော်လောက်မှနေဝင်တာမို့ မှောင်တော့ မမှောင်သေး။ ဟိုတယ် ဧည့်ကြိုကောင်တာက ဟစ္စပန်းနစ်နွယ်ဖွားအမျိုးသမီးရဲ့ ပြောပုံဆိုပုံက ခပ်ချေချေအမူအရာနဲ့မို့ အတော်လေး စိတ်မသက်သာစရာဖြစ်ခဲ့ရပါသေးတယ်။ လက်အောက်ဝန်ထမ်းဖြစ်ဟန်တူတဲ့ အာရှသား လူငယ်လေးကတော့ ဖော်ဖော်ရွေရွေနဲ့ကူညီရှာပါတယ်။ ကိုယ်လည်း ဧည့်ကြိုကောင်တာက သတင်းစာတစ်စောင်ကို ဆွဲယူပြီး ဟိုတယ်ခန်းဆီ ထွက်လာခဲ့ပါတယ်။ နောက်တနေ့မနက်စောစောမှာ LA ကို ခရီးဆက်ရဦးမှာမို့ ဒီနေ့ အနားယူရမယ်မဟုတ်လား။
ဆက်ပါဦးမည်
မောင်မိုးဇွန်
နံနက် ၁၀ : ၂၆
၂၄ ဧပြီ ၂၀၁၉
Monywa Gazette
コメント