top of page

ကာဘရီယိုမှ မက်ဟက်တန်သို့ - ၃

  • မောင်မိုးဇွန်
  • May 11, 2019
  • 1 min read

'ပထမကမ္ဘာရဲ့ ကောင်းကင်ဘုံ'

ကာဘရီယိုကနေ မြောက်ဘက်ကို ဆက်သွားရင် လဟိုယာ၊ ဒယ်လ်မာတို့လို နာမည်ကျော်သူဌေးရပ်ကွက်တွေကို ရောက်ပါမယ်။ လဟိုယာရဲ့ အမှတ်သင်္ကေတက တောင်ကုန်းခပ်နိမ့်နိမ့်တွေပေါ်မှာ ဆောက်ထားတဲ့ စပိန်တောင်ပိုင်းစတိုင်တိုက်ပုလေးတွေ၊ ယူကလစ်ပင်တွေ၊ စက္ကူပန်းပင်တွေ၊ စင်ရော်တွေ၊ ငှက်ကြီးဝန်ပိုတွေနဲ့ ပင်လယ်ဖျံတွေပါပဲ။ ကျွန်တော် လဟိုယာဘက်ရောက်ချိန်မှာတော့ ဖျံတွေ မတွေ့ခဲ့ရပါဘူး။


လဟိုယာရပ်ကွက်လမ်းတွေထဲ လျှောက်သွားရတဲ့အရသာက အတော် မိုက်ပါတယ်။ တဖက်မှာ တောင်ကုန်းလေးပေါ် တက်နေရင်း တဖက်က ပြာလဲ့နေတဲ့ ပစိဖိတ်သမုဒ္ဒရာကြီးကို ငေးကြည့်ခွင့်ရှိနေတာမို့ပါ။ မေမြို့မှာ လမ်းလျှောက်ရင်း ငပလီကို မြင်နေရသလိုမျိုးပါ။


ကိုရိုနာဒို ကမ်းခြေ


ဒါကြောင့်လည်း ဒီဒေသဟာ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး ရပ်ကွက်တစ်ခုဖြစ်လာတာပါ။ လဟိုယာက အိမ်အများစုကို ဥရောပက သူဌေးတွေက သိမ်းပိုက်ထားပြီး ဥရောပရဲ့ အေးစက်ပြင်းထန်လှတဲ့ ဆောင်းကာလတွေကို ရှောင်လွှဲဖို့ ဒီမှာလာပြီး အပန်းဖြေတတ်ကြပါတယ်။


ပြည်နယ်အစိုးရကလည်း လဟိုယာကို ရှုခင်းအလှကြည့်ရှုရာနေရာအဖြစ်သတ်မှတ်ထားတာမို့ ဒီအရပ်မှာ ပေ ၃၀ အမြင့်ထက် ကျော်ပြီး အထပ်မြင့်အဆောက်အအုံ ဆောက်ခွင့်မရှိပါဘူး။ လဟိုယာတောင်ကုန်းတွေပေါ်က မြင်နေရတဲ့ သဘာဝရှုမျှော်ခင်းတွေကို အနှောင့်အယှက်ဖြစ်စေမယ့် အဆောက်အအုံတွေကိုလည်း ပေးမဆောက်ပါဘူး။ ဒါကြောင့် ဒီနေရာမှာ ရှေးဟောင်း တိုက်ပုလေးတွေနဲ့ အလွန်အမင်း ခေတ်ဆန်မနေတဲ့ ရိုးရိုးရှင်းရှင်း အထပ်မြင့်အဆောက်အအုံတချို့သာ ရှိပါတယ်။


ကျွန်တော်တို့ဆီမှာတော့ အမွေအနှစ်အဆောက်အအုံတွေနဲ့ ရှေးဟောင်း အဆောက်အဦးတွေကို ထိမ်းသိမ်းဖို့အရေးဟာ ရုံးကန်နေရဆဲ အခြေအနေတရပ်မှာပါ။



ကိုရိုနာဒို တစ်နေရာ

အမေရိကန်ကို ပထမကမ္ဘာလို့ အမှတ်သညာပြုကြပါတယ်။ ဆန်ဒီယေဂိုဟာ ပထမကမ္ဘာရဲ့ အကောင်းဆုံးနေရာလို့ သတ်မှတ်ခံရတဲ့မြို့ပါ။ လဟော်ယာကတော့ အကောင်းဆုံးမြို့ထဲက ကောင်းကင်ဘုံပါပဲ။


မြို့တစ်ခွင်မှာ ဖောက်လုပ်ထားတဲ့လမ်းတွေက အတော်ကောင်းတာကြောင့် သွားရလာရ သက်သောင့်သက်သာရှိလှပေမယ့် မြို့ကြီးပြကြီးတို့ရဲ့ထုံးစံအတိုင်း ကားကျပ်တဲ့ပြဿနာကတော့ ကြုံရပါတယ်။


ဆန်ဒီယေဂိုမှာ လူချမ်းသာတွေနေတဲ့ နောက်ထပ် နေရာကတော့ ကိုရိုနာဒိုကျွန်းဆွယ်ပေါ်က ကိုရိုနာဒိုမြို့လေးပါ။ ကိုရိုနာဒိုဟာ ကာဘရီယိုအငူနဲ့ ဆန်တီယေဂို မြို့လယ်ခေါင်တို့ရဲ့ကြားက ပင်လယ်ပြင်ထဲမှာ ထီးထီးကြီးတည်ရှိနေတဲ့ ကျွန်းဆွယ်တခုဖြစ်ပါတယ်။

ဟိုတယ် ဒယ် ကိုရိုနာဒို



လာဟိုယာလို အမြင့်ပိုင်း ဧရိယာမဟုတ်ပဲ မြေညီမြေပြန့်နေရာဖြစ်ပြီး ကျယ်ပြန့်ပြီး လှပတဲ့ ပစိဖိတ်ကမ်းခြေလည်းရှိပါတယ်။ ကမ်းခြေတစ်လျှောက် တန်ဖိုးကြီး စံအိမ်ကြီးတွေ ပြည့်နှက်နေတဲ့ နေရာတစ်ခုပါ။ အမေရိကတစ်လွှားက ထိပ်သီး သူဌေးတစ်ချို့ရဲ့ ဒေါ်လာသန်းချီတန် စံအိမ်ကြီးတွေကို ကမ်းခြေတစ်လျှောက်အပြိုင်အဆိုင်တွေ့နိုင်သလို ထိပ်တန်းပုဂ္ဂိုလ်တွေရဲ့ အငယ်အနှောင်းကိစ္စ အပုပ်နံ့တွေ မကြာခန စတင်ထွက်ပေါ်ရာ နေရာလည်းဖြစ်ပါတယ်။ အထူးသဖြင့် မိန်းမကြောက်ရသလို မျှာလည်းပွေတယ်လို့ နာမည်ကြီးတဲ့ အမေရိကန် သမ္မတဟောင်း ဘီလ် ကလင်တန်ရဲ့ ဇာတ်လမ်းဟာ ဒီဒေသရဲ့ လူပြောအများဆုံးပုံပြင်ပါပဲ။ ကလင်တန်ဟာ သူ သမ္မတဖြစ်ဖို့ ရွေးကောက်ပွဲ ကုန်ကျစားရိတ် ငွေကြေးတွေ အဓိက ပံ့ပိုးပေးခဲ့တဲ့ သူဌေးကြီးတဦးရဲ့ ဇနီးနဲ့ ဇာတ်လမ်းတွေရှိခဲ့တာပါ။


ဒါ့အပြင် ဆန်တီယေဂိုခရိုင်မှာ ဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ မြန်မာပြည်ဖွား ချင်းအမျိုးသမီး ရေဘက်ကာ ဇဟူ အသတ်ခံရတဲ့ စံအိမ်ကလည်း ကိုရိုနာဒိုကမ်းခြေမှာ ရှိခဲ့တာပါ။ ဆေးဝါးကုမ္ပဏီပိုင်ရှင် Single Father တစ်ယောက်နဲ့ စုံတွဲခုတ်နေခဲ့တဲ့ ဇဟူဟာ သူ့ချစ်သူရဲ့ ကလေးငယ် အိမ်တွင်းမတော်တဆမှုတစ်ခုကြောင့် သေဆုံးခဲ့ပြီး ၂ ရက်အကြာမှာ အိမ်ရှေ့ဝရံတာမှာ ကြိုးဆွဲချသေဆုံးနေတာကို ပတ်ဝန်းကျင်က မြင်တွေ့ခဲ့ကြရပါတယ်။ ဒေသခံရဲတွေက သေကြောင်းကြံစည်မှုအဖြစ် သတ်မှတ်ပြီး အလျှင်အမြန် အမှုပိတ်ခဲ့သလို သူမရဲ့ ချစ်သူကလည်း သူမသေဆုံးပြီးပြီးခြင်းမှာပဲ အိမ်ကို အလျှင်အမြန်ရောင်းချပြီး နေရာပြောင်းရွှေ့သွားခဲ့ပါတယ်။ အဆိုပါအိမ်ကို ဝယ်ယူသူကလည်း စံအိမ်ကို ချက်ခြင်းဖြိုချပြီး အသစ်ပြန်ဆောက်ခဲ့တာမို့ သက်သေဖျောက်ဖျက်ဖို့ လက်ဝါးချင်းရိုက်ပြီး ညှိနှိုင်းလုပ်ခဲ့ကြတာလို့ ဒေသခံတွေက သုံးသပ်ခဲ့ကြပါတယ်။


ဆန်ဒီယေဂို-ကိုရိုနာဒို တံတား


ကျန်ရစ်သူ မိသားစုဝင်တွေကတော့ ဒါဟာ သေကြောင်းကြံစည်မှုမဟုတ်ဘူးဆိုပြီး အမှုဆက်လက်ရင်ဆိုင်ဖို့ကြိုးစားခဲ့တာကြောင့် ၂၀၁၈ ခုနှစ် ဧပြီလ၊ အမှုဖြစ်ပွားပြီး ၈ နှစ်အကြာမှာ တရားရုံးဆုံးဖြတ်ချက်နဲ့အတူ နစ်နာကြေး ဒေါ်လာ ၅.၂ သန်းရသွားခဲ့ပါတယ်။


ကျွန်တော် ကိုရိုနာဒိုဘက်ရောက်သွားချိန်မှာတော့ အဲ့ဒီစံအိမ်ကြီးရှိခဲ့တဲ့နေရာနဲ့ ကလင်တန်ရဲ့ ဇာတ်လမ်းမှာ အဓိက ပါဝင်ခဲ့တဲ့ ဟိုတယ် ဒယ်လ် ကိုရိုနာဒိုတို့ကို သွားကြည့်ခဲ့ပါသေးတယ်။ ကမ္ဘာ့ထိပ်တန်း ဒီမိုကရေစီနိုင်ငံကြီးမှာတောင် ငွေ၊ အာဏာတွေကို သုံးပြီး ဥပဒေကို လက်တလုံးခြားလုပ်နေကြပုံတွေအကြောင်းတွေးမိတော့ လူတွေဟာ ဘယ်နိုင်ငံ ဘယ်နေရာမှာပဲဖြစ်ဖြစ် ဒီလိုပါပဲလားလို့ သံဝေဂရမိပါရဲ့။


ဆက်ပါဦးမည် ...


မောင်မိုးဇွန်

နံနက် ၈:၅၅

၂၀ ဧပြီ ၂၀၁၉



Comentarios


Featured Review
Tag Cloud

© 2023 by The Book Lover. Proudly created with Wix.com

  • Grey Facebook Icon
  • Grey Twitter Icon
  • Grey Google+ Icon
bottom of page