ကာဘရီယိုမှ မက်ဟက်တန်သို့ - ၂
- မောင်မိုးဇွန်
- May 6, 2019
- 2 min read
'စစ်သားဟောင်းကြီးများ ဘယ်တော့မှ မသေ'

ကျွန်တော် ဆန်ဒီယေဂိုရောက်ချိန်က နွေဦးမို့ ရာသီဥတုက အတော်သာယာပြီး နေလို့ကောင်းတယ်။ ဆောင်းလေခပ်အေးတွေ ကျန်နေသေးသလို နေခြည်နွေးနွေးတွေလည်း ယှက်ဖြာနေတတ်တဲ့ကာလပေါ့။ တစ်နှစ်လုံးမှာ အသာယာဆုံးအချိန်လို့ လူတိုင်းပြောကြတယ်။
ဆန်ဒီယေဂိုကမ်းခြေဟာ မြင်သာအောင်ပြောရရင် ကလောနဲ့ ငပလီပေါင်းစပ်ထားသလိုပဲ။ ဒီဒေသမှာ နွေဦးကာလဆိုရင် လမ်းဘေး ဝဲယာတွေမှာ အလေ့ကျပေါက်နေတဲ့ ခရမ်းသွေးရောင် ကာလီဖိုးနီးယားဘိန်းပန်းတွေ၊ ဒုဓလီပန်း ဝါဝါလေးတွေ၊ ပြာလဲ့လဲ့ ချီကိုရီပန်းလေးတွေပြည့်နှက်နေတတ်တယ်။
ကျွန်တော်နေတဲ့ ဘယ်လ်ဘိုအာရိပ်သာကနေ မြို့ရဲ့အရှေ့ဘက်ကို ထွက်တဲ့ လမ်းဘေးဝဲယာတစ်လျှောက်မှာ အဲ့ဒီလို အလေ့ကျပန်းပင်လေးတွေ သဘာဝအတိုင်း ဖွေးေးဖွေးလှုပ် ပွင့်နေတာမြင်ခဲ့ရတယ်။
လမ်းတစ်ဖက်တစ်ချက်စီမှာ အရိုင်းပန်းတွေနဲ့အပြိုင်နေရာယူထားတာက စစ်တပ်ဧရိယာတွေနဲ့ တားမြစ်နယ်မြေဖြစ်ကြောင်း သတိပေးဆိုင်းဘုတ်တွေပါပဲ။ ကိုယ်တွေတိုင်းပြည်မှာ တပ်မြေကိစ္စ ဟိုအသံဒီအသံတွေထွက်နေပေမယ့် အမေရိကမှာတော့ စစ်တပ်ရှေ့မှာ ကားတောင်ပျက်ခွင့်မရှိဘူးလို့ ဒေသခံတွေက ပြောပြကြတယ်။

ဆန်ဒီယေဂိုက နယ်စပ်မြို့ဖြစ်တဲ့အပြင် မရင်းတပ်၊ ကမ်းခြေစောင့်တပ်နဲ့ ရေတပ်ပါ အခြေစိုက်ထားတဲ့မြို့ဖြစ်တာမို့ ဒီမြို့မှာ စစ်တပ်အခြေစိုက်စခန်း ၇ ခုတောင်ရှိပါတယ်။ ကျွန်တော်နေတဲ့ ဘယ်လ်ဘိုအာရိပ်သာနားမှာ မီရမာ မရင်းတပ်ဖွဲ့လေတပ်စခန်းရှိပြီး အိမ်ကလည်း တောင်ကုန်းခပ်မို့မို့ပေါ်မှာဆိုတော့ တနေ့တနေ့ လက်နက်အပြည့်အစုံနဲ့တက်လာတဲ့ F-15 Eagle တိုက်လေယာဉ်တွေကို မမြင်ချင်မှအဆုံးပါပဲ။
တကယ်တမ်းအားဖြင့် ဆန်ဒီယေဂိုက အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးလုပ်ငန်းတွေအတွက် အရေးပါတဲ့မြို့ပါ။ ဒီမြို့မှာ အမေရိကန်အနောက်ဘက်ကမ်းရိုးတန်းရဲ့ အကြီးဆုံး မရင်းတပ်ဖွဲ့နဲ့ ရေတပ် အခြေစိုက်စခန်းတွေ အခြေစိုက်ထားပါတယ်။ ရေတပ်စခန်းဌာနချုပ်တစ်ခုတည်းမှာတင် တပ်ဖွဲ့ဝင် ၂ သောင်းနဲ့ အရပ်သားဝန်ထမ်း ၆၀၀၀ ရှိပါတယ်။ ဆန်ဒီယေဂို မရင်းတပ်ဖွဲ့ စစ်သားစုဆောင်းရေးစခန်းဟာ တစ်နှစ်ကို တပ်သားသစ် ၂၁၀၀၀ ကို ပုံမှန် လေ့ကျင့်မွေးထုတ်ပေးနေပါတယ်။ ပွိုင့်လိုမာ ရေတပ်စခန်းဆိုရင်လည်း ရေမြှုပ်မိုင်းနဲ့ ရေငုပ်သင်္ဘောရန် ကာကွယ်ရေးတာဝန်ယူထားရတဲ့ တပ်မဟာ ၃ ရေတပ်အုပ်စုရဲ့ တပ်မှူးအခြေစိုက်ရာစခန်းဖြစ်ပါတယ်။ ဒီစခန်းကနေ လေကြောင်းနဲ့ရေကြောင်း ကာကွယ်ရေးစနစ်တွေကို ညွှန်ကြားပါတယ်။ ဒီမြို့မှာရှိတဲ့ မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှု၊ ရှော့ပင်းမောလ်၊ စားသောက်ဆိုင် စတာတွေမှာ စစ်သားတွေအတွက် သီးခြားဝန်ဆောင်မှုတွေ ရှိပါတယ်။

ဆန်ဒီယေဂို အပါအဝင် အမေရိကန် အနောက်ဘက် ကမ်းရိုးတန်းက မြို့ကြီးတွေရဲ့ ဖွံ့ဖြိုးလာမှုသမိုင်းမှာ တပ်နဲ့ တပ်မိသားစုဝင်တွေရဲ့ ပါဝင်ပတ်သက်မှုက အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နေတယ်လို့ သမိုင်းပညာရှင် ဂရက်ဂ် ဟန်နဆေးက ရေးသားခဲ့ဖူးပါတယ်။
ဒေသရဲ့ နာမည်ကျော် ရပ်ကွက်ကြီးတစ်ခုဖြစ်တဲ့ ပွိုင့်လိုမာရိပ်သာဘက်မှာဆိုရင် ရေတပ်ကပိုင်ဆိုင်ထားတဲ့ နေရာက အချက်အခြာအကျဆုံးဧရိယာဖြစ်ပါတယ်။ အဲ့ဒီမှာ အရာရှိရိပ်သာတွေ အခိုင်အမာ ဆောက်ထားတာပါ။
နာမည်ကျော် ခရီးသွားဧရိယာတစ်ခုဖြစ်တဲ့ ကာဘရီယို ကျွန်းဆွယ်မှာဆိုလဲ ကမ်းခြေစောင့်တပ်ဖွဲ့ အခြေစိုက်ထားပြီး မိုဘိုင်းဆက်သွယ်ရေးတာဝါတိုင်တွေမရှိတာကြောင့် ဖုန်းလိုင်းမမိပါဘူး။
နောက်ပြီး ဆန်ဒီယေဂိုရဲ့ ထူးခြားချက်က အမေရိကရဲ့ ထိပ်သီးမြို့ကြီးတွေထဲမှာ တရုတ်တန်းမရှိတဲ့မြို့ဖြစ်နေလို့ပါ။ ဒါကလည်း စစ်တပ်မြို့မို့ ပေးမတည်တာလို့ ပြောသံကြားခဲ့ရပါတယ်။ နယူးယောက်ခ်မှာဆို တရုတ်တန်းချည်း ၂ ခုတောင်ရှိတာပါ။
ဆန်ဒီယေဂိုကို ရောက်ရောက်ခြင်း နောက်ထပ် သတိထားမိတာက မြို့တစ်ခွင်လုံးမှာ အမှိုက်မရှိတာပါပဲ။ ဒီအချက်ကို ဒေသခံတွေကလည်း အတော်ဂုဏ်ယူကြပါတယ်။ ဒါပေမယ့် အရှေ့ဘက်ကမ်းခြေ နယူးယောက်ခ်သွားဖို့ရှိနေတဲ့ ကျွန်တော့်ကို နယူးယောက်ခ်မှာဆို ရန်ကုန်နဲ့နင်လားငါလား နေရာတွေ မြင်ရလိမ့်မယ်လို့ အိမ်ရှင်တွေက သတိပေးပါတယ်။ အထူးသဖြင့် တရုတ်တန်းဘက်မှာတဲ့။

အိမ်ဈေး မြေဈေးကြီးပြီး ကြေးရတက်လူတန်းစားအများစုနေထိုင်ကြတဲ့ ဆန်ဒီယေဂိုရဲ့ မြို့တဝက်လောက်က ဆိတ်ငြိမ်တဲ့တောင်ပေါ်မြို့လေးနဲ့တူပေမယ့် တခြားတဝက်ကတော့ အမေရိကရဲ့ ထိပ်တန်းမြို့တော်တစ်ခုပီပီ ခေတ်မှီဖွံ့ဖြိုးလှတဲ့ မက်ထရိုဧရိယာကလည်း ကျယ်ပြန့်ပါတယ်။ ကာဘရီယိုယာ အထိမ်းအမှတ်ကျောက်တိုင်ရှိရာ တောင်ကုန်းထိပ်ကနေကြည့်ရင် ဆန်ဒီယေဂို မြို့လယ်ခေါင်ကို ရင်သပ်ရှုမောဖွယ် မြင်ရပါလိမ့်မယ်။ မိုးထိအောင်မြင့်လှတဲ့ အထပ်မြင့်အဆောက်အအုံတွေနဲ့ ခေတ်မှီမြို့ပြဖွဲ့စည်းမှုပုံစံကို ဒီတောင်ကုန်းပေါ်ကနေ စိတ်အေးလက်အေး ထိုင်ကြည့်ရတာဟာ စိတ်ချမ်းမြေ့စရာ အခိုက်အတန့်ပါ။
ကာဘရီယိုနဲ့ မြို့လယ် ဧရိယာအကြားမှာ ပစိဖိတ်သမုဒ္ဒရာနဲ့ ကိုရိုနာဒိုကျွန်းဆွယ်တို့က ခြားထားပါတယ်။ ကိုရိုနာဒိုကျွန်းဆွယ် နော့သ်အိုင်လန်းဟာ အမေရိကန်ရေတပ်အခြေစိုက်ထားတဲ့ ကျွန်းဖြစ်ပြီး သမ္မတရဲ့ Air Force One လေယာဉ်ဆင်းသက်ရာ နေရာပါ။ သမ္မတလာတဲ့နေ့တွေဆိုရင် ရုံးစောစောဆင်းရတယ်လို့ အဲ့ဒီစခန်းမှာ နှစ် ၂၀ ကျော်တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အိမ်ရှင်ဖြစ်သူက အရွှန်းဖောက်ခဲ့ပါသေးတယ်။
ကာဘရီယိုကနေပြန်တော့ လမ်းမှာ ဖို့တ် ရို့စ်ခရမ်စ် စစ်သင်္ချိုင်းကိုဖြတ်ပြန်ရပါတယ်။ ၁၈၈၂ ခုနှစ်ကတည်းက ရှိနေတဲ့ ဒီသင်္ချိုင်းဟာ ၃၁ ဧက ကျယ်ပြီး နယ်နမိတ်ပတ်ပတ်လည်ကို တိုင်းကြည့်မယ်ဆိုရင် ၁၀ မိုင်ကျော်ရှိပါတယ်။ ကာဘရီယိုယာလမ်းမကျယ်ကြီးရဲ့ တဖက်တချက်စီမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃၀ ကျော်အတွင်း အမေရိကန်ပြည်ထောင်စု စစ်တပ်အတွက် တိုင်းပြည်တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်သား ၁ သိန်းကျော်ရဲ့ အုတ်ဂူတွေကို စီတန်းနေရာချထားပါတယ်။

ပစိဖိတ်သမုဒ္ဒရာကိုမေးတင်နေတဲ့ ကုန်းကမူလေးပေါ်မှာ စစ်သားဟောင်းကြီးတွေ လဲလျောင်းနေကြပြီး မိသားစုဝင်တွေရဲ့ အမှတ်တရ ပန်းစည်းလေးတွေကို ဟိုတခုဒီတခု မြင်ရတာက လွမ်းစရာပါပဲ။ မြစိမ်းရောင် မြက်ခင်းပြင်ကမ္ဗလာနဲ့ ပြာလဲ့လဲ့သမုဒ္ဒရာတို့ရဲ့ အနားသတ်မျဉ်းပေါ်မှာ သူတို့တွေ ငြိမ်းချမ်းစွာ အနားယူနေကြတာကိုမြင်ပြီး ကိုယ့်တိုင်းပြည်က လက်နက်ကိုင်တိုက်ပွဲတွေမှာ အယူအဆအသီးသီးအတွက် လက်နက်စွဲကိုင်တိုက်ခိုက်ကြရင်း အသိအမှတ်ပြုမှုမရှိပဲ လူမသိ သူမသိ ကျဆုံးသွားသူတွေအကြောင်း ကျွန်တော် တွေးနေမိပါတယ်။ ခရီးသွားဖော်တယောက်ကတော့ စစ်သင်္ချိုင်းကြီးကိုကြည့်ရင်း ဒါကမှ တကယ့်ကို ငြိမ်းချမ်းစွာ အနားယူခြင်း အစစ်လို့ ပြောဆိုသံကို အမှတ်မထင်ကြားလိုက်မိပါတယ်။
ကျွန်တော်ကတော့ ဗိုလ်ချုပ်ဒေါက်ဂလပ်စ် မက်အာသာရဲ့ "စစ်သားဟောင်းကြီးများ ဘယ်တော့မှမသေ။" ဆိုတဲ့စကားကိုပဲ နားထဲ အထပ်ထပ်စွဲထင်နေမိတော့တာပါ။ သင်္ချိုင်းအုတ်ဂူတွေထဲက စစ်သားကြီးတွေဟာ သေဆုံးသွားကြပြီဖြစ်ပေမယ့် သူတို့ကို အမှတ်ရမှုတွေ အသိအမှတ်ပြု ဂဏ်ပြုမှုတွေနဲ့ သက်ဆိုင်သူတွေရဲ့ နှလုံးသားထဲမှာ ဆက်လက်ရှင်သန်နေကြဆဲဖြစ်ပါတယ်။
ဆက်ပါဦးမည် ...
မောင်မိုးဇွန်
နံနက် ၄:၁၄
၁၄ ဧပြီ ၂၀၁၉
Monywa Gazette
Commentaires