ကာဘရီယိုမှ မက်ဟက်တန်သို့ - ၁
- မောင်မိုးဇွန်
- May 6, 2019
- 2 min read
'ငပလီ၊ ကလော၊ မြင်းခြံ'

ကျွန်တော် LA ကိုရောက်တော့ ဒီမှာ ည ၁၂ နာရီထိုးနေပြီ။ LAX ရဲ့ အပြင်ဘက်ကို ထွက်လိုက်တော့ ရာသီဥတုက ခမ့်စိမ့်စိမ့်။ နွေဦးကာလထဲ ချဉ်းနင်းလာနေပြီဆိုပေမယ့် ဆောင်းရိပ်ဆောင်းငွေ့ အကြွင်းအကျန်တွေက ကြီးစိုးနေဆဲ။
LA ကနေ ကိုယ်တည်းမယ့် ဆန်ဒီယေဂိုကို သွားဖို့ကြိုပြီး ငှားထားတဲ့ ချက်ဗလေကားနဲ့ ခရီးဆက်ရတယ်။ သူတို့ဆီမှာ Freeway လို့ခေါ်ကြတဲ့ အမြန်လမ်းမတွေဟာ အတော်ကောင်းမွန်ဖြောင့်ဖြူးပြီး ညပိုင်းမို့ကားကလည်း ရှင်းတယ်။ ဒါကြောင့် ပုံမှန် ၃ နာရီလောက်မောင်းရမယ့် LA-ဆန်ဒီယေဂို ခရီးကို ၂ နာရီ ဝန်းကျင်လောက်ပဲ မောင်းခဲ့ရတယ်။
ယျေဘုယျအားဖြင့် အမေရိကမှာ Freeway နဲ့ Highway ဆိုပြီး အမြန်လမ်းအမျိုးအစား ၂ မျိုးရှိပြီး ကာလီဖိုးနီးယားအပါအဝင် အနောက်ဘက်ကမ်းရိုးတန်းပိုင်းက ပြည်နယ်တွေမှာ Freeway တွေကို သုံးကြတယ်။ Freeway တွေက ဘာ Toll gate မှ ဖြတ်စရာမလိုတဲ့လမ်းတွေ။ လိုအပ်တဲ့ အခွန်အခကို ပြည်နယ်အစိုးရတွေက Tax ထဲထည့်ပေါင်းကောက်ခံတတ်တယ်။
ဆန်ဒီယေဂိုရောက်တော့ ရာသီဥတုက ပိုအေးလာတယ်။ ပုံမှန်အားဖြင့် ဆန်ဒီယေဂိုဟာ LA ထက် တောင်ဘက်ပိုကျပေမယ့် အမြင့်ပိုင်းဧရိယာတွေရှိတဲ့အပြင် ပစိဖိတ်သမုဒ္ဒရာက တိုက်ခတ်လာတဲ့လေအေးစီးကြောင်းကြောင့်လည်း မြို့ရဲ့ အစိတ်အပိုင်း အချို့ကနေလို့ထိုင်လို့ကောင်းရုံလေး အေးမြနေတတ်တယ်။
ဆန်ဒီယေဂိုမှာက အမေရိက မြောက်ပိုင်းနဲ့ အရှေ့ဘက်ကမ်းက မြို့တွေလောက် ဆိုးရွားတဲ့ အအေးဒါဏ်မျိုးမရှိသလို ဆန်ဖရန်စစ္စကိုတို့ LA တို့လောက်လဲ မိုးမများပါဘူး။ မက္ကဆီကိုနယ်စပ်မြို့တစ်မြို့ဖြစ်ပြီး အမေရိက တောင်ပိုင်းဒေသတွေထဲမှာပါနေပေမယ့် သူ့ရာသီဥတုက တခြားတောင်ပိုင်းမြို့တွေလောက် ပျမ်းမျှ အပူချိန်လည်းမမြင့်ပါဘူး။ ဒေသခံမြန်မာတွေကတော့ ကလောနဲ့ ငပလီပေါင်းထားတဲ့မြို့လို့ ကင်ပွန်းတပ်ကြတယ်။

ဒါပေမယ့်လည်း အရီဇိုးနားဘက်နဲ့နီးတဲ့ မြို့ရဲ့ အရှေ့ဘက်ပိုင်းကို ဆက်သွားရင်တော့ အတော်ပူပြင်းတဲ့ရာသီဥတုမျိုးရှိပြီး တစ်ခါတစ်ခါ ၁၀၀ ဒီဂရီဖာရင်ဟိုက်လောက်အထိ ပူပါတယ်။ ဆန်တီယေဂိုကောင်တီရဲ့ အရှေ့ဘက်ခြမ်းမှာ ဘိုရန်ဂါ သဲကန္တာရက တစ်စိတ်တစ်ပိုင်း ပါဝင်နေတာမို့ အဲ့ဒီဘက်နဲ့ နီးတဲ့ ဆန်တီး၊ လိတ်ခ်ဆိုက်၊ အယ်ကာဟွန်စတဲ့နေရာတွေမှာတော့ တခါတလေမှာ ၁၂၀ ဒီဂရီအထိ ရောက်တတ်ပါတယ်။ (နောက်ပိုင်း အဲ့လိုအပူချိန်မြင့်တဲ့ မြို့အရှေ့ဘက်ခြမ်းက လီမွန်ဂရို့ဗ်ဘက် သွားလည်ချိန်မှာ ကလောနဲ့ ငပလီအပြင် မြင်းခြံပါထပ်ပေါင်းရလိမ့်မယ်လို့ တွေးရင်းပြုံးမိပါသေးတယ်။)
အဲ့ဒီအပူပိုင်းရောက်နေတဲ့ ဆင်ခြေဖုံးဒေသတွေမှာ ဆင်းရဲတဲ့လူဖြူတွေအများစုနေထိုင်ကြပြီး စီးပွားရေးကောင်းကြတဲ့ မြို့ပေါ်နေဒေသခံတွေက သူတို့ကို White Trash (အစုတ်အပြတ် အဖြူကောင်တွေ) လို့ ခပ်နှိမ်နှိမ်ခေါ်ကြပါတယ်။ အဲ့ဒီအပိုင်းမှာ အိမ်ခြေမဲ့တစ်ချို့ကိုလည်း မြင်ခဲ့ရသေးတယ်။ (ဒါပေမယ့် နောက်ပိုင်း LA ကိုရောက်တော့မှ ဆန်ဒီယေဂိုဟာ ဆင်းရဲသားတွေ အိမ်ခြေမဲ့တွေ အတော်နည်းတဲ့မြို့မှန်း သိရတော့တယ်။)
ဆန်ဒီယေဂိုက မက္ကဆီကိုနယ်ခြားမြို့ဖြစ်တာနဲ့အညီ စပိန်စကားပြောဆိုကြတဲ့ ဟစ္စပန်းနစ်နွယ်ဖွား (မက္ကဆီကို) တွေလည်းများပါတယ်။ ဒေသလူဦးရေရဲ့ ၃၂% အထိရှိပါတယ်။ မြို့ရဲ့ အရေးပါတဲ့အရပ်တွေဖြစ်ကြတဲ့ မြို့ဟောင်းဧရိယာနဲ့ လာဟိုယာ (အဖြူတွေက လာဂျိုလာလို့ မှားယွင်းခေါ်ဆိုကြတဲ့အရပ်ပါ) ဒေသတွေမှာ စပိန်စကားပြော မက္ကဆီကန်နွယ်ဖွားတွေ အများဆုံးရှိပါတယ်။ ဒါကြောင့် လူမျိုးရေး ခွဲခြားမှုနှုန်းလည်း အတော်မြင့်တဲ့မြို့ဖြစ်ပါတယ်။
ကျွန်တော်ဒီကိုမရောက်ခင်လေးမှာတင် အမေရိကန် ရှေးဟောင်းသုတေသန သိပ္ပံနဲ့ ဂန္တဝင်စာပေလေ့လာရေးအဖွဲ့အစည်းတို့ ပူးပေါင်းပြီး ဒီမြို့မှာ ကျင်းပတဲ့ စာပေဆိုင်ရာ ဆွေးနွေးပွဲကြီးတစ်ခုမှာ လူမျိုးရေးခွဲခြားတဲ့အဖြစ်အပျက်တစ်ခု ပူပူနွေးနွေးဖြစ်ထားလို့ ဂယက်ထနေဆဲကာလပါ။
နောက်ပြီး ဆန်ဒီယေဂိုမှာ အာရှနွယ်ဖွားတွေလည်း အတော်များများနေထိုင်ကြပါတယ်။ ဒေသလူဦးရေရဲ့ ၅% နီးပါးအထိရှိပြီး ဖိလစ်ပီနို၊ ဗီယက်နမ်နဲ့ တရုတ်အများစုဖြစ်သလို ဗမာလူမျိုးအချို့လည်း အခြေချနေထိုင်ကြပါတယ်။
ဆန်ဒီယေဂိုဟာ ဗီယက်နမ်စစ်ပွဲအပြီးကာလတုန်းက ဗီယက်နမ်ရွှေ့ပြောင်းခိုလှုံသူတွေကို အဓိက နေရာချထားပေးရာမြို့ဖြစ်ပေမယ့် ဒီဒေသရဲ့ နေရာထိုင်ခင်းဈေးနှုန်းကြီးမြင့်မှုနဲ့ အောက်ခြေအလုပ်အကိုင်ရှားပါးမှုကြောင့် ဘယ်သူမှကြာကြာမခံကြပါဘူး။ တခြားမြို့တွေကို အကုန်ပြောင်းပြေးကုန်ကြပါတယ်။
ဒါကြောင့် ဒီဒေသတွေမှာ နေထိုင်တဲ့ အာရှနွယ်ဖွားတွေဟာ ငွေကြေးတတ်နိုင်သူတွေနဲ့ ကုမ္ပဏီကောင်းကောင်းတွေမှာ ပြည်နယ်အစိုးရက သတ်မှတ်ထားတဲ့ ဥပဒေပါအခွင့်အရေးအရ လူနည်းစုနွယ်ဝင်ဝန်ထမ်းတွေအဖြစ် ခန့်အပ်ခံထားရသူတွေသာများပါတယ်။ လူနည်းစုစာရင်းထဲမှာ အမျိုးသမီးတွေနဲ့ လူဖြူမဟုတ်တဲ့ တခြားလူမျိုးတွေပါဝင်ပါတယ်။ ကျွန်တော်တည်းခိုတဲ့ အိမ်က အိမ်ရှင်ဆိုရင် သူ ဆန်ဒီယေဂို တက္ကသိုလ်မှာ ဌာနမှူးအဖြစ် ဆယ်စုနှစ် ၂ ခု ဝန်းကျင်ကြာအောင် အလုပ်လုပ်ခဲ့ဖူးသူပါ။ သူ့အထက်အရာရှိအနေနဲ့ သူ့ကို အလုပ်ခန့်ခဲ့တာကြောင့် ခရက်ဒစ် ၂ ဆရသွားတယ်လို့ပြန်ပြောပြပါတယ်။ အမျိုးသမီးလည်းဖြစ်၊ အာရှနွယ်ဖွားလည်းဖြစ်တာကြောင့်ပါ။

ကိုယ်ကတော့ သူပြောပြတဲ့ ဆန်ဒီယေဂိုအကြောင်း နားထောင်ရင်း သူချက်ထားတဲ့ညစာကို အသည်းအသန်ခေါင်းမဖော်တမ်း စားဖြစ်ခဲ့တယ်။ စီးလာတဲ့ ဟောင်ကောင်လေကြောင်းလိုင်းရဲ့ အစားအသောက်နဲ့ ဝန်ဆောင်မှုက ညံ့ဖျင်းတော့ အန်တီတို့အိမ်ကို ရောက်တော့မှ မနက်စာလား ညစာလားမကွဲတဲ့ ညလယ်စာကို အသည်းအသန် စားရတယ်။
အိမ်ရှင်တွေကတော့ မြန်မာပြည်ကလာတဲ့ကိုယ့်အတွက် မြန်မာစာ ချဉ်ပေါင်ကြော်၊ ကြက်သားဟင်းနဲ့ အုန်းထမင်းချက်ပြီး စောင့်နေကြတာမို့ ကိုယ့်အတွက်တော့ ရေငတ်တုန်း ရေတွင်းထဲ ကျတာပါပဲ။
ကျွန်တော် ဆန်ဒီယေဂိုကိုရောက်တဲ့အချိန်က မနက် ၃ နာရီကြီးမို့ ကိုယ်လည်း ဒုက္ခရောက် အိမ်ရှင်တွေလည်း အိပ်ရေးပျက်ရတဲ့နေ့ပါပဲ။ ကိုယ်ကတော့ အားတွေနာမိပေမယ့် သူတို့ကတော့ ရှားရှားပါပါး ဗမာပြည်ကနေ လာလည်တာမို့ ပျော်နေကြပါတယ်။ ဆန်ဒီယေဂိုဟာ ဗမာတွေ လာလည်လေ့သိပ်မရှိတဲ့မြို့ကိုး။
အိမ်ရှင်မိသားစုနဲ့ အလာပသာလာပပြောပြီး အိပ်ယာဝင်တော့ မနက် ၄ နာရီခွဲ။ အိပ်ယာပေါ်ရောက်တော့ ချက်ခြင်းအိပ်မပျော်သေး။ အချိန်မရွှေ့ရသေးတဲ့ လက်ပတ်နာရီလေးက ၆ နာရီအတိကိုပြနေတယ်။ ရန်ကုန်မှာ ညနေစောင်းသာရှိပါဦးမယ်။ မအိပ်ချင်သေးတာကြောင့် ဖတ်လက်စ Where China meet India စာအုပ်ကို ကောက်ဖတ်ရင်း တွေးလိုက်မိတယ်။ နောက်နေ့တွေကျရင် အမေရိက အခြေစိုက် မြန်မာလူ့အဖွဲ့အစည်းအကြောင်း တီးခေါက်ကြည့်ဦးမယ်လို့။
ဆက်ပါဦးမည် ...
မောင်မိုးဇွန်
နံနက် ၄:၃၃
၁၂ ဧပြီ ၂၀၁၉
Monywa Gazette
Kommentare