top of page

ရှက်ဖွယ်ကွန်ယက်

  • မောင်မိုးဇွန်
  • Oct 27, 2018
  • 3 min read

ဇာတ်ဝင်ခန်းက ရင်တဖိုဖို။ ရိုက်ကွင်းပေါ်က အမျိုးသမီးငယ်လေးသည် အပေါ်ယံအဝတ်အစားများကို ဖယ်ခွာချလိုက်သည်။ သူမ ကျောပြောင်ပြောင်သည် ပကတိအဝတ်ကင်းမဲ့သွားသည်။ “ကတ်” ဟု ဒါရိုက်တာ၏ အော်သံကြောင့် အားလုံး ဈာန်ဝင်နေရာမှ လှုပ်ရှားသက်ဝင်လာကြပြီး နောက်တစ်ခန်းအတွက်ပြင်ဆင်ကြလေတော့သည်။




ယင်းမြင်ကွင်းမှာ လူမှုကွန်ယက်ပေါ်တွင် ဂယက်ထခဲ့သည့် ရုပ်ရှင်ရိုက်ကွင်း Live ထုတ်လွှင့်မှု ဗီဒီယိုဖိုင်တစ်ခုမှဖြစ်သည်။ အဆိုပါ Live ထုတ်လွှင့်မှု ဗီဒီယိုဖိုင်သည် လူမှုကွန်ယက်တွင် တမဟုတ်ခြင်းပျံ့နှံ့သွားခဲ့ပြီး ဝင်ရောက်ကြည့်ရှုသူပေါင်း ၇ သိန်းခန့်ရှိခဲ့သည်ဟု ဒါရိုက်တာဖြစ်သူက အွန်လိုင်းမီဒီယာတစ်ခုကို ဖြေဆိုသွားခဲ့သည်။



“သရုပ်​​ဆောင်​မယ့်​ မင်းသမီး​နေရာမှာ ကိုယ့်​မိသားစုထဲက တစ်​​ယောက်​​ယောက်​ကို အစားထိုးကြည့်​လေ။ ဒါ ဇာတ်​လမ်းအရ ပုံ​ဖေါ်တာပဲဆိုတဲ့ အနုပညာစိတ်​နဲ့ သူကိုယ်​တိုင်​ ကြည့်​ရဲလား။ အနုပညာကို ပုံ​ဖေါ်တာဟာ အပြစ်​မဟုတ်​ဘူး။ နာမည်​ကြီးချင်​လို့ ဖြတ်​လမ်းက ဇတ်​လမ်းထွင်​တာ​တော့ အပြစ်​ဖြစ်​သွာပြီ။ ဒီခေတ်မှာ Facebook ပေါ်မှာ လူတွေက ဖြစ်ချင်တိုင်းကို ဖြစ်နေတော့တာပဲ” ဟု အဆိုပါ Live ထုတ်လွှင့်မှုကို ကြည့်ရှုခဲ့သူတစ်ဦးက မှတ်ချက်ပြုသည်။



ကန့်ကွက်မှု၊ အားပေးမှုနှင့် အမျိုးမျိုးသော မှတ်ချက်များအကြားတွင် အဆိုပါ Live ထုတ်လွှင့်မှုတွင် ပါဝင်ခဲ့သူများလည်း တမဟုတ်ခြင်း နာမည်ကြီးသွားခဲ့သည်။ တဖက်တွင် အနုပညာကို တလွဲအသုံးချသည်ဟု ဝေဖန်နေမှုများလည်း ရှိနေသည်။ သို့သော်လည်း ကြည့်ရှုသူဦးရေမှာမူ တနေ့ထက်တနေ့ တိုးပွားလာနေဆဲ။ မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီကြောင်း၊ ကန့်ကွက်ကြောင်း၊ အရှက်မဲ့လုပ်ရပ်ဖြစ်ကြောင်း ယောင်္ကျားများရော၊ မိန်းမများကပါ ဝင်ရောက်ပြောဆိုကြသည်။ ရုပ်ရှင်များကို Rating သတ်မှတ်နိုင်ခြင်းမရှိသေးသည့်အပြင် လိင်အသားပေးဇာတ်လမ်းများကို ရိုက်ကူးခွင့်လည်းမပြုထားသည့် နိုင်ငံတွင် လိင်ကိစ္စကို ပကတိနီးပါးပြသထားသည့် ဇာတ်ကားဖြစ်နေသောကြောင့် ဝေဖန်မှုက မသေးလှပေ။



အဆိုပါ ရုပ်ရှင်အပေါ် ဝေဖန်မှုနှင့် မှတ်ချက်များအရ မြန်မာတို့သည့် လိင်အမှုကိစ္စနှင့်ပတ်သက်၍ တင်းကျပ်သည့် လူမှုစည်းကမ်းများအကြားတွင် နေထိုင်နေကြဆဲဟု ယျေဘုယျ ယူဆ၍ရသည်။ ဤသည်မှာ အမှန်ပင်ဖြစ်ပါ၏လော။



ယင်းနှင့်ပတ်သက်ပြီး ဆန့်ကျင်ဘက်ဆန်သည့် အံ့အားသင့်ဖွယ်အချက်အလက်များ ရှိနေသည်။ ပုံမှန်အားဖြင့် လူမှုကွန်ယက်စာမျက်နှာရှိ Search Bar တွင် Suggestion Word များရိုက်ထည့်ပြီး သိလို မြင်လိုသည်များကို ရှာဖွေကြသည်မှာ သမားရိုးကျ လုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်သည်။ ယင်းအတွက် မည်သူကမျှ စိတ်စနှောင့်စနင်းဖြစ်စရာအကြောင်းမရှိလှပေ။



သို့သော် အဆိုပါ ငြိမ်သက်နေသည့် ကန်ရေပြင်မှ Popular Search ဆိုသည့်ခဲငယ်လေးကို ပြစ်ချကြည့်ပါက ငါးပါးတင်မက သံင်္ဃာစင်ပါ မှောက်ပါလိမ့်မည်။ Facebook က ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာ ထိပ်ပိုင်းရှိ Search box ကို အဆင့်မြှင့်တင်မှုပြုလုပ်သည့်အနေဖြင့် Popular Search ဆိုသည့် Feature တစ်ခု ထပ်မံထည့်သွင်းထားသည်။ ယင်းလုပ်ဆောင်ချက်ကို စတင်ထည့်သွင်းလိုက်ကတည်းက ယခင်ပြည်တွင်းရှိ Facebook အသုံးပြုသူများအကြား သိပင်သိငြားသော်လည်း ဖုန်းကွယ်ထားခဲ့ကြသော အတွင်းစိတ်သန္တန်မှ အလေ့အထများသည် အဆိုပါ Popular Search feature ပေါ်တွင် ဖွေးခနဲ ထင်းခနဲ ကွက်ကွက်ကွင်းကွင်း ပေါ်ထွက်လာခဲ့လေတော့သည်။ Popular Search တစ်ခုလုံး လိင်မှုကိစ္စနှင့်သက်ဆိုင်သည့် ရှာဖွေမှုရလဒ်များချည်း ဖော်ပြထားသောကြောင့်ဖြစ်လေသည်။



ယင်းအချက်နှင့် ပတ်သက်၍ လွန်ခဲ့သည့် နှစ်များစွာကတည်းက ထောက်ပြမှုများရှိသော်ငြားလည်း ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တိတ်တိတ်ဆိတ်ဆိတ်သိရှိနေခဲ့သည့် အကြောင်းအရာ တစ်ခုမျှသာဖြစ်ခဲ့သည်။ ယခုအခါတွင်မူ ကမ္ဘာသိ လူသိပြဿနာတစ်ခုဖြစ်လာလေတော့သည်။



Facebook အက်ပလီကေးရှင်း သို့မဟုတ် ကွန်ပျူတာဖြင့် အသုံးပြုပါက Facebook ဝက်ဘ်စာမျက်နှာ၏ ထိပ်ပိုင်းရှိ Search Box တွင် မြန်မာဘာသာဖြင့် အက္ခရာတစ်ခုခုကို ချရေးကြည့်ပါ။ လိင်မှုရေးရာနှင့် စပ်ဆိုင်သည့် စာသားများ၊ အဖော်အချွတ်မင်းသမီးများ၏ အမည်များနှင့် စာမျက်နှာများ၊ ညစ်ညမ်း Group များနှင့် Page များ အရင်ဆုံးပေါ်လာမည်ဖြစ်ပြီး ယင်း၏ အောက်တွင်မှသာ မိမိ၏ Friend List ထဲမှ အဆိုပါ အက္ခရာပါဝင်သူများ၏ အမည်များ ပေါ်လာမည်ဖြစ်ပါသည်။ ယင်းကိစ္စမှ Popular Search feature မပေါ်ခင်ကတည်းဖြစ်ပျက်နေသည့် ကိစ္စပင် ဖြစ်လေသည်။



“ညီမအမြင်ကိုပြောမယ်ဆိုရင်တော့ ဒါက အဆင်မပြေဘူး။ ဒီလိုမျိုးကြီးတွေပေါ်နေတာတော့ အဆင်မပြေနိုင်ဘူး။ ကိုယ်ရှာချင်တဲ့ လိုရင်း မရောက်ဘူး။ ဒါက ဇော်ဂျီတွေ ယူနီကုတ်တွေနဲ့ ဆိုင်နေမလားပေါ့နော်။ ယူနီကုတ်နဲ့ဆိုရင် ဒီလိုမဖြစ်လောက်ဘူး။” ဟု သတင်းမီဒီယာလုပ်ငန်းတွင် လုပ်ကိုင်နေသည့် Facebook အသုံးပြုသူ မစောပြည့်နန္ဒာက ဆိုသည်။



Facebook အပါအဝင် လူမှုကွန်ယက်စာမျက်နှာများနှင့် Google အပါအဝင် ဝက်ဘ်ဆိုက်များ၏ အချက်အလက်ရှာဖွေရေးစနစ်သည် Search Box တွင် ထည့်သွင်းရေးသားလိုက်သော သက်ဆိုင်ရာဘာသာစကားမှ အက္ခရာစာလုံးကို Server နှင့် တိုက်ဆိုင်စစ်ဆေး၍ အနီးစပ်ဆုံး ရလဒ်ကို ရှာဖွေပေးသည့် စနစ်ဖြစ်သောကြောင့် ရှာဖွေမှုရလဒ်တိုင်းသည် မိမိ ရိုက်နှိပ်လိုက်သည့် စာလုံး (ရွေးချယ်လိုက်သည့် ဘာသာစကား) ကိုအသုံးပြု ရှာဖွေမှုများတွင် လူအများဆုံးရှာဖွေထားသည့် ရလဒ်များကို ဖော်ပြပေးသည်။ ဆိုလိုသည်မှာ ပြည်တွင်းမှ Facebook အသုံးပြုသူအများစု၏ ရှာဖွေမှုများသည် 18+ ဘက်သို့ သိသိသာသာထင်ထင်ရှားရှား သွားနေသည်ကို မြင်တွေ့နေရခြင်းပင်ဖြစ်သည်။



နိုင်ငံတကာတွင် ယူနီကုတ် စနစ်ကို တွင်ကျယ်စွာ အသုံးပြုနေမှုကြောင့် Search Box မှ တဆင့် ရှာဖွေမှုများပြုလုပ်ရာတွင် Filter များမှတဆင့် မသင့်တော်သည့် အချက်အလက်များကို ချန်လှပ်၍ မိမိသိလိုသည့် ရလဒ်နှင့် အနီးစပ်ဆုံး တိတိကျကျဖြစ်အောင် ရှာဖွေပေးနိုင်သည်။ ပြည်တွင်းတွင် ဇော်ဂျီ၊ ယူနီကုတ်စနစ်နှစ်မျိုးဖြင့် ရှင်သန်နေရသည့်အတွက် ယင်းကဲ့သို့ ရှာဖွေရာတွင် Server က စကားလုံးများ၏ ဆိုလိုရင်းကို နားမလည်နိုင်ပေ။ ထို့ကြောင့် ရှာဖွေမှုများသည့် အကြောင်းအရာများကိုသာ တိုက်ဆိုင်ဖော်ပြပေးလိုက်ရာ 18+ များသာ စုပြုံကျလာတော့သည်။



“အဲ့လိုမျိုးစာသားတွေပေါ်လာတာက လူကိုစိတ်အနှောင့်ယှက်ဖြစ်စေတယ်။ ပြီးတော့ကိုယ်က အရင်တုန်းက ရှာထားသလိုမျိုးကြီး အများကြီးပေါ်လာတာ။” ဟု မစောပြည့်နန္ဒာက မှတ်ချက်ပေးသည်။ အဆိုပါစာသားများသည် အမျိုးသမီးများအတွက် အမှန်တကယ်အတွက်သာမက ပုံမှန်အသုံးပြုသူများအားလုံးအတွက် အခက်အခဲတွေ့စေသည့် ပြဿနာဖြစ်သည်။



ယခင်က ယင်းကဲ့သို့သော ပြဿနာမျိုး ကြုံတွေ့ခဲ့ရဖူးသည့် နာမည်ကျော် Search Engine ကြီး Google ကမူ ဇော်ဂျီဖြင့် စာရိုက်ရှာဖွေမှုများကို ယူနီကုတ်သို့ ပြောင်းလဲနိုင်သည့် စနစ်တစ်မျိုးကို ကြားခံအဖြစ် ထည့်သွင်းအသုံးပြုခဲ့ပြီးနောက်ပိုင်း ယင်းပြဿနာကို ဖြေရှုင်းနိုင်ခဲ့သည်။ သို့သော်လည်း Facebook ကဲ့သို့ နေ့စဉ် လူတိုင်းနီးပါး နာရီနှင့်ချီ အသုံးပြုနေပြီး ရှာဖွေမှုနှင့် Content သားမှုပေါင်းမြောက်များစွာပြုလုပ်နေသော လူမှုကွန်ယက်ဝက်ဆိုက်တွင် ယင်းသို့ Filter ထားရန်မှာ ယူနီကုတ်စနစ်သို့ အပြည့်အဝ မကူးပြောင်းနိုင်သရွေ့ နည်းပညာသဘောအရမဖြစ်နိုင်သေးပေ။



“အဲဒါက နည်းပညာအရတော့ ရှာရဖွေရလွယ်အောင် မူလကတည်းက ရေးထားတာဖြစ်တော့ မူလဖန်တီးသူတွေက ဒါကို ဒီစာလုံးက ဘာဆိုတာကို Keyword ချပြီး ကန့်သတ်ပေးလို့ ရနိုင်ပါတယ်၊ နည်းနည်း ရှုပ်ထွေးနေတာတွေရှိပေမယ့် Unicode ဘဲ သုံးလာမယ်ဆို Facebook ဘက်က လုပ်ရကိုင်ရလွယ် လာမှာပါ။” ဟု အိုင်တီပညာရှင်တစ်ယောက်ဖြစ်ပြီး Yagon Heartz Media & Business Solution ကုမ္ပဏီကို ဦးဆောင်နေသူ ကိုဇော်ဇော်မျိုးလွင်က မှတ်ချက်ပြုသည်။



လက်ရှိတွင်မူ သက်ဆိုင်ရာ အာဏာပိုင်များဘက်ကသာမက Facebook ဘက်ကလည်း ထိန်းချုပ်ရန် ကြိုးပမ်းခြင်းမရှိသေးသောကြောင့် အကျိုးဆက်အနေဖြင့် ညစ်ညမ်းစာမျက်နှာများ၊ ညစ်ညမ်းသော ပြောဆိုရေးသားမှုများ အလျှံအပယ် တိုးပွားလာနေသည်။



ရှာဖွေမှုရလဒ်များတွင် ယင်းကဲ့သို့ ညစ်ညမ်းသောစာသားများနှင့် Page များ အလိုအလျောက်ပေါ်ပေါက်နေခြင်းကြောင့် ယင်းကိစ္စရပ်များကို သိရှိလိုသူများ ပုံမှန်ဝင်ရောက်ကြည့်ရှုမှုတိုးပွားလာနေသကဲ့သို့ ယခင်က မသိမမြင်ဘူးသူများကိုလည်း ဆွဲဆောင်နေသည်။ သိချင်၍ ရှာဖွေခြင်းသည် လူတစ်ဦးချင်းစီ၏ စိတ်ဆန္ဒနှင့်သာ သက်ဆိုင်သောကြောင့် ပြဿနာမဟုတ်သော်လည်း သာမာန်ရှာဖွေမှုများပြုလုပ်စဉ်တွင် ယင်းအရာများကို မြင်တွေ့နေရခြင်းက စိတ်မဝင်စားသူကိုပင် စိတ်ဝင်စားလာအောင် ဆွဲဆောင်နေသည့်အတွက် ကြီးမားလှသည့် ပြဿနာဖြစ်သည်။



အထူးသဖြင့် ပညာရေးစနစ်နှင့် လူမှုအသိုင်းအဝိုင်းတွင် လိင်အသိပညာပေးမှု လုံးဝမရှိပဲ အသိပညာပေးမှုများကိုပင်လျှင် ရှက်ရွံ့ဖွယ် ကိစ္စတစ်ခုအဖြစ် သတ်မှတ်ထားမှုများကြောင့် အရာရာကို လက်တည့်စမ်းရန်၊ စူးစမ်းရန် စိတ်အားထက်သန်ကြသည့် လူငယ်များအတွက် မသင့်တော်သော စူးစမ်းမှုများပြုလုပ်ရန် ယင်းအနေအထားများက ညွှန်ပြနေသည်။



ထို့အပြင် တစ်ခြားအကြောင်းအရင်းတစ်ခုမှာလည်း ပြည်တွင်းတွင် ညစ်ညမ်းဝက်ဘ်ဆိုက်များ၊ စာမျက်နှာများ ရှာဖွေမှုနှုန်းမြင့်မားနေသောကြောင့်သာ ယင်းသို့ ရှာဖွေမှုတိုင်းတွင် ညစ်ညမ်းစာသားများပေါ်နေရခြင်းဖြစ်သည်။ အကြောင်းကြောင့် အကျိုးဖြစ်လာခြင်းဖြစ်ပေသည်။



“ညစ်ညမ်း ဝက်ဘ်ဆိုက်တွေ၊ page တွေ နဲ့ အသုံးပြုသူတွေကိုချည်း အပြစ်တင်လို့တော့မရဘူး။ နိုင်ငံတိုင်းမှာ ဒီလိုပြဿနာမျိုးရှိတယ်။ ထိန်းချုပ်နိုင်စွမ်းက ပိုအရေးကြီးပါတယ်။ လူဆိုတာက လူပဲလေ ဒါမျိုးတွေ စိတ်ဝင်စားတာ ဓမ္မတာပါပဲ။ လူမသိစေချင်တာလည်း ဓမ္မတာပါပဲ။ အရေးကြီးတာ စာလုံးတွေ စရိုက်ချိန်မှာ တိတိကျကျပေါ်အောင် ထိန်းချုပ်နိုင်ရင် ဒီပြဿနာကို ထိန်းချုပ်လို့ရပါတယ်။ ဒီလိုလုပ်ချင်ရင်တော့ ယူနီကုတ်စနစ်နဲ့မှ အဆင်ပြေမယ်” ဟု အိုင်တီပညာရှင် ကိုသီဟစောကလည်း ဆိုသည်။



လက်ရှိ ကာလများတွင် ဖြစ်ပေါ်နေသော ပဋိသန္ဓေတားဆေးရောင်းချရမှုနှုန်းမြင့်တက်လာမှု၊ သက်ငယ် မုဒိမ်းမှုနှင့် အဓ္ဓမပြုကျင့်မှုအရေအတွက် တိုးပွားလာမှုများသည် လူသုံးများသည့် လူမှုကွန်ယက်ပေါ်ရှိ ညစ်ညမ်းအကြောင်းအရာများနှင့် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ဆက်စပ်မှုရှိနိုင်ပါသည်။ အကြောင်းမှာမူ ၂၀၁၇ ခုနှစ်တစ်နှစ်တည်းတွင်ပင် မြန်မာနိုင်ငံတစ်ဝှမ်း အဓမ္မပြုကျင့်မှုပေါင်း ၁၄၀၅ ခုအထိရှိခဲ့ပြီး ယင်းအရေအတွက်မှာ ၂၀၁၆ ခုနှစ်ကထက် ၃၀% ခန့် ပိုမိုများပြားသကဲ့သို့ လူမှုကွန်ယက်အသုံးပြုမှုနှုန်း ရုတ်ချည်းမြင့်တက်လာသည့် ၂၀၁၃ ခုနှစ်နောက်ပိုင်းတွင် အမြင့်ဆုံးပမာဏဖြစ်သည်။ ၂၀၁၇ စာရင်းဇယားများအရ အဓမ္မသားကောင်များတွင် အမျိုးသမီး ၅၀၇ ဦးနှင့် ကလေးငယ် ၈၉၇ ဦးတို့ ပါဝင်ခဲ့သည်။



လွန်ခဲ့သည့် ၂၀၁၆ ခုနှစ်က “အကြောင်းပြချက် ခိုင်မာလျှင် ညစ်ညမ်းဝက်ဆိုက်များ ပိတ်ပေးမည်” ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ တရားဝင်ထုတ်ဖော်ပြောဆိုခဲ့ဖူးသော်လည်း ခုချိန်အထိယင်းကိစ္စကို ကိုင်တွယ်နေသည့်ဟန်မရှိပေ။ တခြားတစ်ဖက်မှ ကြည့်မည်ဆိုပါကလည်း ညစ်ညမ်းဝက်ဘ်ဆိုက်များကို ပိတ်ပင်ခြင်းသည် တစ်ခုတည်းသောအဖြေမဟုတ်ကြောင်း ပညာရှင်များက ထောက်ပြထားကြသည်။



လိင်မှုကိစ္စသည် လူအများအကြားတွင် ပိတ်ပင်တားဆီးရန် ခက်ခဲသော စိတ်ဆန္ဒဖြစ်သောကြောင့် ယူနီကုတ်စနစ်ဖွံ့ဖြိုးရေးကို အလျှင်အမြန် အကောင်အထည်ဖော်ခြင်း၊ လူငယ်များအကြား လိင်မှုရေးရာ အသိပညာပေးခြင်း၊ အင်တာနက်နှင့် လူမှုကွန်ယက်အသုံးပြုမှုဆိုင်ရာ ကျင့်ဝတ်များကို အခြေခံပညာကျောင်းများတွင် အသိညာပေးခြင်းနှင့် ညစ်ညမ်းစာမျက်နှာများနှင့် ဝက်ဘ်ဆိုက်များကို စနစ်တကျ ထိန်းချုပ်ခြင်းများကို ဟန်ချက်ညီညီ ပြုလုပ်မှသာ ယင်းပြဿနာများကို အကောင်းဆုံး ဖြေရှင်းနိုင်မည်ဖြစ်ပါသည်။



“Search Box ထဲ စာရိုက်တိုင်း ဒီ Suggestion Word တွေပေါ်လာတာတော့ ဒီဘက်က အသုံးပြုသူတွေဘက်က ဒါတွေရှာတာဖွေတာများနေတယ်ဆိုတဲ့ အနေအထားပေါ့။ ဒီတော့ အမြင်အရဘဲ ပြောရရင် ကျွန်တော်တို့ အရမ်းကို အလွဲသုံးမိနေတာလို့ တွေ့နေရသလို အမည်မဟုတ်တဲ့ အကောင့်တွေ ဒီလို ပေ့တွေကို ကန့်သတ်သွားဖို့ဆိုတာကလဲ Facebook ကိုယ်တိုင်မှာ တာဝန်ရှိပါတယ်။ သူတို့ လုပ်ကိုလုပ်ပေးရမှာပါ။ ဒါကို လစ်လျူရှုလို့မရပါဘူး။ လိုအပ်ရင် အစိုးရပိုင်းက ဒီကိစ္စရပ်တွေအပါအဝင် သူ့ဘက်က ဆောင်ရွက်ပေးသင့်တာတွေအတွက် ဖိအားပေးသင့်ပါတယ်။ အခုက သုံးတဲ့သူတွေကြောင့် ဒီလိုတွေဖြစ်နေတယ်လို့တော့ ပြောလို့မရဘူး” ဟု ကိုဇော်ဇော်မျိုးလွင်က ထောက်ပြသည်။



Facebook အနေဖြင့် မြန်မာအသုံးပြုသူများ ယူနီကုတ်စနစ်သို့ ကူးပြောင်းလာရန် ဆောင်ရွက်သွားမည်ဟုဆိုသည်။ အသုံးပြုသူများကို ယူနီကုတ်စနစ်အသုံးပြုစေခြင်းဖြင့် ၎င်းတို့၏ Content များမှ အမုန်းစကားနှင့် ညစ်ညမ်းကိစ္စများကို ကိုင်တွယ်ရန် ရည်ရွယ်ထားသော်ငြားလည်း အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရန် အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ရဦးမည့် လက္ခဏာရှိနေသည်။



“အဓိက က Contents Regulation ပါဘဲ။ Broadcasting law ထဲမှာ Content ကို Regulate လုပ်ထားပေမဲ့ Nature ကမတူဘူး။ ဒါကို ခွဲရမယ်။ ဘယ်လို Content ဆို ဘယ် Body ကတာဝန်ယူရမယ်ဆိုတာမျိုးပေါ့” ဟု ဥပဒေပညာရှင် ဦးမင်းတေဇညွန့်တင်ကလည်း မှတ်ချက်ပြုသည်။



လက်ရှိ ဖြစ်ပေါ်နေသည့် ကိစ္စများ၏ အဓိကအကြောင်းအရင်းမှာ ဆက်သွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့်အညီ သီးခြားလွတ်လပ်သည့် ဆက်သွယ်ရေးကော်မရှင် မထူထောင်နိုင်သေးသောကြောင့်ဖြစ်ကြောင်းလည်း သူက ထောက်ပြသည်။



“ခုဖြစ်နေတဲ့ SIM card တို့ Content တို့ အားလုံးက ဆက်/ကော်မရှိလို့ပါဘဲ” ဟု သူကဆိုသည်။



နိုင်ငံတကာဆက်သွယ်ရေး သမဂ္ဂ၏ အစီရင်ခံစာအရ မိုဘိုင်းကွန်ရက်များ တိုးတက်လာမှုကြောင့် ၂၀၁၈ ခုနှစ်တွင် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ကျော်ခန့်က အင်တာနက် အသုံးပြုလာကြမည်ဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင်လည်း မိုဘိုင်းဖုန်းအသုံးပြုသူပမာဏမှာ လူဦးရေ၏ ၁၁၀% အထိ ရောက်ရှိနေပြီဖြစ်သည်။ ယင်းသို့ အသုံးပြုအရေအတွက် များပြားလာမည်ဖြစ်သောကြောင့် ညစ်ညမ်းဝက်ဆိုက်များနှင့် ညစ်ညမ်း ဓာတ်ပုံ၊ ရုပ်ရှင်နှင့် စာသားများတင်သည့် လူမှုကွန်ယက်စာမျက်နှာများလည်း မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းတွင် ထပ်မံတိုးပွားလာဦးမည်ဖြစ်သည်။



ယင်းအနေအထားတွင် အင်တာနက်ပေါ်မှ ညစ်ညမ်းအကြောင်းအရာများကို တားဆီးရန် တာဝန်ရှိသူများအနေဖြင့် Facebook နှင့် ပူးပေါင်း၍ တိကျသည့် အင်တာနက်မူဝါဒများ ချမှတ်ထားဖို့ လိုအပ်သည်ဟု မြင်ပါသည်။ အမှန်တကယ်လိုအပ်နေသည့် ဆက်သွယ်ရေးကော်မရှင် ထူထောင်ရေးနှင့် ယင်းမှတဆင့် Content Regulation ကို ဖန်တီးနိုင်ရန်လည်း ဦးစားပေးအဖြစ် ဆောင်ရွက်ရပါလိမ့်မည်။



လူတိုင်းတွင် လိင်မှုကိစ္စနှင့်ပတ်သက်၍ စိတ်ပါဝင်စားမှု အတိုင်းအတာကိုယ်စီရှိကြပါသည်။ ယဉ်ကျေးမှုနှင့်ဓလေ့ထုံးတမ်းများအရ ပွင့်လင်းမှုကို လက်ခံခြင်း လက်မခံခြင်းမှာမူ ကွဲပြားနိုင်ပေသည်။ စိတ်ဝင်စားသူများနှင့် စိတ်မဝင်စားသူများကို ခွဲထုတ်၍ သီးခြားစီ လွတ်လပ်စွာ ရှင်သန်စေဖို့ လိုအပ်လှသည်။ ဤသို့ မလုပ်နိုင်ပါလျှင်မူ အငြင်းပွားမှုများဖြင့်သာ တစ်ရှက်က နှစ်ရှက်ဖြစ်ပေမည်။ အရင်ဆုံးအနေဖြင့် Facebook ၏ Search Box ထဲမှ ညစ်ညမ်းစာသားများကို ဖယ်ထုတ်နိုင်လျှင်ပင် ဤပြဿနာဖြေရှင်းရေးအတွက် အတော် ခရီးရောက်ပြီဟု ဆိုနိုင်ပါလိမ့်မည်။


ွှThe Voice Weekly

Vol.14/No.36

15-21 Oct 2018



Kommentare


Featured Review
Tag Cloud

© 2023 by The Book Lover. Proudly created with Wix.com

  • Grey Facebook Icon
  • Grey Twitter Icon
  • Grey Google+ Icon
bottom of page