top of page

တန်ဆေး လွန်ဘေး လူမှုကွန်ယက်

  • မောင်မိုးဇွန်
  • Apr 2, 2018
  • 2 min read

ပြီးခဲ့တဲ့ ၁၈ လတာကာလအတွင်းမှာ ပညာသင်ကြားနေရင်းတန်းလန်းနဲ့ မိမိကိုယ်ကို အဆုံးစီရင်သွားတဲ့ ဘရစ္စတိုးလ်တက္ကသိုလ် ကျောင်းသားအရေအတွက်ဟာ ၇ ဦးအထိရှိခဲ့တယ်လို့ ကျောင်းရဲ့ လက်ထောက်အဓိပတိဖြစ်တဲ့ ပါမောက္ခ ဟျူ့ခ်ျ ဘရာဒီက အတည်ပြုပြောဆိုပါတယ်။ ပါမောက္ခကြီးကတော့ ကျောင်းသားတွေဟာ လူမှုကွန်ယက်တွေကို စွဲလမ်းစွာအသုံးပြုမှုကြောင့် ပြင်းထန်တဲ့စိတ်ဖိစီးမှုဒါဏ် ခံစားရပြီး ဒီလိုတွေပြုမူခဲ့ကြတာဖြစ်တယ်လို့ အခိုင်အမာဆိုခဲ့ပါတယ်။




ဒီကနေ့ခေတ် လူတွေအတွက်တော့ လူမှုကွန်ယက်ပေါ်မှာ ပြီးပြည့်စုံတဲ့ လူတစ်ယောက်လို့ လူအထင်ကြီးခံရစေဖို့ အားထုတ်ကြိုးပမ်းနေရတာဟာ သူတို့အတွက် သောကဗျာပါဒပွားစရာ၊ စိတ်ဖိစီးမှုဖြစ်စရာ အကြောင်းအရင်းဖြစ်လို့လာနေပါတယ်။ လူမှုကွန်ယက်ဆိုတာ လူတွေကို ပျော်ရွှင်စေတဲ့နေရာ၊ ပေါင်းသင်းဆက်ဆံရေး ပိုမိုကျယ်ပြန့်စေမယ့်အရာဆိုတာထက် ဝန်ထုပ်ဝန်ပိုးတစ်ခုနဲ့ ပိုပြီးတူနေသလိုပါပဲ။ ပါမောက္ခ ဘရာဒီကတော့ လူမှုကွန်ယက်ဆိုတာ ဝန်ထုပ်ဝန်ပိုးလို့ အတိတလင်းယုံကြည်သူတစ်ဦးပါ။ လူငယ်အများစုဟာ Facebook ၊ Instagram အစရှိတဲ့ လူမှုကွန်ယက်တွေမှာ သူတို့အပေါ် လူတွေ အထင်တကြီးဖြစ်လာစေဖို့ အချိန်တိုင်း ပျော်ရွှင်နေကြသယောင် ဟန်ဆောင်နေကြရတယ်လို့ သူကဆိုပါတယ်။ အမှန်ပါပဲ။ လူမှုကွန်ယက်ဟာ ကြီးမားတဲ့ စိတ်ဖိစီးမှုကို ဖြစ်ပေါ်လာစေတဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခုလိုဖြစ်ပါပြီ။


ဘရစ္စတိုးလ်တက္ကသိုလ်မှာသာမကပဲ ဗြိတိန်နိုင်ငံတစ်ဝှမ်းက တက္ကသိုလ်တွေတိုင်းဟာ ကျောင်းသားတွေအကြား လူမှုကွန်ယက်စွဲလမ်းမှုပြဿနာကို အကြီးအကျယ်ရင်ဆိုင်နေရပြီးတော့ လူမှုကွန်ယက် အလွန်အကျွံသုံးစွဲမှုကြောင့်ဖြစ်လာတဲ့ စိတ်ချို့ယွင်းမှုရောဂါ ရရှိမှုနှုန်းဟာလည်း အကြီးအကျယ် မြင့်တက်လာနေပါတယ်။ ကမ္ဘာ့ လူဦးရေ ၄ ပုံ ၃ ပုံလောက်ဟာ လူမှုကွန်ယက်အသုံးပြုနေကြတာကြောင့် ဒါဟာ နိုင်ငံတစ်နိုင်ငံတည်းရဲ့ ပြဿနာမဟုတ်တော့ပဲ တစ်ကမ္ဘာလုံးက လူသားမျိုးဆက်တစ်ခုလုံး ရင်ဆိုင်နေကြရတဲ့ ပြဿနာကြီးဖြစ်လို့လာနေပါပြီ။


ဒီနောက်ပိုင်းနှစ်တွေမှာ လူမှုကွန်ယက်ဝက်ဆိုက်တွေ အောင်မြင်လာစေဖို့ လမ်းဖောက်ပေးခဲ့ကြသူတစ်ချို့ဆီက သူတို့ဖန်တီးခဲ့တဲ့ ထုတ်ကုန်တွေအပေါ် နောင်တရနေကြောင်း ပြောဆိုတဲ့စကားသံတွေ ပိုပြီးခပ်စိတ်စိတ်ကြားလာနေရပါတယ်။ အထူးသဖြင့် တစ်ကမ္ဘာလုံးမှာ လူထုကျန်းမာရေးဆိုင်ရာ ပြဿနာတွေနဲ့ဆက်နွယ်လာနေတာကြောင့် သူတို့ရဲ့ထုတ်ကုန်ဟောင်းတွေအပေါ် စိုးရိမ်လာနေကြဟန်ပါပဲ။ တစ်ဖက်မှာလည်း ငွေကြေးအပါအဝင် အဘက်ဘက်က အကျိုးအမြတ်ကြီးမားပြီး ခိုင်မာအားကောင်းနေပြီဖြစ်တဲ့ လူမှုကွန်ယက်တွေကို တွန်းလှန်ချိုးဖျက်ဖို့ဆိုတာဟာ ခါချဉ်ကောင်မာန်ကြီးသလို ဖြစ်နိုင်ဖို့ခက်ခဲနေတာလည်း အမှန်ပါပဲ။ ဒီလိုလိပ်ခဲတည်းလည်းဖြစ်နေချိန်မှာပဲ လူတွေရဲ့ လူမှုကွန်ယက် အလွန်အကျွံစွဲလမ်းမှုပြဿနာဟာလည်း တစ်နေ့တစ်ခြား ပိုပိုဆိုးရွားလို့သာလာနေပါတယ်။


Facebook ရဲ့ သုံးစွဲသူရေးရာဌာန ဒုတိယအကြီးအကဲဟောင်း ချာမက်သ် ပီလီဟာပစ်တီယ ကဆိုရင် လူမှုကွန်ယက်တွေဟာ လူတစ်ဦးချင်းစီမှာရှိနေတဲ့ အခြေခံအမူအကျင့်တွေကို တမြည့်မြည့်တိုက်စားသွားတဲ့အရာလို့ စွပ်စွဲခဲ့ပါတယ်။ ဒါတွေကို ဖန်တီးမိခဲ့တာဟာ လူ့အဖွဲ့အစည်းကို တစစီဆုတ်ဖြဲမိခဲ့တာနဲ့ တူတယ်လို့ သူက ဝန်ခံခဲ့ပါတယ်။ ချာမက်သ်ရဲ့ ပြောဆိုချက်တွေကို Facebook ဘက်က အပြင်းအထန်ငြင်းဆန်ခဲ့ပေမယ့် ကုမ္ပဏီရဲ့ အတွင်းစည်းထဲမှာ ၆ နှစ်ကျော်ကြာ တာဝန်ယူခဲ့တဲ့သူတစ်ယောက်ရဲ့ ပြောစကားတွေကို မတားဆီးနိုင်ခဲ့တာတော့ အမှန်ပါပဲ။


ဗြိတိန်အခြေစိုက် လူထုကျန်းမာရေးဆိုင်ရာ တော်ဝင်အဖွဲ့အစည်းကြီးရဲ့ လေ့လာချက်အရဆိုရင် လူမှုကွန်ယက်တွေဟာ စီးကရက်နဲ့ အရက်တွေထက်တောင် ပိုမိုစွဲလမ်းစေတယ်လို့ ဆိုထားပါတယ်။ သူတို့ရဲ့အဆိုအရ လူမှုကွန်ယက်တွေဟာ လူငယ်ထုအတွက် အလွန်ဆိုးရွားတဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ဘေးဒုက္ခကြီးတစ်ခုဖြစ်နေပြီးတော့ မျက်ကွယ်ပြုထားဖို့ လုံးဝမသင့်တော့တဲ့ အခြေအနေလို့လည်း ဆိုပါတယ်။ ဒီအဖွဲ့အစည်းကြီးရဲ့ လေ့လာချက်တွေအရ အနောက်နိုင်ငံတွေမှာရှိတဲ့ Millennial (၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ မွေးဖွားတဲ့ ကလေးတွေ) ရဲ့ လေးပုံတစ်ပုံဟာ တစ်နေ့ကို ပျမ်းမျှ အကြိမ် ၁၀၀ ဝန်းကျင်လောက် ဖုန်းကို ကြည့်ဖြစ်ကြတယ်လို့ဆိုပါတယ်။ ဒီလို ကြည့်ဖြစ်ကြရတဲ့ အရင်းခံအကြောင်းအရင်းကတော့ လူမှုကွန်ယက်ကြောင့်ပါပဲ။ ဒီစာရင်းဇယားအရဆိုရရင် Millennial တွေရဲ့ ဖုန်းကြည့်နှုန်းဟာ Baby Boomers (ဒုတိယကမ္ဘာစစ်အပြီးမှ မွေးဖွားလာတဲ့ကလေးတွေ) ထက် အဆ ၉၀ လောက် ပိုများနေတဲ့ သဘောပဲဖြစ်ပါတယ်။

ဒီလိုဖုန်းတွေသည်းသည်းမဲမဲအသုံးပြုပြီး လူမှုကွန်ယက်တွေအလွန်အကျွံအသုံးပြုမှုကြောင့် လူငယ်တွေ ရလာနိုင်တဲ့ အဆိုးရွားဆုံး ဘေးထွက်ဆိုးကျိုးတွေက ဆိုက်ဘာအကြမ်းဖက်မှုတွေနဲ့ စိတ်ဖိစီးမှုရောဂါတွေဖြစ်တယ်လို့ အမေရိကန်ကလေးဆေးပညာအကယ်ဒမီကလည်း မိဘတွေကို သတိပေးထားပါတယ်။ ဒါပေမယ့် ဒါတွေဟာ ကလေးတွေမှာပဲဖြစ်နိုင်တယ်ဆိုတဲ့ သဘောမဟုတ်ဘူးလို့လည်း ဖြည့်စွက်ဆိုထားပါသေးတယ်။


Facebook အပါအဝင် လူမှုကွန်ယက်တွေကို အသုံးပြုချင်စိတ်ဟာ အလွယ်တကူ စွဲလမ်းလွယ်ပါတယ်။ အင်တာနက်စွဲလမ်းမှုနဲ့ လူမှုကွန်ယက်စွဲလမ်းမှုပြဿနာတွေဟာ အတူတူဟုတ်မဟုတ် ဆိုင်ရာပညာရှင်တွေအကြား အငြင်းပွားမှုတွေ ရှိနေဆဲဖြစ်ပေမယ့် အားလုံး သဘောတူညီထားတဲ့အချက်ကတော့ အဲ့ဒီအရာ ၂ ခုလုံးဟာ လူတွေအတွက် ဆိုးရွားတဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ဆောင်ယူလာတယ်ဆိုတာပါပဲ။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေဖြစ်ပါတယ်။ ဒါဟာ လူမှုကွန်ယက်အသုံးပြုသူတွေ သေချာသတိထားရမယ့် အချက်တစ်ခုဖြစ်ပါတယ်။


ဗြိတိန်အခြေစိုက် နော်တင်ဟမ် ထရန့်တ် တက္ကသိုလ်က သိပ္ပွံပညာရှင်တွေစုပေါင်းပြီး လူမှုကွန်ယက်အသုံးပြုမှု၊ ကိုယ်ရည်ကိုယ်သွေးနဲ့ စိတ်ပိုင်းဆိုင်ရာသရုပ်သကန်တွေကို ဆက်စပ်စူးစမ်းလေ့လာကြရာမှာ Facebook သုံးစွဲမှုကနေ အခြေတည်တဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးချို့ယွင်းမှုအခြေအနေကို “Facebook စွဲလမ်းခြင်းဆိုင်ရာ စိတ်ကစဥ့်ကလျားရောဂါ” လို့ ခေါင်းစဉ်တပ်နိုင်ခဲ့ပါတယ်။


ရောဂါလက္ခဏာတွေအနေနဲ့ တကယ့်လူမှုဘဝကို လျစ်လျူရှုလာတာ၊ လူမှုကွန်ယက်က အတွင်းစိတ်သဏ္ဍာန်ကို အကြီးအကျယ်လွှမ်းမိုးထားတာ၊ တကယ့် လက်တွေ့ဘဝကို ငြင်းပယ်ပြီး စိတ်ကူးယဉ်ကမ္ဘာနယ်ကို လွတ်မြောက်မှုလို့ ထင်ယောင်ထင်မှားဖြစ်လာတာ၊ အဲဒီအတွေ့အကြုံတွေကို အခြေပြုပြီး လက်တွေ့ဘဝကိုပြင်ဆင်လိုတဲ့ စိတ်ပြင်းထန်လာတာ၊ သည်းခံလိုစိတ်လျော့နည်းလာပြီး လက်ရှိမူမမှန်တဲ့အခြေအနေကို ဖုံးကွယ်ဖို့ အလွန်အကျွံကြိုးပမ်းလာတာမျိုးတွေ ပြုမူလာတတ်ပါတယ်။ ဒီလက္ခဏာတွေဖြစ်လာပြီးနောက်ပိုင်းမှာ စိတ်ဖိစီးမှုများလာတာ၊ စိတ်ကျဝေဒနာခံစားလာရတာ၊ စိတ်ပိုင်းဆိုင်ရာချို့ယွင်းလာတာတွေဖြစ်ပါတယ်။


ဒါ့အပြင် လူမှုကွန်ယက်ကို အသုံးပြုမှုများပြားလာတဲ့အခါ တစ်ပါးသူတွေနဲ့ မိမိကိုယ်ကို အလိုအလျောက် နှိုင်းယှဉ်မိနေတတ်ဟာလည်း လူတွေကို မနာလိုမှုနဲ့ ဝမ်းနည်းမှုတွေကို အလွယ်တကူခံစားရစေပါတယ်။ လူအများစုဟာ မိမိတို့ရဲ့ Post တွေ၊ Content တွေ၊ မျှဝေမှုတွေနဲ့ ဓာတ်ပုံတွေကတဆင့် ရည်ရွယ်ချက်အသီးသီးနဲ့ အပြန်အလှန်ပြိုင်ဆိုင်နေကြပါတယ်။ ဒါကြောင့်လည်း လူမှုကွန်ယက်တွေဟာ အထီးကျန်မှုနဲ့ မနာလိုမှုတွေကိုပဲ ပေးနိုင်တဲ့နေရာတွေလို့ အင်တာနက်ပညာရှင်တွေက ဆိုကြတာဖြစ်ပါလိမ့်မယ်။


လူတွေဟာ ပိုမိုပျော်ရွှင်ချင်လို့ လူမှုကွန်ယက်ကို အသုံးပြုကြတာဖြစ်ပေမယ့် သီအိုရီအားဖြင့်ဆိုရင်တော့ လူမူကွန်ယက်ကို များများသုံးလေလေ လူတွေရဲ့ ပျော်ရွှင်မှု လျော့ပါးလာလေလေပါပဲ။ လူတစ်ဦးချင်းစီရဲ့ ဘဝအပေါ် စိတ်ကျေနပ်မှုနဲ့ အချိန်ကာလအလိုက် ပျော်ရွှင်ဝမ်းမြောက်မှုတွေဟာ လူမှုကွန်ယက်အသုံးပြုမှုနဲ့ တိုက်ရိုက်အချိုးကျနေပါတယ်။ မြန်မာပြည်မှာဆိုရင်တော့ ဖေ့စ်ဘုတ်များများသုံးလေ ပိုစိတ်ဆင်းရဲရလေလို့ ဆိုရမယ်ထင်ပါတယ်။


ပြည်တွင်း ဖေ့စ်ဘုတ်အသုံးပြုသူတွေအကြားမယ် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ဘာသာရေးစတဲ့ အကြောင်းအရာ ခေါင်းစဉ်ပေါင်းစုံအောက်ကနေ မိမိတို့ယုံကြည်ရာ နှစ်သက်ရာ ဘက်တစ်ခုခုမှာ ရပ်တည်ရင်း ဆိုးဝါးပြင်းထန်စွာ အငြင်းပွားနေကြတာတွေကို မမြင်ချင်မှအဆုံး မြင်တွေ့နေကြရမှာဖြစ်သလို ပုဂ္ဂလိကထင်ပေါ်ကျော်ကြားမှုအတွက် ဖေ့စ်ဘုတ်ကို လွဲမှားစွာအသုံးချနေတွေ၊ မုန်းစကားနဲ့ သတင်းမှားများဖြန့်ချိတာတွေ၊ ညစ်ညမ်းလိင်မှုဆိုင်ရာ အကြောင်းအရာတွေကလည်း ပိုမိုတိုးပွားလို့လာနေပါတယ်။ တနည်းပြောရမယ်ဆိုရင် စိတ်ပျော်ရွှင်ဖို့ အသုံးပြုကြတဲ့ လူမှုကွန်ယက်ပေါ်ကနေ မိမိတို့ရဲ့ ပျော်ရွှင်မှုတွေကို အရည်ဖျော်ချနေကြတာပဲဖြစ်ပါတယ်။ ဒီအတိုင်းဆိုရင်တော့ လူမှုကွန်ယက်ဟာ လူတွေကို ပျော်ရွှင်မှုပေးနိုင်တဲ့အရာတစ်ခုလို့ ဆိုဖို့ခက်လာတာတော့ အသေအချာပါပဲ။


ခုချိန်မှာ လူမှုကွန်ယက် အလွန်အကျွံအသုံးပြုတာဟာ ကပ်ဘေးတစ်ခုဖြစ်တယ်လို့ ဘယ်လိုအောင်မြင်ထင်ရှားနေတဲ့သူတွေကမှ ပြောဆိုကြဦးမှာမဟုတ်ပါဘူး။ လူမှုကွန်ယက်တွေဟာ နာမည်ကျော် အနုပညာရှင်တွေ၊ အောင်မြင်ထင်ရှားတဲ့ပုဂ္ဂိုလ်တွေ၊ အသီးသီးသောလုပ်ငန်းတွေရဲ့ လူထုဆက်ဆံရေးနယ်ပယ်မှာ အရေးပါတဲ့ မျက်နှာစာတစ်ခုဖြစ်နေသလို သူတို့ရဲ့ အောင်မြင်ခြင်းတွေကိုက လူမှုကွန်ယက်နဲ့ မွန်းမံတည်ဆောက်ထားတာကြောင့်ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အလွန်အကျွံစွဲလမ်းမှုကြောင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို သတိထားမိတဲ့ အသုံးပြုသူတွေကိုယ်တိုင်ကသာ အသုံးပြုမှုပုံစံနဲ့ အချိန်ပမာဏကို ပြင်ဆင်လျော့ချသုံးစွဲပြီး တကယ့်လူမှုဘဝစစ်စစ်ထဲ ပြန်ဝင်ရောက်နေထိုင်နိုင်ဖို့သာ ကြိုးပမ်းကြရပါလိမ့်ဦးမယ်။


လူတစ်ယောက်ရဲ့ ပျော်ရွှင်နေတဲ့ အခိုက်အတန့်လေးကို လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ဖော်ပြကြတာဟာ စိတ်ကြည်နူးဖွယ်အချိန်ကာလဖြစ်ပါတယ်။ လူတိုင်းဟာလည်း သူတို့ရဲ့ အပြုံးတွေ၊ ခန့်ညားထည်ဝါမှုတွေ၊ အလှတရားတွေ၊ ကျွမ်းကျင်မှုတွေကို ဝေဝေဆာဆာဖော်ပြနေကြဆဲပါ။ ဒီအတွက်သူတို့ တကယ်ပျော်နေကြရဲ့လား? အတွင်းစိတ်ထဲက ခံစားချက်တွေကို ဘယ်သူမှမြင်နိုင်မှာမဟုတ်ပါဘူး။ ပျော်ရွှင်ချင်လို့ အသုံးပြုကြတဲ့ လူမှုကွန်ယက်ပေါ်မှာ တကယ်ပျော်နေတာဟုတ်ရဲ့လား မိမိကိုယ်ကို ပြန်လည်ချင့်ချိန်ကြဖို့ လိုလာပြီဖြစ်ပါတယ်။


Monywa Gazette

Vol.2/No.22


 
 
 

Comentarios


Featured Review
Tag Cloud

© 2023 by The Book Lover. Proudly created with Wix.com

  • Grey Facebook Icon
  • Grey Twitter Icon
  • Grey Google+ Icon
bottom of page