စကားပုံ၊ ဆိုရိုးတွေက ပြောပြနေတဲ့ မြန်မာ့နိုင်ငံရေး
- မောင်မိုးဇွန်
- Mar 5, 2018
- 2 min read
မြန်မာ့သမိုင်းဟာ ပုဂံခေတ်ကနေစတင်ရေတွက်မယ်ဆိုရင် နှစ် ၁၀၀၀ နီးပါးကြာညောင်းခဲ့ပါပြီ။ ဒီ နှစ် ၁၀၀၀ ကာလတစ်လျှောက် မြန်မာတို့ရဲ့ တိုးတက်လာတဲ့ ယဉ်ကျေးမှု ရေစီးကြောင်းနဲ့အတူ မြန်မာစာပေဟာလည်း လိုက်ပါတိုးတက်လာပါတယ်။ မြန်မာနိုင်ငံရဲ့ မြန်မာ့သမိုင်းကို လေ့လာတဲ့အခါ မြန်မာစာပေကိုလည်း မေ့ထားလို့မရနိုင်ပါဘူး။

ဒီလိုလေ့လာတဲ့အခါမှာ ရှေးမြန်မာတွေရဲ့ စကားအတတ်ပညာ အလင်္ကာမှာ ပါရမီဓာတ်ခံ ကြွယ်ဝကြပုံကို မြင်ရပါတယ်။ စကားပုံ၊ စကားထာ၊ ဆိုရိုး၊ ဓလေ့တွေ၊ အတိတ်တဘောင်တွေ ဖန်တီးထားပုံကိုကြည့်ရင် သူတို့ အင်မတန် စိတ်ကူးဥာဏ်ကွန့်မြုးနိုင် ကြတယ်ဆိုတာ မြင်နိုင်ပါတယ်။ မြန်မာစကားပုံတွေကို စနစ်တကျ လေ့လာကြည့်မယ်ဆိုရင် သူတို့ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံနဲ့ သူတို့ရဲ့ စိတ်ကူးဥာဏ်စွမ်းကို သိမြင်နိုင်ပါတယ်။ ဒီနေ့ ဒီအချိန် အထိ ခေတ်ကို ထင်ဟပ်နိုင်တဲ့ စကားပုံတွေ စကားစုတွေ ဆိုရိုးတွေ အမျာအပြားမြင်နိုင်ပါသေးတယ်။ နောက်ပြီး စကားပုံတွေထဲကနေ မြန်မာ့နိုင်ငံရေး ဓလေ့နဲ့ သမိုင်းကိုလည်း မြင်နိုင်ပါသေးတယ်။
သက်ဦးဆံပိုင် ပဒေသရာဇ်စနစ်နဲ့ ဖြတ်သန်းလာရတာကြောင့် မြန်မာစကားပုံတစ်ချို့မှာ နိုင်ငံရေးဟာ သာမန်ပြည်သူတွေနဲ့ မသတ်ဆိုင်ဘူး၊ သတ်မှတ်ထားတဲ့ လူတန်းစားနဲ့ပဲ သတ်ဆိုင်တယ်ဆိုတဲ့ အတွေးအခေါ်မျိုး အတော်များများတွေ့ရပါတယ်။ ဥပမာ “နိုင်ငံအရေး၊ ပေါက်နှင့် ကျေးငါး၊ ငှက်ခါးအရောင်၊ တိမ်တောင်သဖွယ်၊ မင်းရေးကျယ်” တို့၊ “ဘုရင်တို့ ဘုန်း၊ မိုးသို့ချုန်း၊ လူပုန်းတောမှာ၊ မနေသာ” တို့၊ “ကြွေးတင် ရှင်ဘုရင်ဆပ်” တို့လို စကားပုံမျိုးတွေမှာ ဒီ ဖွင့်ဆိုချက်မျိုးတွေကို မြင်ရတယ်။ ဒီအဖွဲ့အနွဲ့မျိုးက နိုင်ငံရေးမှာ တိုင်းပြည်ကို ဦးဆောင်မယ့်သူတွေကို ကြည်ညိုတဲ့ သဘောဘက် ရောက်တယ်။ အထူးသဖြင့် ကျွန်တော်တို့ နိုင်ငံမှာ သူရဲကောင်းဝါဒ၊ မင်းလောင်းမျှော်ဝါဒ ဘယ်လောက်ကြီးစိုးခဲ့တယ်ဆိုတာကို ပြတယ်။ ထပ်ဆင့် ပြန်စဉ်းစားရင် မင်းကောင်းနည်းလို့ နိုင်ငံရေးဆိုင်ရာ အတွေ့အကြုံဆိုးတွေကြောင့် ရှားရှားပါးပါးပေါ်လာတဲ့ သူရဲကောင်းတွေကိုချစ်တာ၊ မင်းလောင်းတွေကို မျှော်တာလို့ ယူဆမိတယ်။
နောက်ပြီး “မင်းနားတစ်ထောင် မင်းမြောင်တစ်သိန်း” တို့၊ “မင်းတို့မျက်စောင်း အကြောင်း သုံးပါးမရွေး” တို့ ဆိုတာမျိုးက ကြောက်တဲ့သဘောဘက်ပါနေပြီ။ မင်းဆိုတာ မထိသင့်တဲ့အရာ ရှောင်ရှားသင့်တယ်။ သူတို့ သဘောအတိုင်း စိတ်ချမ်းချမ်သာသာရှိနေပါစေဆိုတဲ့ သဘော။ ဘာကြောင့်ဒီလိုတွေ ရေးကြလဲဆိုရင် မြန်မာ့ဓလေ့မှာ မင်းဟာ ရန်သူမျိုး ငါးပါးထဲ ပါနေတာကို မမေ့သင့်ဘူးရယ်။
ပြီးရင် “အရှင်မွေး နေ့ချင်းကြီး”၊ “မင်းသုံးတော့ ဓားမတုံးတောင်ထက်”၊ “တောင်မင်း မြောက်မင်း မကယ်နိုင်”၊ “မင်းခယောင်္ကျား ကမ်းနားသစ်ပင်” ဆိုတာမျိုးကြတော့ မင်းမှုထမ်း မင်းခစားဆိုတာ ပိုင်ရာဆိုင်ရာက မြှောက်စားရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတာကို အားကိုးသမှုပြုတဲ့အနေနဲ့ ပြတယ်။ ဒါပေမယ့်လည်း မရေရာတဲ့ ဘဝတွေဆိုတာကိုလည်း ပြတယ်။ ပြီးရင် ဒီလူတွေနဲ့ ပတ်သတ်ရတာဟာ ဘယ်လောက် အန္တရာယ်များတယ်ဆိုတာကို ဒီလိုပြောသေးရဲ့။ “ဇက်ကောင်းလို့ ဓားတောင်း”၊ “မင်းလှေမျောလည်း မဆယ်နှင့် ခြေနှစ်ချောင်းလည်း မကယ်နှင့်”၊ “တစ်မင်းပြောင်းမှ တစ်မင်းအကြောင်းသိ” “မင်းဆိုသမျှကွင်းရှောင်မယ်၊ ထမင်းတောင် မစားချင်ဘူးလေး” ဆိုတာမျိုးပေါ့။ ဒါတွေက ဖြတ်သန်းခဲ့တဲ့ political trend ကို လှစ်ဟပြတယ်လို့ ကျွန်တော်မြင်တယ်။ ဘာကြောင့်ဆိုတော့ သက်ဦးဆံပိုင်စနစ်နဲ့ အာဏာရှင်စနစ်တွေကို နှစ်ပေါင်း ၁၀၀၀ လောက် ဖြတ်သန်းလာခဲ့ရတာကြောင့် အုပ်ချုပ်သူအသိုင်းအဝိုင်းဆိုတာ အထိအခိုက်မခံ အတိမ်းအစောင်းမခံ အန္တရာယ်ရှိတဲ့ အသိုင်းအဝိုင်းလို့ မြင်လာကြဟန်တူပါတယ်။
ဒီတော့ ဘယ်လို စကားပုံတွေ ထပ်မြင်လာရလဲဆိုတော့ “ပျံလေတဲ့ ငှက်ခါး နားခါမှသိမယ်”၊ “နေသေးသပ ခြုံထဲက ချိုသွေးတမြမြ”၊ “သေလျှင်မြေကြီး ရှင်လျှင်ရွှေထီး”၊ “တူဖြစ်ခံ ပေဖြစ်နှံ”၊ “မစားရအရှင်း စားရဆီထမင်း” ဆိုတာမျိုးတေပေါ့။ ရင်ထဲက အကြိတ်အခဲတွေကို မခံမရပ်နိုင်တဲ့အဆုံးမှာ ပြန်ပြီးပေါက်ကွဲမှုတွေ တုန့်ပြန်လာတဲ့သဘောမျိုးလို့ ထင်ပါတယ်။ အထူးသဖြင့် “တူဖြစ်ခံ ပေဖြစ်နှံ”၊ “နေသေးသပ ခြုံထဲက ချိုသွေးတမြမြ”၊ “အလှည့်ကျ မနွဲ့ကြစတမ်း” တို့လို ကြုံးဝါးချက်တွေက လက်ရှိခေတ် မြန်မာ့နိုင်ငံရေးမှာ ခေတ်အစားဆုံး စကားရပ်တွေဖြစ်နေတယ်။
နိုင်ငံရေးဆိုတာ သံသရာစက်ဝန်းလိုပဲ တစ်ပတ်လည်တတ်တဲ့ သဘောရှိတယ်။ လည်နေတဲ့ စက်ဝန်းက အဆိုးကျော့သံသရာ ဖြစ်နေ၊ မနေ ဆန်းစစ်ဖို့လိုတယ်။ တကယ်လို့ ဒီလို အပြုတ်တိုက်ရေးမူတွေ လက်စားချေရေးမူတွေ လွှမ်းနေရင် တစ်ဖက်လူတွေဆီကို အခွင့်အရေးပြန်ရောက်တဲ့အခါ ဒီအခြေအနေတွေပဲ တစ်ကျော့ပြန်လာမယ်ဆိုတာကို နားလည်ဖို့လိုတယ်။
ပိုဆိုးတာက ဒီမှာက နိုင်သူအကုန်ယူ အပြုတ်တိုက် လမ်းစဉ်တွေ ခေတ်စားတယ်။ “ကျူပင်ခုတ် ကျူငုတ်ပါမချန်နဲ့” တို့ ဘာတို့ပေါ့။ ဆိုလိုချင်တာက ဒီမှာ စေ့စပ်ညှိနှိုင်းမှုဆိုတာ နိုင်ငံရေးယဉ်ကျေးမှုလို့ လက်ခံဖို့ ခက်ခဲနေကြတယ်လို့ ဆိုလိုချင်တာပါ။ မလုပ်ဘူးလားဆိုတော့ လုပ်ကြပါတယ်။ ဒါပေမယ့် ရင်ထဲက နှစ်နှစ်ကာကာ လုပ်နေကြမျိုးမဟုတ်ကြဘူး။ တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ အခုအခံလေးတွေ၊ ဇာတ်လမ်းဟောင်းလေးတွေကို မျက်စိထဲထည့်ပြီး မြင်ကြည့်နေကြတဲ့အတွက် ဘာကိုမှ ကြည်ကြည်လင်လင်မမြင်ရတဲ့ သဘောမျိုးပါ။ ဒါကိုက ဘာကိုပြလဲဆိုတော့ မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းရဲ့ radical trend ကို ပြပါတယ်။ အမြစ်ကစမြေလှန်ပြောင်းလဲလိုတဲ့ ရေဒီကယ်တိမ်းညွှတ်မှုတွေများနေရင် နိုင်ငံရေးအပါအဝင် ကဏ္ဍအသီးသီးမှာ အရွေ့တွေ နှေးနေပါလိမ့်ဦးမယ်။
ပြည်သူတွေကိုယ်တိုင်မှာလဲ နိုင်ငံရေးနဲ့ ဝေးဝေးနေလိုတဲ့ တိမ်းညွှတ်မှုတွေ လူအများစုမှာ ရှိနေပါသေးတယ်။ ဒီအစွဲတွေကို မေ့ပြီး နိုင်ငံရေးကို ခေါင်းလျှိုကြည့်ဖို့လိုလာနေပြီဖြစ်ပါတယ်။ ခေတ်က ပြောင်းနေချိန်မှာ တစ်နေရာထဲမှာ ရပ်နေလို့ မရဘူးလေ။ နိုင်ငံရေးသမားတစ်ချို့မှာ ရှိနေတဲ့ အမြစ်ကစမြေလှန်ပြောင်းလဲလိုတဲ့ ရေဒီကယ်တိမ်းညွှတ်မှုတွေရော၊ ပြည်သူတချို့စိတ်ထဲမှာရှိနေတဲ့ နိုင်ငံရေးနဲ့ ဝေးဝေးနေလိုတဲ့ တိမ်းညွှတ်မှုတွေရောဟာ ပဒေသရာဇ်စနစ်က ပေးခဲ့တဲ့ ခါးသီးတဲ့နိုင်ငံရေးအတွေ့အကြုံတွေကနေ အခြေခံလာတာပါ။
စကားပုံတွေဟာ လူတွေအကြားက လူတွေရဲ့ အမူအကျင့်တွေကို အခြေခံပြီး ဖြစ်တည်လာတာမို့ လူ့သဘောလူ့မနောကို အထင်ဟပ်နိုင်ဆုံးသော အရာတစ်မျိုးပါပဲ။ စကားပုံတွေကတဆင့် မြန်မာစာရဲ့ အတိမ်အနက်ကို မြင်ရသလို မြန်မာ့ဓလေ့ မြန်မာ့ယုံကြည်ရာ မြန်မာ့အမူအကျင့်တွေကိုလည်း မြင်နိုင်ပါတယ်။
နိုင်ငံရေးနဲ့ နွယ်ဖက်တဲ့ စကားပုံတွေမှာ မြန်မာတွေဘယ်လို ခံစားခဲ့ရပြီး ဘယ်လိုသမိုင်းတွေရှိခဲ့တယ်၊ ဘယ်လိုယုံကြည်ကြတယ်ဆိုတာကို ကောင်းကောင်းလေ့လာနိုင်ပါတယ်။ စကားပုံတွေကပြတဲ့ စိတ်နေသဘောထားနဲ့ အခြေအနေတွေကိုလေ့လာပြီး စကားပုံတွေကပေးတဲ့ သင်ခန်းစာတွေကို ယူရင်း တစ်ဖက်စွန်းရောက်တတ်တဲ့ အမူအကျင့်တွေကိုလည်း ပြောင်းလဲပြစ်ဖို့ အချိန်တန်ပြီလို့ ထင်ပါတယ်။
ကိုးကား။ ။ (၁) မြန်မာစကားပုံ (မြန်မာစာအဖွဲ့)
(၂) မြန်မာ့နိုင်ငံရေး လေ့လာဆန်းစစ်ချက် (၁၉၄၈-၁၉၈၈) (ကျော်ဝင်း)
Monywa Gazette
Comments