ရွှေပြည်တော်သို့ အထုတ်ပိုက်ပြန်သူများ
- မောင်မိုးဇွန်
- Jan 22, 2018
- 3 min read
“အမ ကီလိုရဦးမလား။ အကိုရေ ကီလိုဝယ်ချင်လို့” ဆိုသည့် အမေးစကားမျိုးသည် စင်္ကာပူမှ အမိမြေမြန်မာပြည်သို့ ပြန်တော့မည့် ကိုရွှေမြန်မာများအတွက် မထူးဆန်းလှသည့် အမေးစကားတစ်ခုဖြစ်သကဲ့သို့ အင်မတန်မှ နားဝင်ချိုသော စကားသံလည်းဖြစ်လေသည်။

မြန်မာပြည်သို့ အလည်ပြန်လိုသူများနှင့် အကြောင်းကိစ္စအမျိုးမျိုးကြောင့် အပြီးပြန်ကြမည့်သူများအနေဖြင့် ပြည်တွင်းရှိ မိတ်ဆွေသင်္ဂဟများနှင့် မိသားစုများအတွက် အပြန်ခရီးတွင် လမ်းကြုံပစ္စည်းများ သယ်ဆောင်သွားပေးတတ်သည့် အလေ့အထလေးမှာ ပြည်ပသို့ရောက်ရှိနေသူများ၏ အသိုင်းအဝိုင်းများကြားတွင် ယခင်ကတည်းက ရှိနှင့်ပြီးသားဖြစ်သည်။ ယင်းကာလများကတည်းက ရင်းနှီးသူမိတ်ဆွေများထံ ငွေပေး၍ အလိုရှိရာမှာယူတတ်သည်မျိုးလည်း ရှိခဲ့ဖူးသည်။
အိမ်အပြန်ခရီးအတွက် ပုံမှန်လေကြောင်းလိုင်းများတွင် လေယာဉ်လက်မှတ်ဝယ်ယူကြသည့်အခါ လေကြောင်းလိုင်းပေါ်မူတည်၍ ဝန်သယ်ဆောင်ခွင့် ၂၀ မှ ၃၀ ကီလိုဂရမ်အထိရရှိတတ်သည့်အတွက် ပိုလျှံနေတတ်သည့် ကီလိုများကိုလေယာဉ်လက်မှတ်ခ ကာမိစေရန် ပြန်လည်ရောင်းချသည့် ဓလေ့လေး စတင်ဖြစ်တည်လာသည်မှာ နှစ်အနည်းငယ်ခန့်ရှိနေပြီဖြစ်သည်။ ဈေးနှုန်းအတန်ငယ်ပို သက်သာသည့် ဘက်ဂျက်လေကြောင်းလိုင်းများမှာမူ လူတစ်ဦးလျှင် ၇ ကီလိုဂရမ်သာ သယ်ဆောင်ခွင့်ပြုသောကြောင့် ကီလိုပြန်ရောင်းရန် စိတ်ကူးရှိသူများက အသုံးပြုမှုနည်းသည်။ တစ်ချို့သော ခေတ္တအလည်အပတ်လာရောက်သူ မိသားစုများပင်လျှင် လည်ပတ်ပြီးပြန်ကြသည့်အခါ ကီလိုရောင်းပြီး ပြန်ကြသည်များလည်း ရှိလာသည်။
“ကီလိုရောင်းတာက လူများလေ ပိုကျန်လေပဲ။” ဟု YT အွန်လိုင်းရှော့ပင်မှ မရတနာကဆိုသည်။
၂၀၁၀ နောက်ပိုင်းမှ စ၍ တစတစဖွံ့ဖြိုးလာသော ဆက်သွယ်ရေးစနစ်ကြောင့် ပြည်တွင်းနှင့် ပြည်ပရောက်မြန်မာများအကြားတွင် လူမှုကွန်ယက်အသုံးပြုမှုပိုမိုများပြားလာပြီး အွန်လိုင်းအခြေပြု အရောင်းအဝယ်လုပ်ငန်းများလည်း တိုးပွားလာခြင်းနှင့်အတူ အကြောင်းအမျိုးမျိုးကြောင့် ပြည်တော်ပြန်လာကြသူများအား လမ်းကြုံပစ္စည်း သယ်ဆောင်စေသည့်လုပ်ငန်းမှာလည်း တဖြည်းဖြည်း ကြီးထွားလာခဲ့သည်။ ပြည်တော်ပြန်သူများ အနေဖြင့်လည်း အပြန်လမ်းစရိတ်ကာမိသည့်အပြင် ငွေပိုငွေလျှံကလေးလည်း ရတတ်သဖြင့် လူတိုင်းနီးပါး ယင်းသို့ကီလိုရောင်း၍ ပြန်တတ်ကြသည်။
မြန်မာနိုင်ငံတွင် အွန်လိုင်းရှော့ပင်လုပ်ငန်းအရေအတွက် ခန့်မှန်းချေ ၃၀၀၀၀ မှ ၆၀၀၀၀ ခန့်အထိရှိနေပြီး အများစုမှာ ပုံစံမျိုးစုံဖြင့် ပုံမှန် စင်ကာပူမှ ပစ္စည်းများမှာယူလေ့ရှိနေသောကြောင့် ကီလိုအရောင်းအဝယ်လုပ်ငန်းကြီးထွားလာခြင်းမှာ ဆန်းကျယ်လှသည့်အခြေအနေတော့ မဟုတ်ပေ။ အထူးသဖြင့် တစ်နိုင်တစ်ပိုင်လုပ်ကိုင်ကြသည့် အွန်လိုင်းရှော့ပင်များမှာ ကီလိုဝယ်၍သာ ပစ္စည်းတင်ပို့ကြလေ့ရှိသည်။
ကီလိုအရောင်းအဝယ်လုပ်ငန်း အများဆုံးအလုပ်ဖြစ်ကြသည်မှာ ဂျပန်နှင့် စင်ကာပူတို့ဖြစ်သည်။ စင်ကာပူတွင် တစ်ကီလိုလျှင် (ဝယ်လိုအားပေါ်မူတည်၍) စင်ကာပူဒေါ်လာ ၅-၆ ဒေါ်လာခန့် ဈေးရှိပြီး ဂျပန်တွင်မူ ယန်း ၁၀၀၀၀ ဝန်းကျင်ခန့် ဈေးပေါက်သည်။ မြနန်းနွယ်၊ သပြေနု၊ တော်ဝင်အစရှိသည့် ပြည်တွင်းသို့ ကုန်စည်များပို့ပေးသည့် ဝန်ဆောင်လုပ်ငန်းများရှိသော်လည်း အများအားဖြင့် လူတစ်ဦးချင်းစီအလိုက် ကီလိုဝယ်ကာ ပစ္စည်းပို့ခြင်းက ပိုခေတ်စားလှသည်။
“အများအားဖြင့်တော့ Facebook နဲ့ Viber ကနေပဲ အရောင်းအဝယ်လုပ်ကြတာပါပဲ။ ကီလိုအရောင်းအဝယ်လို Group မျိုးတွေကနေရော တခါတလေ ကိုယ့် Wall ပေါ် ကိုတင်ပြီး ရောင်းတာမျိုးတွေရော အဆင်ပြေသလိုလုပ်ကြတယ်။ တခါတလေကျတော့လည်း ပြန်မယ့်သူနဲ့ နီးစပ်တဲ့သူတွေဆီကနေ ဘယ်သူ ဘယ်ရက်ပြန်မယ် သိရပြီး ချိတ်ဖြစ်သွားတာမျိုးလည်း ရှိတယ်” ဟု မိသားစုကိစ္စဖြင့် စင်္ကာပူမှ ရန်ကုန်သို့ ၆ လ တစ်ကြိမ်ခန့် ပုံမှန် ပြန်လာလေ့ရှိသူ ကိုသက်နိုင်ဦးက ဆိုသည်။ ၎င်းအနေဖြင့် ပြန်လာသည့်အခါတိုင်း ပုံမှန်ကီလိုရောင်းချလေ့ရှိသည်ဟုဆိုသည်။
ပုံမှန်အားဖြင့် ဝန်သယ်ဆောင်ပေးသူများသည် လေဆိပ်များမှ သယ်ယူခွင့် မပြုသော အစားအစာများ၊ စက်ပစ္စည်းများ၊ ဆေးဝါးများ အား သယ်ဆောင်ပေးလေ့မရှိကြပဲ အဓိကအားဖြင့် အဝတ်အထည်၊ အလှကုန်၊ စာအုပ်၊ လက်ဝတ်ရတနာ၊ နာရီ၊ အိတ်၊ ဖိနပ်နှင့် မိုဘိုင်းဖုန်းကဲ့သို့သော အီလက်ထရွန်နစ်ပစ္စည်းများကို အဓိကထားသယ်ဆောင်ကြသည်။
အွန်လိုင်းရှော့ပင်လုပ်ငန်းများနှင့် ချိတ်ဆက်လုပ်ကိုင်လာကြသည့်အခါ အဆိုပါလုပ်ငန်းများက မှာယူထားသည့် ကုန်ပစ္စည်းများကို သယ်ယူပေးကြခြင်းဖြစ်သည့်အတွက် လေဆိပ် အကောက်ခွန်ဌာနတွင် စစ်ဆေးခံရခြင်းများကြုံရတတ်သည်။ ယင်းသို့ဖြစ်ပေါ်လာပါက တာဝန်ယူသယ်ဆောင်လာသူအများစုက ဒါဏ်ငွေပေးဆောင်ပေးလေ့ရှိပြီး ပစ္စည်းပိုင်ရှင်ထံမှ ပြန်လည်တောင်းခံလေ့ရှိသည်။ သို့သော်လည်း တရားမဝင်ကုန်စည်များပါဝင်လာသောကြောင့် အကောက်ခွန်ဌာနက စစ်ဆေး သိမ်းယူခံရလျှင်လည်း သယ်ဆောင်သူက တာဝန်ခံပေးရန်မလိုအပ်ပေ။ ယင်းအချက်များသည် ကီလိုအရောင်းအဝယ် စတင်လုပ်စဉ်ကတည်းက ကြိုတင် သဘောတူညီထားကြရသည်။ ယင်းအပြင် ရန်ကုန်ပြန်မည့်ရက် သို့မဟုတ် စင်ကာပူပြန်မည့်ရက်၊ ရောင်းမည့်ကီလိုပမာဏ၊ သယ်ယူခနှုန်းဈေး၊ အလျှော့အတင်းရှိမရှိများလည်း ကြိုတင်ညှိနှိုင်းကြရသည်။
“အခုနောက်ပိုင်း စင်ကာပူပစ္စည်းရောင်းတဲ့ အွန်လိုင်းရှော့ပင်သမား အများစုက ကီလိုဝယ်ပြီးပဲ ပစ္စည်းပို့နေကြတာပဲ။ အစစ်ခံရတယ် ဒါဏ်ကြေးဆောင်ရတယ်ဆိုတာမျိုးကတော့ အတော်နည်းပါတယ်။” ဟု မရတနာကလည်း ဆိုသည်။
သို့သော်လည်း တစ်ခါတစ်ရံ အကြောင်းပြချက်မယ်မယ်ရရမရှိပဲ စစ်ဆေးခံရခြင်းများလည်း ရှိတတ်ပြီး ပြီးခဲ့သည့် နှစ်က ပြည်တွင်းတွင်းလှူဒါန်းရန် စလုံးမှတဆင့်မှာယူထားသည့် တုပ်ကွေးရောဂါကာကွယ်ရေး မျက်နှာဖုံးများသယ်ယူလာပေးစဉ် ဒါဏ်ကြေးကြီးကြီးမားမားဆောင်ခိုင်ခြင်းနှင့် မျက်နှာဖုံးတစ်ချို့ကို ဝန်ထမ်းများက သိမ်းဆည်းခြင်းများ ကြုံခဲ့ရဖူးသည်ဟု ကိုသက်နိုင်ဦးက ၎င်း၏ အတွေ့အကြုံကို ဖွင့်ဟသည်။
နိုင်ငံတကာသုံး VISA၊ Master စသည့် Card စနစ်များ ကျယ်ပြန့်လာသောကြောင့် နိုင်ငံတကာ အွန်လိုင်းဖက်ရှင်စတိုးများမှ ကုန်ပစ္စည်းများကို တိုက်ရိုက်လှမ်းဝယ်ယူနိုင်သည့် အခြေအနေများရှိလာသော်လည်း ယင်းထုတ်ကုန်များကို မြန်မာနိုင်ငံသို့ သင်္ဘောတင်ပို့ပေးမှုမရှိသောကြောင့် စင်ကာပူမှတဆင့် မြန်မာပြည်သို့ ပြန်လည်တင်သွင်းလာကြသည်။ ယင်းကြောင့်လည်း ကီလိုအရောင်းအဝယ်လုပ်ကိုင်မှုများ ပိုမိုများပြားလာခြင်းဖြစ်သည်။
“ကီလိုဝယ်နေကြတဲ့သူတွေအများစုက ပြည်ပ အွန်လိုင်းရှော့ပင်တွေက ပစ္စည်းတွေကို မြန်မာပြည်မှာ ပြန်ရောင်းကြတဲ့သူတွေများပါတယ်။ ပြည်ပ OS အများစုက မြန်မာပြည်ကို Shipped မလုပ်ပေမယ့် စင်ကာပူကိုတော့ လုပ်တယ်လေ။ ဒီတော့ စလုံးမှာ လူခံရှိတဲ့သူတွေက အဲ့လူခံကနေတဆင့် ပစ္စည်းမှာပြီး ရောက်လာတဲ့ပစ္စည်းကို ကီလိုဝယ်ပြီး မြန်မာပြည်ကိုပြန်ထည့်ပေးတတ်ကြတယ်။ အဲလိုလုပ်ပေးတဲ့ စလုံးက လူခံကလည်း ကော်မရှင်ခ % ရတာပေါ့။” ဟု ကိုသက်နိုင်ဦးကဆိုသည်။
ဘန်ကောက်မြို့မှတဆင့် တင်ပို့မည်ဆိုပါက နယ်စပ်လမ်းကြောင်းမှတဆင့် အိမ်တိုင်ရာရောက်ပို့ပေးသည့် လုပ်ငန်းများတရားဝင်ရှိနေသောကြောင့် ဈေးနှုန်းပိုချိုသာပြီး ပိုအဆင်ပြေသော်လည်း ထိုင်းအကောက်ခွန်စနစ်၏ ရှုပ်ထွေးမှုများကြောင့် နိုင်ငံတကာ အွန်လိုင်းစတိုးများက ထိုင်းနိုင်ငံသို့ တင်ပို့ပေးမှုများနည်းပါးသည်။ ထို့ကြောင့် ပြည်တွင်းရှိ အွန်လိုင်းရှော့ပင်လုပ်ငန်းအများစုက စင်ကာပူလမ်းကြောင်းကိုသာ အဓိကရွေးချယ်ကြခြင်းဖြစ်သည်။
ကီလိုအရောင်းအဝယ်လုပ်ကြရာတွင် ပြည်ပမှ ပြည်တွင်းသို့ ပြန်သူများသာမက ပြည်တွင်းမှ ပြည်ပသို့ ပြန်သူများလည်း အလုပ်ဖြစ်လာသည်။ ယခင်က ရင်းနှီးသူများအချင်းချင်း နားလည်မှုဖြင့် လမ်းကြုံထည့်ပေးမှုများသာ ရှိသော်လည်း ယခုအခါ ကီလိုရောင်းချ၍ သယ်ဆောင်သွားပေးမှုများ ပိုမိုများပြားလာသည်။ ယင်းသို့ဖြစ်လာရသည့် အဓိကအချက်မှာ ပြည်တွင်းရှိ အွန်လိုင်းရှော့ပင်များထံမှ ရိုးရာအဝတ်အထည်များ၊ ရိုးရာခြေညှပ်ဖိနပ်များ၊ ဒေသထွက်အစားအစာများကို အွန်လိုင်းမှတဆင့်မှာယူမှုများ များပြားလာသောခြင်းကြောင့်လည်းဖြစ်သည်။
ကီလို အရောင်းအဝယ်ဖြင့် ပစ္စည်းပို့ခြင်းသည် နှစ်ဦးနှစ်ဘက် အလုံးစုံအဆင်ပြေနေသည်တော့ မဟုတ်ပေ။ ကီလိုအရောင်းအဝယ်လုပ်ရာတွင် ငွေမချေပြီးမချင်း မသေချာမရေရာသေးပေ။ တစ်ချို့သောသယ်ယူသူများသည် အနားကပ်မှ အကြောင်းအမျိုးမျိုးကြောင့် ကပ်၍ဖျက်လိုက်သည်များလည်းရှိသည်။ တစ်ချို့မှာ ငွေပိုရသည့်သူထံရောင်းလိုက်ကြခြင်းကြောင့်ဖြစ်ပြီး တစ်ချို့အတွေ့အကြုံမရှိသူများမှာမူ လေဆိပ်တွင် အစစ်ဆေးခံရမည်ကို စိုးရိမ်စိတ် ကြီးလာသောကြောင့်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ စင်ကာပူကီလိုအရောင်းအဝယ်အသိုင်းအဝိုင်းတွင် ယင်းသို့သော ပြဿနာများသာရှိလေ့ရှိသော်လည်း ဂျပန်ကီလိုအရောင်းအဝယ်အသိုင်းအဝိုင်းတွင်မူ ပစ္စည်းနှင့်ငွေများလိမ်ညာယူပြီး ချေရာဖျောက်သွားသည့် ပြဿနာများပါကြုံရတတ်သည်။
တစ်ခါတစ်ရံလည်း ပစ္စည်းထည့်ပေးသူဘက်မှ အရေအတွက် အဆမတန်ထည့်ပေးခြင်းများ၊ လေဆိပ်က လက်မခံသည့်ပစ္စည်းများ ထည့်ပေးခြင်းများကြောင့် သယ်ယူသူများမှာ လေဆိပ်တွင် အရစ်ခံရ၊ ဒါဏ်ကြေးဆောင်ရသည်များ ကြုံရတတ်ပြန်သည်။
“သယ်သူရော ပို့သူရော နှစ်ဘက်လုံးကတော့ Risk ယူပြီးလုပ်နေကြရတာပဲ။ ပြည်တွင်းကို Shipped လုပ်တဲ့ တရားဝင်လမ်းကြောင်းတွေ မရှိတော့ ဒီနည်းပဲ လတ်တလော အဆင်ပြေတာလေ။” ဟု အွန်လိုင်းမှတဆင့် နိုင်ငံတကာ အားကစားဝတ်စုံများ ရောင်းချနေသူ ကိုမင်းသွေးညိုကလည်း ဆိုသည်။
တရားဝင်အားဖြင့် စီးပွားဖြစ် ကုန်ပစ္စည်းများတင်သွင်းရာတွင် ကုန်သွယ်လုပ်ငန်းခွန် (Commercial Tax) နှင့် အကောက်ခွန် (Custom Duty) ၂ ခုပေါင်းအဖြစ် (မူရင်းကုန်စည်တန်ဖိုး၏) ၅%နှင့် ကြိုတင်ဝင်ငွေခွန် (Advanced Income Tax) ၂% ပေးဆောင်၍ တင်သွင်းရမည်ဖြစ်ပြီး လုပ်ငန်းလိုင်စင်လည်းလိုအပ်သည်။ သို့သော်လည်း ကုန်စည်တစ်ခုလျှင် အမြတ်အစွန်းအနည်းငယ်သာရှိပြီး ရောင်းအားပမာဏနည်းပါးလှသည့် အွန်လိုင်းရှော့ပင်လုပ်ငန်းများအတွက် တရားဝင်အခွန်ဆောင်၍ တင်သွင်းရန်မှာမူ မဖြစ်နိုင်သည့် ကိစ္စတစ်ရပ်ဖြစ်နေသေးသည်။ ထို့အပြင် စစ်ဆေးခြင်းခံရသည့် ကုန်စည်များကို ဒါဏ်ကြေးဆောင်စေရာတွင် မူရင်းတန်ဖိုးထက် ပိုမိုတွက်ချက်၍ ငွေကောက်ခံနေမှုများလည်း ရှိနေသေးသည်ဟု ပစ္စည်းသယ်ယူစဉ် ကိုယ်တိုင် စစ်ဆေးခံရသူတစ်ချို့က ဆိုကြသည်။
“တစ်ခါကြုံဖူးတယ်။ ကိုယ်သယ်လာတဲ့ အကျီင်္တွေကဖြင့် တစ်ထည်မှ စလုံးငွေ ၃ ဒေါ်လာခွဲ လောက်ပဲတန်တာ။သူတို့က မြန်မာငွေနဲ့ ၈၀၀၀ လို့သူတို့ဘာသာသူတို့ ဆုံးဖြတ်ပြီး အဲ့အပေါ် % တွက်ချလိုတော့ အတော်ထိသွားတယ်။ ရှင်းပြတာလဲ ဘယ်လိုမှမရဘူး။” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ မဝတ်ရည် (အမည်လွှဲ) က ဆိုသည်။
လက်ရှိအချိန်တွင် အွန်လိုင်းရှော့ပင်လုပ်ငန်းများကို စနစ်တကျနှင့် တရားဝင်ဖြစ်လာစေရန် လုပ်ငန်း မှတ်ပုံတင်စေပြီး အခွန်ကောက်ရန်ပြင်ဆင်နေသည်ဟု သတင်းများထွက်ပေါ်နေသည်။ ယင်းသို့ တရားဝင်လုပ်ကိုင်ကြရမည်ဆိုပါက လက်ရှိကဲ့သို့ ကီလိုအရောင်းအဝယ်များနှင့် ဆက်လက်လုပ်ကိုင်၍ ရမည်မရမည်မှာ မသေချာလှပေ။ လက်ရှိတွင် သင့်တင့်လျောက်ပတ်သည့် အခွန်အခပမာဏဖြင့် တရားဝင်ကုန်စည်သယ်ဆောင်ခွင့်ရရှိရန် အွန်လိုင်းရှော့ပင်လုပ်ငန်းလုပ်ကိုင်နေသူများက မျှော်လင့်ကြသည်။
“ကျွန်တော်တို့ ပစ္စည်းဝယ်တဲ့အခါ ပစ္စည်းဖိုးအပြင် သယ်ခပို့ခ၊ ကီလိုဖိုး၊ တစ်ဖက်မှာ ဆွေမျိုးနီးစပ် လူခံမရှိရင် % ပေးပြီး အကူအညီတောင်းထားရတဲ့အတွက် ပေးရတဲ့ငွေ အဲဒါတွေအားလုံးလည်း ကုန်ကျသေးတယ်။ အားလုံးကိုခြုံပြီးလည်း ကာမိအောင် လူတွေလည်း ဝယ်နိုင်အောင် ဈေးကို သတ်မှတ်တော့ ကိုယ်တွေအတွက် ပစ္စည်းတစ်ခုကို အမြတ်က ၁၅၀၀၊ ၂၀၀၀ လောက်ပဲကျန်ရော။ ဒီကြားထဲ အခွန် ၇% လောက် ဆောင်ရမယ်ဆိုရင် ကျွန်တော်တို့ ဆက်လည်ပတ်လို့မရဘူး။” ဟု ကိုမင်းသွေးညိုကဆိုသည်။
တစ်နိုင်တစ်ပိုင်လုပ်ငန်းများ ထမ်းဆောင်နိုင်စွမ်းသည့် သင့်တင့်လျောက်ပတ်သည့် အခွန်ပမာဏနှင့် ခရီးသွားများကို ပြူပြူငှာငှာဆက်ဆံမည့် အကောက်ခွန် ဝန်ထမ်းများမရှိသရွေ့မည်သူမှ အခွန်ဆောင်၍ ပစ္စည်းသယ်မည်မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“နောက်ပြီး ထိုက်သင့်တဲ့ အခွန်ပမာဏကိုပဲ ကောက်ပြီး ချိုချိုသာသာလေးလည်းဆက်ဆံပေါ့လေ။ ဒီမလိုမှ မဟုတ်ရင် တစ်နိုင်တစ်ပိုင် အွန်လိုင်းရှော့ပင်တွေက ဒီအတိုင်းပဲ ကီလိုဝယ်ပြီး ဆက်သွင်းနေကြမှာပဲ။ ဘယ်လိုမှ သွင်းလို့မရတော့ဘူးဆိုရင်တော့ ရပ်လိုက်ရုံပဲပေါ့” ဟု ကိုမင်းသွေးညိုကဆိုသည်။
လူမှုကွန်ယက် Facebook ပေါ်ရှိ ကီလိုအရောင်းအဝယ် Page များတွင်တော့ စင်ကာပူ-မြန်မာ အသွားအပြန် ကီလိုရောင်းရန်ရှိသည်ဆိုသည့် Post လေးများ ဝေဆာနေဆဲဖြစ်သည်။ အွန်လိုင်းရှော့ပင်သမားများလည်း မိမိတို့ အလိုရှိရာ အလေးချိန်ပမာဏရရှိရန် ကသုတ်ကရက်ဖြင့် ဆက်သွယ်စုံစမ်းနေကြဆဲဖြစ်လေသည်။
ထို့အပြင် ရန်ကုန်လေဆိပ်တွင် တစ်ခါဘူးမျှ မမြင်ဘူးသည့် တစ်စိမ်းတစ်ရံစာများကို လာရောက်ကြိုလင့်နေသည့် လူတစ်ချို့ကိုလည်း မြင်နိုင်ပါသေးသည်။ လေယာဉ်ပေါ်မှ အထုပ်ဆွဲ၍ ပြည်တော်ပြန်လာသူများသည် အဆိုပါလူစိမ်းများထံ မိမိတို့ အထုပ်များထားခဲ့၍ အလိုရှိရာသို့ ပေါ့ပါးစွာ ခရီးဆက်ကြတော့မည်ဖြစ်သည်။ အဆိုပါ ပြည်တော်ပြန် ကိုရွှေမြန်မာများသည် ရန်ကုန်မှ ပြန်သည့်အခါ ကီလိုမည်မျှ ထပ်ရောင်းလျှင်ကောင်းမည်ကို လေယာဉ်ဘီးမချမီကပင် ကြိုတင်စဉ်းစားလျှင် စဉ်းစားနေလောက်ပေသည်။
The Voice Weekly
Vol.13/No.50
15 Jan 2018
Comments