top of page

မျက်ဖြူဆိုက်မြန်မာ့ဂိမ်း

  • Nov 19, 2017
  • 3 min read

အရောင်အသွေးစုံလင်ပြီး အပြင်အဆင် အဆန်းတကျယ်ရှိလှသည့် မြေနီလမ်းမအလယ်တွင် သမိန်ပေါသွပ်တစ်ယောက် အမောတကောပြေးကာလွှားကာနေလေသည်။ နာမည်ကျော် တေးသံရှင်တစ်ယောက်၏ ရယ်ရွှင်ဖွယ်ကောင်းသည့် နောက်ခံစကားပြောသံနှင့် မြူးကြွသည့်တေးသံတို့က လက်ကိုင်ဖုန်း စခရင်ပေါ်ရှိ သမိန်ပေါသွပ်ဇာတ်ကောင်ကို ပိုမိုကြွရွစေသည်။


ဂိမ်းဝါသနာရှင် ထူးထူးတစ်ယောက်၏ မိုဘိုင်းဖုန်းမျက်နှာပြင်အပေါ် အာရုံစူးစိုက်မှုမှာ ပျံ့လွင့်ဟန်မရှိလှပဲ ဖုန်းမျက်နှာပြင်ပေါ်တွင် ထောက်ထားသည့် လက်ချောင်းလေးများသည်လည်း ဘယ်ညာ ဟိုဒီ ပြေးလွှားနေလေတော့သည်။




အဆိုပါလူငယ်လေးသည် “သမိန်ပေါသွပ်” ဟု အမည်ပေးထားသည့် ပြည်တွင်းထုတ်ဂိမ်းတစ်ခုကို စိတ်ဝင်တစား ဆော့ကစားနေခြင်း ဖြစ်ပြီး အဆိုပါမိုဘိုင်းဖုန်းဂိမ်းကို ပြည်တွင်းရှိ Game Developer (ဂိမ်းဖန်တီးထုတ်လုပ်သူ) တစ်ခုဖြစ်သည့် Total Gameplay Studio က ထင်ရှားလှသည့် မြန်မာကာတွန်းရုပ်ပြဇာတ်ကောင် သမိန်ပေါသွပ်ကို အခြေခံ၍ ရေးဆွဲဖန်တီးထားသည်။


အဆိုပါ Total Gameplay Studio သည် the Mastermind ၊ 3 Vikings ၊ Penguin and Friends ၊ စစ်တုရင်အွန်လိုင်း နှင့် ဆိုက်ကားဆရာငပိန်တို့အပြင် ဆော့ကစားသူအရေအတွက် သိန်းချီရှိသည့် ရှမ်းကိုးမီး၊ ဆီးဂိမ်းခြင်းလုံးတို့ကဲ့သို့သော အောင်မြင်သည့် မိုဘိုင်းဖုန်းဂိမ်းများလည်း ထုတ်လုပ်ထားပြီး ပြည်တွင်းတွင် အောင်မြင်သည့် ကုမ္ပဏီတစ်ခုအဖြစ် သတ်မှတ်ခြင်းခံထားရသည်။


သို့သော်လည်း ယင်းသို့ မြန်မာပြည်၏ အအောင်မြင်ဆုံး ဂိမ်းစတူဒီိယိုတစ်ခုဟု ယူဆခံထားရသည့် အဆိုပါစတူဒီယိုကို တရားဝင်လုပ်ငန်းရပ်ဆိုင်းရန် တရားရုံးတွင် လျှောက်ထားခဲ့ပြီးဖြစ်ကြောင်း အဆိုပါကုမ္ပဏီကို စတင်တည်ထောင်ခဲ့သူ နှင့် အဓိကရှယ်ယာရှင် ကိုမြင့်ကျော်သူက အတည်ပြုပြောကြားသည်။


“TGS က လုပ်ငန်းရပ်နေတာ ၂၀၁၅ နှစ်လယ်ပိုင်းထဲကပါပဲ။ ပေါသွပ်ထုတ်ပြီး ဆက်လက်လည်ပတ်ဖို့ မဖြစ်နိုင်လို့ရပ်သွားတာပါ။ ဒီအတွက် ကုမ္ပဏီ ပိတ်သိမ်းဖို့ တရားရုံးမှာ လျှောက်ထားပါတယ်” ဟု ၎င်းက ပြောသည်။ တရားရုံးမှ ဆုံးဖြတ်ချက် မကျသေးသည့်အတွက် အပြီးသတ်ဖျက်သိမ်းနိုင်မည့်အချိန်ကို တိကျစွာမသိရှိရသေးသော်လည်း ဖျက်သိမ်းတော့မည်မှာမူ သေချာပြီဖြစ်ကြောင်း ၎င်းကဆိုသည်။


မြန်မာပြည်၏ အအောင်မြင်ဆုံး ဗီဒီယိုဂိမ်း စတူဒီယိုကြီးသည် ရှယ်ယာရှင်များ၏ ပိုင်ဆိုင်မှုနှင့် ခွဲဝေမှုဆိုင်ရာ သဘောထားမတိုက်ဆိုင်မှုများ အကြားတွင် မြေစာပင်ဖြစ်သွားခဲ့သည်။ ကုမ္ပဏီ ရှယ်ယာရှင်တစ်ချို့က TGS မှ ခွဲထွက်၍ MYplay Co., Ltd ကုမ္ပဏီကို သီးခြားတည်ထောင်ကာ Rage of Rama၊ Opoke Saga၊ Shan Koe Mee world စသည့် လက်ရှိပြည်တွင်းတွင် လူသိများနေသော မိုဘိုင်းဖုန်းဂိမ်းဖန်တီးများကို ဆက်လက်ထုတ်လုပ်နေသည်။


ထို့ကြောင့် မြန်မာ့ လူသိအများဆုံး ဂိမ်းစတူဒီယိုတစ်ခု၏ ဇာတ်လမ်းသည် တစ်ခန်းရပ်သွားခဲ့သည်။ ယင်းသည်ပင်လျင် ယနေ့ မြန်မာ့ဂိမ်းလုပ်ငန်းနယ်ပယ်၏ သရုပ်မှန်လော စဉ်းစားဖွယ်ရာ ဖြစ်နေပြန်သည်။ ပြည်တွင်း ဗီဒီယိုဂိမ်းလုပ်ငန်းအများစုသည် လုပ်ငန်းဖွံ့ဖြိုးကြီးထွားရေးထက် အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်ရှင်သန်ရပ်တည်ရေးအတွက် ပိုမိုဦးစားပေး အာရုံစိုက်နေကြရသည်။ အကျိုးအမြတ်ရရှိရေး၊ ခွဲဝေရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်ရေးအပိုင်းများတွင် အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။


၂၀၀၀ ခုနှစ်နောက်ပိုင်းတွင် စတင်ခဲ့သည့် မြန်မာနိုင်ငံတွင်မူ ဂိမ်းဖန်တီးမှုလုပ်ငန်းနယ်ပယ်သည် ၂၀၁၀ နောက်ပိုင်းကာလများတွင် လူငယ်များ၏ စိတ်ဝင်စားမှုပိုမိုရရှိလာကြသော်လည်း ပြည်တွင်းတွင် အင်တာနက်အစရှိသည့် အခြေခံအဆောက်အအုံအခက်အခဲများရှိနေခြင်း၊ ဂိမ်းဘာသာရပ်ကို လေ့လာရန် အခက်အခဲများရှိနေခြင်းနှင့် ထုတ်လုပ်ပြီးပါက ပြန်လည်ဝင်ငွေရှာဖွေရန် အခက်အခဲရှိနေခြင်းများကြောင့် လက်ရှိအချိန်အထိ ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးခဲ့ပေ။


လက်ရှိအချိန်တွင် ပြည်တွင်းတွင် မိုဘိုင်း Platform အပါအဝင် ဂိမ်း Platform မျိုးစုံအတွက် ဂိမ်းများ ဖန်တီးရေးဆွဲနေသည့် Game Developer ဆယ်ဂဏန်းခန့်ရှိလာပြီဖြစ်သော်လည်း ခိုင်မာသည့် ပြည်တွင်းဈေးကွက် တစ်ခုမဖန်တီးနိုင်သေးကြောင်း ပြည်တွင်း Game Developer များက ဆိုကြသည်။


ယခုအနေအထားအရ ပြည်တွင်းဈေးကွက် ဖွံ့ဖြိုးလာရန် အပြင်းအထန်ကြိုးစားရဦးမည်ဖြစ်ပြီး ပြည်တွင်း ဂိမ်းဈေးကွက်သည် အာဆီယံဒေသတွင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ စင်ကာပူတို့ကို မဆိုထားနှင့် ဖွံ့ဖြိုးကာစတိုင်းပြည်များဖြစ်သည့် ဗီယက်နမ်၊ ကမ္ဘောဒီးယားတို့ကိုပင် မမှီနိုင်သေးသည်မှာ အမှန်ပင်ဖြစ်သည်။


အမှန်တကယ်အားဖြင့် မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းအသုံးပြုသူအရေတွက်နှင့် အင်တာနက်အသုံးပြုသူမှုနှုန်း သိသိသာသာတိုးတက်လာနေပြီး မိုဘိုင်းဖုန်းမှတဆင့် ဂိမ်းဆော့ကစားသူအရေအတွက်မှာလည်း သိသိသာသာတိုးတက်လာနေသည်။ သို့သော်လည်း ပြည်တွင်းရှိ မိုဘိုင်းဖုန်း ဂိမ်းနှင့် အက်ပလီကေးရှင်း ဖန်တီးသူများမှာမူ အဆိုပါ တိုးတက်မှုများတွင် လိုက်ပါကပ်ငြိမလာပဲ ခက်ခက်ခဲခဲ ဖြတ်သန်းနေကြရဆဲဖြစ်သည်။


“အော်ပရေတာတွေများလာရင် Mobile Users တွေများလာမယ်။ Users တွေ များလာရင် ပြည်တွင်း မိုဘိုင်းဂိမ်းဈေးကွက်ကလည်း အလိုလိုကျယ်ပြန့်လာမယ်လို့ ကျွန်တော်တို့ အစောပိုင်းတုန်းက ယူဆခဲ့တယ်။ ဒါပေမယ့် တခြားအခက်အခဲတွေကြောင့် ပြည်တွင်းဈေးကွက်က ထင်သလောက်တက်မလာသေးဘူး။” ဟု ဂိမ်းနှင့် အန်နီမေးရှင်းဖန်တီးရေးဆွဲသူတစ်ဦးဖြစ်သူ ကိုဇာနည်သစ်ကဆိုသည်။


အာဆီယံဒေသတွင်းရှိ မိုဘိုင်းဂိမ်းဈေးကွက်မှာ လက်ရှိတွင် အမေရိကန် ဒေါ်လာ ၁ ဘီလီယံခန့်အထိ တန်ဖိုးရှိနေပြီး လာမည့် ၂၀၁၈ တွင် ၂.၂ ဘီလီယံအထိတိုးတက်လာမည်ဖြစ်သည်။ သို့သော်လည်း ယင်းအခွင့်အရေးကို မြန်မာပြည်မှ ဂိမ်းကုမ္ပဏီများ ဝင်ရောက်ရယူနိုင်စွမ်းရှိမရှိမှာမူ သံသယဖြစ်ဖွယ် အခြေအနေသာရှိနေသေးသည်။


ပြည်တွင်းတွင် အသုံးများနေသည့် မိုဘိုင်းဖုန်းဂိမ်းများနှင့် အက်ပလီကေးရှင်းများတွင် မြန်မာပြည်မှ ဖန်တီးထုတ်လုပ်ထားသည့် ထုတ်ကုန်များ နည်းပါးနေဆဲဖြစ်ပြီး ထွက်ရှိလာသည့် ထုတ်ကုန်များ၏ အရည်အသွေးနှင့် စိတ်ကျေနပ်စေရန် စွမ်းဆောင်နိုင်စွမ်းမှာလည်း အကန့်အသတ်များနေသေးသည်။ ယင်းကြောင့် ပြည်တွင်းထုတ်ဂိမ်းများ အတန်ငယ် လူသိများလာပြီး ပြည်တွင်းတွင်လည်း Game Developer အရေအတွက် အတန်ငယ်တိုးတက်လာသော်လည်း ပြည်တွင်းထုတ် ဂိမ်းများ၏ အခန်းကဏ္ဍမှာ မှေးမှိန်နေဆဲဖြစ်ပြီး ရပ်တည်ရှင်သန်ရေးမှာလဲ အခက်အခဲများရှိနေဆဲဖြစ်နေရခြင်းဖြစ်သည်။


“အရည်အသွေးပိုင်းကတော့ အတတ်နိုင်ဆုံးကြိုးစားကြပေမယ့် အခန်းကျဉ်းလေးထဲ လူ လေး ငါး ဆယ်ယောက်လုပ်တာနဲ့ စတူဒီိယိုကြီးနဲ့ လူရာချီ ဝိုင်းလုပ်ကြတဲ့ ပြည်ပ ဂိမ်းတွေကို မမှီတာကလည်း သိပ်တော့ မဆန်းဘူးဆိုရမှာပဲ။” ဟု ကို ဇာနည်သစ်က ဆိုသည်။


ဂိမ်းကုမ္ပဏီများအနေဖြင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများရှိရန်လည်း မျှော်လင့်ရန် ခက်ခဲလွန်းလှသည်။ လက်ရှိအချိန်အထိ ပြည်တွင်း ဂိမ်းလုပ်ငန်းနယ်ပယ်တွင် ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုပမာဏမှာလည်း အနည်းအကျဉ်းသာရှိနေသေးသည်။ TGS မှ ခွဲထွက်ခဲ့သည့် Myplay တွင် သြစတြေးလျရင်းနှီးမြှုပ်နှံသူများက ဝင်ရောက်ရင်းနှီးမြှုပ်နှံထားသည်မှ လွဲ၍ တခြားတပါးသော ရင်းနှီးမြှုပ်နှံမှုများ မရှိသေးပေ။


ယင်းအပြင် အရေးအပါဆုံးဖြစ်သည့် ငွေပေးချေမှုစနစ် (Payment) အခက်အခဲနှင့် ထုတ်ကုန်ကို ဖြန့်ချိမှုအပိုင်း (Delivery) အခက်အခဲများရှိနေသည့်အတွက်လည်း မိုဘိုင်းဂိမ်းများ ထုတ်လုပ်ရာတွင် ဝင်ငွေပြန်လည်ရှာဖွေရန် အခက်အခဲဖြစ်စေသည်။


“မြန်မာဈေးကွက်မှာ နိုင်ငံတကာလို အလွယ်တကူ ငွေချေစနစ်တွေမရှိတဲ့အတွက် ခက်ခဲတာတွေရှိတယ်။ နောက်တစ်ခုကတော့ Delivery ပေါ့။ အဲဒါမှာလည် ဒီနိုင်ငံက နည်းနည်းရှုပ်ထွေးနေတယ်။ ရှုပ်ထွေးနေတယ်ဆိုတာက သူများနိုင်ငံတွေမှာဆိုရင် App store တို့ Google play တို့က တင်လိုက်ရင် လွယ်လွယ်ကူကူပဲ ငွေပေးချေလို့ရတယ်။ ဒီမှာမရဘူး” ဟု ကိုမြင့်ကျော်သူကလည်းဆိုသည်။


ယင်းကဲ့သို့သော အခြေအနေများ၊ အခက်အခဲများကြားထဲမှပင် ပြည်တွင်းရှိ Game Studios များသည် ဝင်ငွေ ရရှိရေးအတွက် အဆင်ပြေသလို ရုံးကန်ရပ်တည်နေရသည်။ Game Studios များသည် နိုင်ငံတကာ နှင့် ချိတ်ဆက်၍ ဂိမ်းများဖန်တီးကာ ရောင်းချခြင်းများဖြင့်လည်း အသက်မွေးကြရပြီး ပြည်တွင်းဈေးကွက်တစ်ခု ဖန်တီးလာနိုင်ရေးလည်း မျှော်လင့်နေကြသည်။ ရေရှည်ကာလတွင်လည်း ပြည်တွင်းဈေးကွက်တစ်ခု မရှိပဲ ရပ်တည်သွားနိုင်ရန် မလွယ်ကူပေ။


“ဒီမှာလောလောဆယ် အနေအထားအရတော့ Profitable ဖြစ်အောင် ရပ်တည်နေဖို့က မဖြစ်နိုင်သေးဘူး။ ဈေးကွက်အနေအထားအရ ကျွန်တော်တို့ကလည်း ပြည်တွင်းဈေးကွက်မှာ အဓိကလုပ်နေတာမဟုတ်ဘူးလေ။ ဟိုးအရင်ကတည်းက နိုင်ငံတကာဈေးကွက်မှာ ဂိမ်းတွေ ဖန်တီးခဲ့တာဆိုတော့ နှစ်ဖက်ရပ်တည်နေရတာပေါ့။ အဲလိုမျိုးပဲ နှစ်ဖက်ရည်တည်မှ အဆင်ပြေနိုင်မယ်။” ဟု ကိုဇာနည်သစ်ကဆိုသည်။


တကယ်တမ်းအားဖြင့် Game Industry သည် ကမ္ဘာတစ်လွှားတွင် အလျှင်မြန်ဆုံးဖွံ့ဖြိုးလာနေသည့် စီးပွားရေးလုပ်ငန်းနယ်ပယ်ကြီးဖြစ်သည့်အတွက် ပြည်တွင်းတွင်လည်း ဖွံ့ဖြိုးလာစေရန် အဘက်ဘက်အသီးသီးမှ တွန်းအားပေး လုပ်ဆောင်ရန်လိုအပ်နေပြီဖြစ်သည်။ ဗီဒီယိုဂိမ်းလုပ်ငန်းနယ်ပယ်၏ လုပ်ငန်း လည်ပတ်ငွေချည်းသီးသန့်ပင် ၂၀၁၁ ခုနှစ်တွင် ဒေါ်လာ ၁၂.၃ ဘီလီယံသာရှိရာမှ ၂၀၁၆ တွင် ဒေါ်လာ ၉၁ ဘီလီယံအထိ တိုးတက်လာခဲ့သည်။ ယင်းသည် ဂိမ်းဈေးကွက်၏ လျှင်မြန်လှသည့် တိုးတက်မှုနှုန်းနှင့် အလားအလာများကို ထင်ဟပ်ပြနေသည်။


မြန်မာနိုင်ငံတွင်မူ သက်ဆိုင်ရာ အစိုးရနှင့် အဖွဲ့အစည်းများ၏ ပံ့ပိုးမှုနှင့် အားပေးမှု အနည်းငယ်မျှ မရရှိပဲ ဂိမ်းဖန်တီးထုတ်လုပ်သည့် လုပ်ငန်းများမှာ လက်တစ်ဆုပ်စာဈေးကွက်ထဲတွင် အခြေခိုင်ရန်ပင် မနည်းရပ်တည်နေကြရလေသည်။ ဈေးကွက်ကို ချဲ့ထွင်ရန် အားပေးကူညီမှု ဘာမျှ မရှိပေ။ ထို့ထက်ပို၍ ဆိုရလျှင် သက်ဆိုင်ရာ တာဝန်ရှိသူများဘက်မှ e-Sport လုပ်ငန်းနှင့် Video Game Industry ၏ အနာဂတ်အလားအလာများအပေါ် ခြုံငုံစေ့ငုမိခြင်းမရှိကြသောကြောင့် ဗီဒီယိုဂိမ်းများသည် လူငယ်များကို စာရိတ္တပျက်ပြားစေသယောင် သိသိသာသာပြောဆို ရှုမြင်ကြခြင်းများ ရှိနေသည်။


ဂျပန်၊ ကိုရီးယား၊ စင်ကာပူ၊ တရုတ်တို့အပြင် တခြားအာဆီယံနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ အိန္ဒိယ တို့တွင် e-Sports နှင့် ဂိမ်းဖန်တီးမှုလုပ်ငန်းများ ဖွံ့ဖြိုးလာစေရေး အထူတလည် အားသွန်ကြိုးပမ်းနေသည်များကို အတုယူရန် လိုပေသည်။


အစိုးရပိုင်းမှ မူဝါဒပိုင်းအရ အားသွန် ပံ့ပိုးခြင်းနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာတိုးတက်စေရေး အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပါက ဂိမ်းလုပ်ငန်းများသည် မြန်မာနိုင်ငံ၏ GDP အထိ သက်ရောက်စေနိုင်သည့် စီးပွားရေးအခွင့်အလမ်းကြီးဖြစ်သည်ကို မမေ့ဖို့လိုပေသည်။


အလားအလာရှိနေသာ ဈေးကွက်ကို သက်ဆိုင်ရာအာဏာပိုင်များ၊ မိုဘိုင်းအော်ပရေတာများ၊ နည်းပညာအဖွဲ့အစည်းများ၊ မိုဘိုင်းဖုန်းထုတ်လုပ်သူများနှင့် ဂိမ်းဖန်တီးသူများအတူတကွ ပူးပေါင်းချိတ်ဆက်ပြီး အခွင့်အလမ်းများ ဖန်တီးနိုင်ရန် ဆောင်ရွက်မှုများ စတင်ရန် လိုအပ်နေပြီဖြစ်သည်။ ပိုမိုအရည်အသွေးကောင်းမွန်ပြီး ပိုမိုဆန်းသစ်သည့် ဂိမ်းများဖန်တီးထုတ်လုပ်ရန် မျှော်လင့်ချက်များ သူတို့တွင် ရှိနေကြသောကြောင့်ဖြစ်သည်။


“ပြည်တွင်းဈေးကွက်လေး ဒီထက်ပိုခိုင်မာအောင် ဖန်တီးလိုက်နိုင်ပြီ၊ ပြည်တွင်းဈေးကွက်လေး အခြေခိုင်လာပြီဆိုရင် Developer တွေလည်း အခုထက်များလာမယ်။ များလာတော့ ယဉ်ပြိုင်မှုတွေ ပိုလာမယ်။ ပိုတိုးတက်လာမယ်။ ပိုကောင်းတာတွေထွက်လာမယ်။ အဲဒီတော့မှ ပြည်ပကို အဆင့်မှီမှီထိုးဖောက်နိုင်မှာ။ ပြည်တွင်းဈေးကွက်မခိုင်ရင် ဘာမှ ဖြစ်မလာနိုင်ဘူး။ ဘာပံ့ပိုးမှုမှ မရှိရင်လဲ ဘာမှဆက်ဖြစ်လာတော့မှာမဟုတ်တော့ဘူး” ဟုကိုဇာနည်သစ်က ဆိုသည်။


ပြည်တွင်းမှ ဂိမ်းဝါသနာရှင်များကလည်း ပြည်တွင်းရှိ မိုဘိုင်းဂိမ်းများကို မျှော်လင့်မှုများရှိနေကြပြီး မိုဘိုင်းငွေပေးချေမှုစနစ်များ၊ ပိုမိုကောင်းမွန်သည့် အင်တာနက်စနစ်များနှင့် ဈေးနှုန်းချိုသာသည့် ဝန်ဆောင်မှုများစတင်နိုင်ပါက ပိုမိုအလုပ်ဖြစ်လာနိုင်ဖွယ်ရှိပါသည်။ ဂိမ်းဝါသနာရှင်များဘက်မှလည်း ပြည်တွင်းထုတ် ဂိမ်းများကို မျှော်လင့်မှုများလည်း ရှိနေပါသည်။


“ဥပမာ “ဆိုက်ကားဆရာငပိန်” ဆိုပါစို့။ ရုပ်ထွက်လည်း အရမ်းကောင်းတယ်။ Idea လေးလည်းကောင်းတယ်။ မြန်မာဆန်တဲ့ အရသာကိုလည်းရတယ်။ နောက်ဒီလိုဂိမ်းမျိုးတွေထပ်ထွက်လာဖို့ ကျွန်တော်တို့ကမျှော်လင့်တယ်။ ဒီလိုဂိမ်းမျိုးဆို ဝယ်ရမယ်ဆိုလည်း ဝယ်သုံးမှာပဲ။” ဟု ဟု ထူးထူးကလည်း ဆိုသည်။


ယင်းသို့ ပြောရင်းတလက်စတည်းပင် ဂိမ်းကစားနေမှုကို ရပ်တန့်လိုက်သည်။ ဖုန်း ဘက္ကထရီကုန်လုကုန်ခင်ဖြစ်နေပြီဖြစ်သောကြောင့် ဖြစ်သည်။ အမြင့်ဆုံး အမှတ်ကို မရရှိသေးသောကြောင့် သူမကျေမချမ်းဖြစ်နေဟန်ရှိသည်။ သို့သော် သူ့ စိတ်ထဲတွင် စွဲထင်နေသည့် မျှော်လင့်ချက်တစ်ခုကိုတော့ ထုတ်ဖော်ပြောဆိုသွားသည်။


“ကျွန်တော်တို့ဘက်ကလည်း မြန်မာပြည်က ဂိမ်းတွေကို ပိုဆော့ချင်တာပေါ့။ ကိုယ့် Local က ထုတ်တဲ့ အမိုက်စားဂိမ်းမျိုးတွေ ထွက်လာမယ့်နေ့မျိုးကို မျှော်နေတာဗျ။ ခုထိတော့ သမိန်ပေါသွပ်တို့ ရှမ်းကိုးမီးတို့လောက်ကလွဲပြီး အားစရာ တယ်မရှိလှဘူး။ ထပ်ထွက်လာဖို့လည်း လွယ်မယ်မထင်ပါဘူး” ဟု ၎င်းကဆိုလေသည်။


The Voice Weekly_Vol.13 / No.42

Comments


Featured Review
Tag Cloud

© 2023 by The Book Lover. Proudly created with Wix.com

  • Grey Facebook Icon
  • Grey Twitter Icon
  • Grey Google+ Icon
bottom of page