top of page

တစ်နေ့ဟုတ်နိုး … မျှော်လင့်နေရသော ကွန်ပျူတာသုံး မြန်မာစာစနစ်

  • မောင်မိုးဇွန်
  • Nov 6, 2017
  • 2 min read

မိုဘိုင်းဖုန်းလက်ထဲရောက်ကတည်းက မသုံးမဖြစ်စွဲစွဲလမ်း သုံးမိနေသော မာ့ခ် ဇက်ကာဘတ်၏ Facebook ကြီးသည် အမြင်ကပ်စရာကောင်းလောက်အောင်ပင် မကြာခဏ update ပေးလေ့ရှိသည်။ ဤသို့ Update ပေးတိုင်း မကြာခဏ ကြံရတတ်သည်မှာ မြန်မာဖောင့်အဆင်မပြေခြင်းပင်ဖြစ်သည်။ Facebook ပေါ်တွင် ဖုန်းဖြင့် မြန်မာစာရေးသား၊ ဖတ်ရှုရာတွင် အဆင်မပြေမှုများ မကြာခဏ ကြုံရသည်။ Keyboard သို့မဟုတ် Facebook ၏ Setting တွင် ပြင်ဆင်မှုများပြုလုပ်လိုက်သည့်အခါတွင်မှသာ အဆင်ပြေသွားလေ့ရှိသည်။




ယင်းကိစ္စရပ်ကြောင့် မကြာခဏတွေးမိသည်မှာ ၂၁ ရာစုတွင် ရောက်ရှိနေသည့်တိုင် ကျွန်တော်တို့ နိုင်ငံသားများသည် ယနေ့အချိန်အထိ ကွန်ပျူတာစနစ်များဖြင့် မြန်မာစာရေးသားရန် အခက်အခဲတွေ့နေဆဲဟူ၍ ဖြစ်သည်။


ယနေ့ခေတ်တွင် စမတ်ဖုန်းများ၊ တက်ဘလက်နှင့် ကွန်ပျူတာများကို မြန်မာပြည်လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်အသုံးပြုနေကြသည်။ ယင်းအတွက် မြန်မာစာစနစ်သည် အဓိကကျသော လိုအပ်ချက်တစ်ခု ဖြစ်လာသည်။ လက်ရှိအသုံးပြုနေသော ကွန်ပျူတာသုံး မြန်မာစာစနစ်တွင် “ဇော်ဂျီ” နှင့် “မြန်မာယူနီကုဒ်” ဟူ၍ စနစ် နှစ်မျိုး ကွဲလျှက် ရှိသည်။ ဇော်ဂျီ အသုံးပြုသူများမှာ ၈ဝ ရာခိုင်နှုန်းကျော် ရှိနေပြီး မြန်မာယူနီကုဒ်စနစ် အသုံးပြုသူမှာ ၂ဝ ရာခိုင်နှုန်းခန့် ရှိသည်။


ဇော်ဂျီ နှင့် ယူနီကုဒ် စနစ်နှစ်ခုတွင် တစ်ခုကို အသုံးပြုပါက နောက်တစ်ခုနှင့် ရေးသားထားသော စာများကို ဖတ်ရှုရာတွင် မှန်ကန်စွာ မပြနိုင်ခြင်းသည် အဓိက ပြဿနာအဖြစ် ရှိနေသည်။ ထိုသို့ စနစ်နှစ်ခု ကွဲပြားနေမှုကြောင့် မြန်မာနိုင်ငံ နည်းပညာလောက တိုးတက်ပြောင်းလဲရေးကို များစွာ နှောင့်နှေးစေသလို သတင်းအချက်အလက် ဖြန့်ဝေရာတွင်လည်း အခက်အခဲဖြစ်စေပါသည်။


ကမ္ဘာတစ်ဝှမ်းမှ လူမျိုးအသီးသီးတို့က နည်းပညာအကျိုးကျေးဇူးများကို ကမ္ဘာနှင့်အဝှမ်းအသုံးချနေချိန်တွင် ကျွန်တော်တို့နိုင်ငံတွင် မြန်မာစာစနစ်အဆင်မပြေမှုကြောင့် မိမိတို့ သိလို ရှာဖွေလိုသည့်အကြောင်းအရာများကို အင်္ဂလိပ်ဘာသာဖြင့် အင်တာနက်ပေါ်တွင် ရှာဖွေနေရဆဲ။ ယူနီကုဒ်စနစ်ဖြင့် ရှာဖွေနိုင်သည်ဆိုသော်လည်း လူအနည်းစုသာ အသုံးပြုသကဲ့သို့ ယူနီကုဒ်အသုံးပြု၍ လွှင့်တင်ထားသည့် အကြောင်းအရာလည်း နည်းပါးနေသေးသည့်အတွက် အဆင်မပြေလှချေ။


တက္ကသိုလ်ဘွဲ့ရကျောင်းသားများပင်လျှင် မြန်မာစာကို စနစ်တကျမတတ်မြောက်ကြသည့် ကျွန်တော်တို့နိုင်ငံတွင် အင်တာနက်၊ ဝက်ဘ်ဆိုက်များအသုံးပြုပါက မြန်မာဘာသာဖြင့်တင်ထားသည့် အကြောင်းအရာများကို မြန်မာလိုအဆင်ပြေပြေ ရှာဖွေ လေ့လာ၍မရခြင်းသည် စိတ်ပျက်ဖွယ်ဖြစ်သည်။ နဂို မြန်မာစာ အခံမကောင်းသည့် ကလေးများသည် စနစ်မကျသည့် မြန်မာစာရေးသားမှုပုံစံ အသုံးပြုထားသည့် ဇော်ဂျီ font ကို အသုံးပြုနေရခြင်းကြောင့် မြန်မာစာရေးသားမှုအပိုင်း အားနည်းမှုက ပိုကြီးရသည်။


ဇော်ဂျီစနစ်သည် စနစ်မကျဟု ဆိုရခြင်းမှာ အမြင်အတိုင်း ရေးသား (စာရိုက်) ရသော စနစ် ဖြစ်သောကြောင့်ဖြစ်သည်။ ထို့အပြင် ဗျည်း/ သရ လည်း ခွဲခြားနိုင်စွမ်း မရှိပေ။ ထို့ကြောင့် ဇော်ဂျီစနစ်တွင် ရရစ် ၆ မျိုး၊ အောက်မြစ် ၃ မျိုး စသဖြင့် မြန်မာစာရေးထုံးဘောင်အတွင်းမှ ကွဲထွက်နေသည်များ ရှိနေခြင်းဖြစ်သည်။ ယင်းသို့ မြန်မာစာရေးထုံးကို လိုက်နာစရာ မလိုအပ်သောကြောင့် ရှေ့နောက် လွဲမှားမှုများလည်း ရှိလာသည်။


ယင်းအခါ အင်တာနက်အသုံးပြုသူများအတွက် အရေးပါလှသည့် လုပ်ငန်းစဉ်ဖြစ်သည့် Search လုပ်ရာတွင် အခက်အခဲများ ကြုံရလေတော့သည်။ Google ကဲ့သို့သော နာမည်ကျော် Search Engine များကလည်း ယူနီကုဒ်စနစ်ကိုသာ လက်ခံသုံးစွဲသည်။ ထို့ကြောင့် Google ကုမ္ပဏီမှထုတ်လုပ်သည့် Google Map၊ Google Earth၊ Gmail၊ Google Translate၊ Google Play Store စတဲ့ အက်ပလီကေးရှင်းများကိုလည်း အသုံးပြုရ အဆင်မပြေဖြစ်ကုန်တော့သည်။


ထို့အပြင် Apple၊ Microsoft၊ ပြည်တွင်း၌ လူတိုင်းနီးပါး စိတ်ဝင်စားကြသည့် လူမှုကွန်ရက် Facebook တို့သည်လည်း ယူနီကုဒ်စနစ်ကိုသာ လက်ခံကြသည်။ ထို့ကြောင့် Apple ၏ iOS နှင့် Google ၏ Android OS သုံး စမတ်ဖုန်းများ လွှမ်းမိုးသော မြန်မာပြည်တွင် မြန်မာလူမျိုးများကိုယ်တိုင် ရေးသားထားသည့် မြန်မာစာကို မြန်မာလိုဖတ်မရသောကြောင့် မိုဘိုင်းဖုန်းဝယ်ယူပြီးပါက ဆိုင်ကို မြန်မာစာ font သွင်းခိုင်းရခြင်းဖြစ်လေသည်။


ပို၍ ဝမ်းနည်းစရာကောင်းလှသည်မှာ နာမည်ကျော် Google ကုမ္ပဏီက မြန်မာပြည်ရှိ Android ဖုန်း အသုံးပြုသူများအတွက် မြန်မာဘာသာ Handwriting စနစ်ကို လွန်ခဲ့သည့် နှစ်အနည်းငယ်ကတည်းက ဖန်တီးပေးခဲ့သော်လည်း ယူနီကုဒ်စနစ်ကိုသာ အခြေခံပြုလုပ်ထားခြင်းဖြစ်သောကြောင့် လူတိုင်းအသုံးပြု၍ မရတော့ပေ။ ယင်းသို့ဖြင့် ဖုန်းမျက်နှာပြင်ပေါ်တွင် လက်ဖြင့် စာရေးသားနိုင်သည့် အလွန်အသုံးဝင်လှသည့် ယင်းစနစ်မှာ မြန်မာပြည်တွင် လူမသိသူမသိ စနစ်တစ်ခုအဖြစ် တိမ်မြုပ်နေဆဲဖြစ်နေလေတော့သည်။


တကယ်တမ်းဆိုရလျှင်မူ ကျွန်တော်တို့သည် ဇော်ဂျီလည်း သုံးဖူးကြမည်။ ယူနီကုတ်လည်း သုံးဖူးကြမည်။ ထို့ထက်ပို၍ ကွန်ပျူတာနှင့် စောစောထိတွေ့သူများသည် ဝင်းမြန်မာစာစနစ်လည်း သုံးခဲ့ဖူးကြမည်။ မည်သည့်မြန်မာစာစနစ်မဆို အဓိက ရည်မှန်းချက်သည် ကွန်ပြူတာနှင့် စက်လည်ပတ်စနစ်များပေါ်တွင် မြန်မာစာကို အဆင်ပြေပြေ လွယ်လွယ်ကူကူ အသုံးပြုနိုင်စေရေးပင်ဖြစ်သည်။


ယနေ့ခေတ်လို ခေတ်မှီနည်းပညာများ ပလူပျံအောင် တိုးတက်နေသည့်ခေတ်တွင် ကိုယ်ရေးထားသည့်စာကို တစ်ခြားသူက Font မရှိ၍ ဖတ်မရခြင်းဆိုသည်မှာ လူကြားမကောင်းသော ပြဿနာဖြစ်သည်။ သို့သော် ကျွန်တော်တို့နိုင်ငံတွင် ဖြစ်နေသည်။ ၁၀ စုနှစ်တစ်ခုမက ကြာလာသည့်တိုင် ခုထိ အဖြေမထွက်သေး။


လက်ရှိအချိန်တွင် ဇော်ဂျီစနစ်မှာ လူသုံးအများဆုံး မြန်မာစာစနစ်ဖြစ်သည်။ ပြည်တွင်းပြည်ပရှိ မြန်မာများအသုံးပြုနေသည့် ကွန်ပျူတာတိုင်း ဖုန်းတိုင်းတွင် ဇော်ဂျီစနစ်ကိုသာ အသုံးပြုနေကြသည်။ မြန်မာယူနီကုဒ်မှာ ဇော်ဂျီစနစ်ထက် အစစ သာလွန်ပါသော်လည်း ဇော်ဂျီအသုံးပြုသူ များပြားလွန်းခြင်း၊ သတင်းဌာနများ နှင့် အစိုးရ၏ သတင်းထုတ်ပြန်မှုများတွင် အသုံးများသော ဇော်ဂျီကိုသာ အသုံးပြုခြင်း၊ ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီကြီးများကိုယ်၌က လူသုံးများသော ဇော်ဂျီစနစ်ကိုသာ အလေးပေးအသုံးပြုနေခြင်းနှင့် အစိုးရ၏ ပံ့ပိုးအားပေးမှု မရရှိခြင်းများကြောင့် မြန်မာယူနီကုဒ်စနစ်မှာ လူသုံးနည်းပါးလှပါသည်။


မြန်မာယူနီကုဒ်စနစ်ကိုသာ အသုံးပြုပါက Text to speech စနစ်ကိုပင် အသုံးပြုနိုင်မည် ဖြစ်သောကြောင့် မြန်မာစာများကို ကွန်ပြူတာမှ အသံထွက်ဖတ်နိုင်ပါမည်ဖြစ်ပြီး အမြင်အာရုံချို့တဲ့သူများလည်း အသုံးပြုနိုင်မည်ဖြစ်သည်။


ယင်းပြဿနာတွင် အခက်အခဲ ၂ ရပ် ရှိနေသည်ဟု မြင်မိသည်။ တစ်ချက်မှာ ဇော်ဂျီ font မှာ မြန်မာပြည်တွင် အလွန်လူသုံးများနေခြင်းကြောင့် အသုံးပြုသူများကို အပြောင်းအလဲပြုလုပ်စေရန် ခက်ခဲနေခြင်းနှင့် တခြားအချက်တစ်ချက်မှာ သက်ဆိုင်ရာ အတတ်ပညာရှင်များကိုယ်တိုင် အကျိုးရလဒ်ကိုမရှေးရှုပဲ အငြင်းအခုံများနှင့်သာ အချိန်ကုန်နေကြခြင်းကြောင့်ဖြစ်သည်။ ဇော်ဂျီ မြန်မာစာစနစ်မှာ အလွန်လူသုံးများနေသောကြောင့် မြန်မာစာစနစ်ကိုအသုံးပြုသူများမှာ ကြုံလာရနိုင်သည့် အခက်အခဲများကို တွေးပူပြီး အပြောင်းအလဲပြုလုပ်ရန် မဝံမရဲဖြစ်နေရသည်။ ပညာရှင်များ၏ အငြင်းအခုံများကြောင့်လည်း နည်းပညာပိုင်းတွင် ရှေ့ဆက်တိုးတက်ရန် ခက်ခဲနေပြန်သည်။


စံနှုန်းကိုက်ညီသည့် မြန်မာစာစနစ်တစ်ခုတည်းကိုသာ အားလုံးက လိုက်နာအသုံးပြုကြမည်ဆိုလျှင် မိမိတွင် မည်သည့် Font အမျိုးအစားရှိနေသည်ဖြစ်စေ၊ မိမိစာကို မည်သည့် Font ကို အသုံးပြုပြီး ရေးသားထားသည်ဖြစ်စေ မည်သူမဆို ဖတ်ရှု၍ ရလိမ့်မည်။ မြန်မာဘာသာဖြင့် အင်တာနက်ပေါ်တွင်ရေးသားထားသည့် အကြောင်းအရာအားလုံးကို မြန်မာဘာသာဖြင့်ပင် စိတ်တိုင်းကျ ရှာဖွေနိုင်လိမ့်မည်၊ ဖတ်ရှုနိုင်လိ့မ်မည်ဖြစ်သည်။


ယခုမူ ယင်းကဲ့သို့ စံနှုန်းကိုက်ညီသည့် ယူနီကုဒ် စနစ်တစ်ခု ဖွံ့ဖြိုးအောင် အကောင်အထည်မဖော်နိုင်သေးသောကြောင့် မြန်မာစာစနစ်သာမက တစ်နွယ်ငယ် တစ်စင်ပါ တိုင်းရင်းသားစာပေများပါ ကွန်ပျူတာနှင့် နည်းပညာနယ်ထဲတွင် တိုးတက်မလာနိုင်တော့ပေ။


အားလုံးလက်ခံနိုင်သည့် ယူနီကုဒ်စနစ်အကောင်အထည်ပေါ်မှသာ တိုင်းရင်းသားစာပေများလည်း ကွန်ပျူတာပေါ်တွင် ဆက်လက်ရှင်သန်နိုင်မည်ဖြစ်သကဲ့သို့ လက်ရှိဇော်ဂျီအသုံးပြုသူများလည်း ယူနီကုဒ်ကို ပြောင်းလဲ အသုံးပြုလာကြမည်ဖြစ်သည်။ ဇော်ဂျီကို Upgrade လုပ်ခြင်း မလုပ်ခြင်း၊ ယူနီကုဒ်ကို ပြောင်းကြခြင်း မပြောင်းကြခြင်းများသည် အတတ်ပညာရှင်များ၏ အပိုင်းသာဖြစ်ပြီး အသုံးပြုသူများအတွက်မူ အသုံးပြုရ အဆင်ပြေလွယ်ကူမှု ရှိ၊ မရှိသည်သာ ပဓာနဖြစ်သည်ကို မမေ့ကြသင့်ပေ။


လူအများ၏ သဘောမှာ ရှင်းပါသည်။ မည်သည့်အပြောင်းအလဲကိုမဆို တန်သည်ထင်လျှင် မည်သူမှ တိုက်တွန်းစရာမလို သူဆန္ဒအလျောက်ကို ပြောင်းချလာပါလိမ့်မည်။ ၎င်းတို့၏ ရင်ထဲအသဲထဲရောက်အောင် လုပ်ပြနိုင်ဖို့သာလိုသည်။ သည်အတိုင်းနေရင်းပင်လျှင် Software များ App များကို ဖုန်းဘီလ်အကုန်ခံ Update လုပ်ကြသေးသည်။ ကွန်ပျူတာ၊ အင်တာနက်နှင့် မိုဘိုင်းဖုန်းများပေါ်တွင် မြန်မာလို ပို၍အဆင်ပြေပြေ တိတိကျကျ လွယ်လွယ်ကူကူသုံးနိုင်မည်မှာ သေချာနေသော ယူနီကုတ်ကို အဘယ်ကြောင့် မသုံးချင်မည်နည်း။ ပို၍ပင်သုံးချင်ကြဦးမည်ထင်သည်။


ထို့ကြောင့် အဆိုပါကိစ္စလေးတစ်ခုကိုတော့ဖြင့် ပြီးစီးအောင်မြင်အောင် သက်ဆိုင်ရာ Stakeholders များမှ အမှန်တကယ်အလုပ်ဖြစ်နိုင်မည့် အခြေအနေအထိ ရှေ့ဆက်တိုးသင့်ပေသည်။ ပညာရှင်များသာ နားလည်နိုင်သည့် ကိစ္စရပ်များအတွက် ပညာရှင်အချင်းချင်း အငြင်းပွားနေကြသောကြောင့် ပြည်သူများမှာ အသိပညာ ဗဟုသုတများ၊ ငွေကြေးများ၊ နည်းပညာများနှင့် အခွင့်အရေးများ မဆီမဆိုင်ဆုံးရှုံးနေရခြင်းမှာ မသင့်လျော်လှပေ။


မြန်မာ့ နည်းပညာလောကတိုးတက်ရေးနှင့် မြန်မာပြည်သူများအတွက် မရှိမဖြစ်အရေးပါလာမည့် ကွန်ပျူတာသုံးမြန်မာစာစနစ် တိုးတက်ရေးအတွက် သက်ဆိုင်သူတိုင်းသည် လူထုဘက်သို့ တူရူရပ်ဖို့တော့ လိုအပ်ပေလိမ့်မည်။ လက်ရှိတွင်တော့ ကွန်ပျူတာသုံး မြန်မာစာစနစ်လေး လူလူသူသူဖြစ်လာစေရေး တနေ့ဟုတ်နိုးဖြင့် မျှော်လင့်နေရင်း ရင်မောနေရဆဲဖြစ်သည်။



Monywa Gazette

Vol.2 / No.19



Comentários


Featured Review
Tag Cloud

© 2023 by The Book Lover. Proudly created with Wix.com

  • Grey Facebook Icon
  • Grey Twitter Icon
  • Grey Google+ Icon
bottom of page