မိုဘိုင်းဖုန်းသုံးပြီး ခရီးသွားမယ်
- မောင်မိုးဇွန်
- Feb 5, 2017
- 3 min read
လွန်ခဲ့သည့် ၅ နှစ်ခန့်က စမတ်ဖုန်းတစ်လုံး အသုံးပြုပြီး ခရီးစဉ်တစ်ခု အစအဆုံး စီစဉ်နိုင်သည်ဟု ဆိုလာပါလျှင် သင်ယုံမည်လော။ ၂၁ ရာစုတွင် ကမ္ဘာကြီးသည် ရွာကြီးဖြစ်သည်ဟု ဆိုကြသည်။ ယခုမူ ထို့ထက်ပင်ပို၍ ကျဉ်းမြောင်းလာနေပြီဖြစ်ပါသည်။ ကမ္ဘာကြီးသည် မိုဘိုင်းဖုန်း တစ်လုံး၏ မျက်နှာပြင်ပေါ်ရောက်နေပြီဟု ဆိုရမတတ်ပင် လူအများနှင့် ပိုမိုနီးကပ်လာနေပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများနှင့်အတူ တိုင်းပြည်မှာလည်း ပိုမိုပွင့်လင်းလွတ်လပ်လာနေပြီး စီးပွားရေးတိုးတက်မှုနှုန်းလည်း အထိုက်အလျောက် မြင့်တက်လာနေသောကြောင့် ပြည်တွင်း ခရီးသွားလုပ်ငန်းလည်း ဖွံ့ဖြိုးလာနေသည်။ ပြည်ပခရီးသွား ဝင်ရောက်မှုနှုန်း မြင့်မားလာနေသကဲ့သို့ ပြည်တွင်းမှ လူထု၏ ခရီးသွားလာ လည်ပတ်မှုနှုန်းမှာလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာနေသည်။
ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီများ ဝင်ငွေရလမ်းဖြောင့်လာကြသကဲ့သို့ နည်းပညာတိုးတက်မှုများကြောင့် သွားလာလည်ပတ်ချင်စရာနေရာဒေသသစ်များကို လူမှုကွန်ယက်နှင့် အင်တာနက်စာမျက်နှာကဲ့သို့သော လူသုံးများသည့် အွန်လိုင်းနယ်ပယ်များမှ လေ့လာနိုင်လာပြီး ခရီးသွားရန် လူအများက ပို၍ ပို၍ စိတ်ပါဝင်စားလာကြသည်။
ဆက်သွယ်ရေးနည်းပညာများနှင့်လည်း ပိုမိုထိတွေ့လာနိုင်သည့်နောက်တွင် ပြည်တွင်း၌လည်း နိုင်ငံတကာတွင်ကဲ့သို့ပင် ခရီးစဉ်တစ်ခုလုံးကို မိုဘိုင်းဖုန်းတစ်လုံးတည်းဖြင့် အစအဆုံး စီစဉ်သွားလာနိုင်သည့် အနေအထားသို့ ရောက်ရှိလာနေပြီဖြစ်ပါသည်။
လက်ရှိအချိန်တွင် ပြည်တွင်းရှိ နည်းပညာနှင့် အထူးတလယ်ကျွမ်းဝင်ကြသည့် လူငယ်အချို့သည် မိမိတို့နှစ်သက်ရာ ခရီးစဉ်များကို မိုဘိုင်းဖုန်းများကို အသုံးချ၍သာ စီစဉ်နေကြကြောင်း ဖွင့်ဟလာကြသည်။
“ဥပမာ ဘတ်စကားလက်မှတ်ဝယ်တာကအစ၊ အခန်းငှားတာအဆုံး အကုန် အွန်လိုင်းစနစ်နဲ့ သွားလို့ရနေပြီလေ။ အချိန်ကုန်သက်သာသလို လူလည်း မပင်ပန်းဘူး” ဟု ဗြိတိန်အခြေစိုက် Allen & Overy ဥပဒေရေးရာ အကြံပေးကုမ္ပဏီမှ Business Service Executive ဖြစ်သူ မသူသူထက်က ဆိုသည်။ သူမ အနေဖြင့် ကုမ္ပဏီမှ ပြည်တွင်း ပြည်ပမှ ဧည့်သည်အရာရှိများ၏ ခရီးစဉ်များကို အွန်လိုင်းမှတဆင့်သာ စီစဉ်ရေးဆွဲလေ့ရှိကြောင်းလည်း ဆိုသည်။
>> ဘာတွေနဲ့ ဘယ်လို <<
လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်ကတည်းက ပြည်တွင်း ပြည်ပ လေယာဉ်ခရီးစဉ်များကို အွန်လိုင်းမှ Booking တင်သည့် စနစ်ခေတ်စားခဲ့သော်လည်း ခရီးစဉ် တစ်ခုလုံးကို မိုဘိုင်းဖုန်းဖြင့်သာ အစအဆုံး စီစဉ်သွားလာမှုမျိုးမှာ ယခုနောက်ပိုင်း ၂၀၁၆ ဝန်းကျင်မှသာ စတင်ခေတ်စားလာခဲ့ခြင်းဖြစ်သည်။
ပြည်တွင်း ခရီးစဉ်များအတွက် ဘတ်စ်ကားလက်မှတ်ဝယ်ယူခြင်း၊ တည်းခိုနေထိုင်မည့် ဟိုတယ်ငှားရမ်းခြင်း၊ ခရီးတိုသွားလာရေးအတွက် တက္ကစီကြိုတင်မှာယူခြင်းနှင့် စားသောက်လည်ပတ်မည့် နေရာများကို ကြိုတင်ပြင်ဆင်သတ်မှတ်ထားခြင်းများကို Application များနှင့် Website များကိုသာ သီးသန့်အသုံးပြု၍ စီစဉ်နိုင်နေပြီဖြစ်သည်။
“ဥပမာ BNF လို App မျိုးနဲ့ ပြည်တွင်းကားလက်မှတ်တွေ ကြိုဖြတ်လို့ရတယ်။ ငွေပေးချေတာကလည်း MPU နဲ့ ချေလို့ရတယ်။ ဘဏ်ကနေလွှဲလို့လည်းရတယ်။ လေယာဉ်လက်မှတ်ဆိုလည်း flymya.com ကနေ ကြိုဝယ်လို့ရတယ်။ ပြည်တွင်းပဲဖြစ်ဖြစ် ပြည်ပပဲဖြစ်ဖြစ် Google Trips နဲ့ ကိုယ်သွားမယ့်နေရာက ဟိုတယ် စားသောက်ဆိုက်နဲ့ မီနူးတွေကအစ ကြိုလေ့လာထားလို့ရတယ်။ အချိန်ကုန်သက်သာတယ်။ အာရုံနောက်သက်သာတယ်။” ဟု မကြာခဏ ခရီးထွက်လေ့ရှိသည့် အပျော်တန်းဓာတ်ပုံဆရာ ကိုမင်းခန့်ညီကလည်း ဆိုသည်။
ဟိုတယ်နှင့် တည်းခိုရန်နေရာများပြင်ဆင်ရာတွင်လည်း မြန်မာပြည်ရှိ ဟိုတယ်အများစုမှာ Booking.com၊ Jovago Hotels Booking၊ TripAdvisor နှင့် Hotels.com ကဲ့သို့သော ကမ္ဘာကျော် Apps များနှင့် ချိတ်ဆက်ထားသောကြောင့် အဆိုပါ Apps များမှတဆင့် အလွယ်တကူ အခန်းရွေးချယ်မှုနှင့် အခန်းမှာယူမှုများကို ပြုလုပ်နိုင်ကာ မှာယူမှုကို စိတ်တိုင်းမကျပါကလည်း အလွယ်တကူ ပြန်လည်ပယ်ဖျက်နိုင်သည်။ ငွေပေးချေရာတွင်လည်း VISA၊ Master Card များဖြင့် ကြိုတင်ပေးချေနိုင်သကဲ့သို့ ဟိုတယ်သို့ရောက်ရှိမှ မြန်မာကျပ်ငွေဖြင့် ပေးချေခြင်းကိုလည်း ဆောင်ရွက်နိုင်သည်။
ပြည်ပခရီးစဉ်များကို ပြင်ဆင်ရာတွင်လည်း flymya.com၊ Kayak၊ Airfarewatchdog၊ Hitlist စသည့် နာမည်ကျော် Apps များကို အသုံးပြု၍ လက်မှတ်မှာယူနိုင်သည်။ အထူးသဖြင့် ပြည်တွင်း အေဂျင်စီတစ်ခုဖြစ်သည့် flymya.com မှတဆင့် လေယာဉ်လက်မှတ် ဝယ်ယူခြင်းသာမက Tour ခရီးစဉ်၊ Balloon ခရီးစဉ်၊ ကားငှားရမ်းခြင်း၊ ဟိုတယ်နှင့် ဘတ်စ်ကားလက်မှတ်များ မှာယူခြင်းအထိ ပြုလုပ်နိုင်သည်။ ထို့အပြင် ခရီးတိုသွားလာရေးအတွက် Oway၊ Hellocabs၊ Hittch တို့ကဲ့သို့သော တက္ကစီ Apps များလည်း ခေတ်စားလာနေပြီဖြစ်သည်။
ထို့အပြင် ယခုနောက်ပိုင်းကာလများတွင် ခေတ်စားလာနေသည့် တောင်တက်ခြင်း (Hiking) နှင့် တောတွင်းလမ်းလျှောက်ခြင်း (Trekking) ကို ဝါသနာပါသူများအတွက်လည်း http://www.myanmartrekking.com မှတဆင့် သိလိုသည်များကို လေ့လာနိုင်ပြီး ပြည်တွင်းရှိ Trekking နှင့် Hiking လုပ်ရန် အကောင်းဆုံး နေရာများနှင့် ဒေသ အချက်အလက်များကို ဖော်ပြပေးထားပြီး ပြည်တွင်းမှ Trekking Experts များကိုဆက်သွယ်နိုင်ရန်လည်း စီစဉ်ပေးထားသည်။
“နောက်ဆုံး Hiking လုပ်မယ်ဆိုရင်တောင် Yonder လိုမျိုး Hiking အတွက် သီးသန့်ထုတ်ထားတဲ့ Social Media App မျိုး သုံးနေမယ်ဆို ကမ္ဘာမှာ ဘယ်နေရာသွားသင့်တယ်။ ဘယ်လို Hiking Expert တွေ သွားကြတယ်။ ဘာတွေ လိုအပ်မယ်ဆိုတာတွေ ကြိုလေ့လာထားလို့ရတယ်။ Social Media ဆိုတော့ ကိုယ်သိတာ သူသိတာ မျှဝေကြတဲ့သဘောပေါ့။ ခုဆို ပြည်တွင်းမှာလည်း Hiking လုပ်တာနဲ့ပတ်သတ်ပြီး Service ပေးနေတဲ့ Faceobook Page တွေလည်းပေါ်လာနေပါပြီ” ဟု ကိုမင်းခန့်ညီက ဆိုသည်။
>> အားလုံးအဆင်ပြေနေတာလား <<
ခရီးစဉ်တစ်ခုလုံးအား အွန်လိုင်းနှင့် စမတ်ဖုန်းတစ်လုံးဖြင့် စီစဉ်ခြင်းသည် တစ်ကမ္ဘာလုံးတွင် ခေတ်စားလာနေသည့် ယဉ်ကျေးမှုတစ်ခုဖြစ်သည်။ သို့သော်လည်း အလုံးစုံပြည့်စုံသည့် လုပ်ဆောင်ချက် ဟုတ်မဟုတ်မှာမူ အငြင်းပွားဖွယ်ရာအဖြစ် တည်ရှိနေဆဲဖြစ်သည်။
“အားလုံးအဆင်ပြေလားဆိုရင်တော့ ၁၀၀% ပြေတယ်လို့ ပြောရခက်တယ်။ ဒီမှာက အင်တာနက်နဲ့ ငွေပေးချေမှုပိုင်းတွေမှာ အခက်အခဲတွေ ရှိနေသေးတယ်။ နောက်ပြီး ပိုအသေးစိတ်ကျတဲ့ App ဝန်ဆောင်မှုတွေ ပိုလိုနေသေးတယ်။ တဖြည်းဖြည်းခြင်းတော့ ပိုပိုကောင်းလာမှာပါ။” ဟု Developer တစ်ဦးဖြစ်သူ ကိုဇာနည်ထက် ဆိုသည်။
Online အခြေပြုမှာယူမှုများအားလုံးမှာ အင်တာနက်အပေါ် အခြေခံထားသောကြောင့် အင်တာနက်လိုင်းမတည်ငြိမ်ပါက အဆင်မပြမှုများ ဖြစ်ပေါ်လေ့ရှိသည်။ အင်တာနက်လိုင်း ရုတ်တရက်ကျသွားခြင်းကြောင့် မိမိတင်လိုက်သည့် booking process ပယ်ဖျက်ခံလိုက်ရခြင်းမျိုးများကြုံရတတ်ပြီး အချို့သော website များမှာ data များကို မှတ်သားပေးထားသော်လည်း အများစုမှာ ထိမ်းသိမ်းပေးထားခြင်းမရှိသောကြောင့် အင်တာနက်ကျသွားပါက အစအဆုံးပြန်လုပ်ရသည်များလည်း ကြုံဖူးကြောင်း မသူသူထက်ကဆိုသည်။
“နောက်ပြီး apps တွေ website တွေက loading time ရှိတဲ့အတွက် အင်တာနက်မကောင်းရင်မကောင်းသလို အချိန်ကြန့်ကြာတာမျိုးဖြစ်နိုင်တယ်။ online booking စနစ် ကောင်းကောင်းအသုံးပြုနိုင်ဖို့အတွက် အဓိကလိုအပ်တာ internet လို့မြင်မိတယ် အရင်တုန်းက မြန်မာပြည်မှာ ဒါမျိုးတွေခေတ်မစားဘူးဆိုတာလည်း လူတိုင်းနီးပါး internet ကို access မရှိခဲ့လို့ပဲမဟုတ်လား” ဟု သူမက ထောက်ပြသည်။
ထို့အပြင် ပြည်တွင်းတွင် ငွေပေးချေမှုစနစ်များ တသတ်မတ်တည်းမရှိမှုကြောင့်လည်း အခက်အခဲများ ကြုံရတတ်ကြောင်း ကိုမင်းခန့်ညီက ဆိုသည်။ “ဒီမှာက ငွေချေရတာက ပြဿနာပါ။ ကျန်တာအဆင်ပြေပါတယ်။ ဒီမှာက MPU စနစ်ကြီးရှိနေတာတောင်မှ ငွေချေရင် ဒီဘဏ်ကို ဟိုကတ်နဲ့ချေမရကိစ္စက တော်တော်ဆိုးတဲ့ ပြဿနာပါ။ ကျွန်တော့မှာ KBZ နဲ့ AYA card တွေရှိနေပေမယ့် တစ်ချို့က CB Card/Account နဲ့ တောင်းကြတော့ အခက်အခဲဖြစ်ရတယ်။ ဒီကိစ္စလေးရှင်းပေးနိုင်ရင် တော်တော်သွက်သွားလိမ့်မယ်။” ဟု ၎င်းကဆိုသည်။
>> စမတ်ဖုန်းလေးနဲ ခရီးသွားကြရအောင် <<
စာရင်းဇယားများအရ အမေရိကန်ပြည်ထောင်စုတွင် ခရီးသွားဝန်ဆောင်မှု အေဂျင်စီပေါင်း ၃၀၀၀၀ ကျော်ရှိပြီး တစ်သီးပုဂ္ဂလဝန်ဆောင်မှုပြုလုပ်နေသူ လူပုဂ္ဂိုလ်ပေါင်း ၆၀၀၀၀ ခန့်ရှိသည်ဟုဆိုသည်။ တစ်လလျှင် အမေရိကန် နိုင်ငံသား ပျမ်းမျှ ၇ သန်းကျော် (အနိမ့်ဆုံး ၅ သန်းကျော်မှ အမြင့်ဆုံး ၉ သန်းကျော်) ခန့် ခရီးသွားလာနေကြပြီး အပျော်စီးသင်္ဘောလက်မှတ် ဝယ်ယူမှု၏ ၉၅%၊ လေယာဉ်လက်မှတ် ဝယ်ယူမှု၏ ၇၀%၊ ဟိုတယ်နှင့် ကားငှားရမ်းမှု၏ ၃၀-၄၀% တို့ကို အဆိုပါ အေဂျင်စီများနှင့် လူပုဂ္ဂိုလ်များမှတဆင့်သာ ပြုလုပ်နေကြသည်ဟု အဆိုပါစာရင်းထုတ်ပြန်ချက်များကဆိုသည်။
ဆိုလိုသည်မှာ ခေတ်မှီနည်းပညာများ တိုးတက်ထွန်းကားနေသည့် နိုင်ငံမျာတွင်ပင် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှာ အွန်လိုင်းစနစ်ဖြင့်ရာနှုန်းပြည့် မလည်ပတ်နိုင်သေးသည်များရှိနေသေးသည်။
“လူသိများတဲ့ နေရာတွေကို ဆိုရင်ပြဿနာမရှိပေမယ့် ဒီမှာတော့ ခရီးစဉ်တိုင်းကို အွန်လိုင်းကချည်းလုပ်သွားဖို့တော့ ခက်နေဦးမယ် ထင်ပါတယ်။ နောက်ပြီး အချိန်ကုန်သက်သာ လူမပင်ပန်းဘူးဆိုပေမယ့် သာမန်ထက် ဝန်ဆောင်ခအနည်းအကျဉ်း ပိုကုန်ကျနိုင်တယ်။ ဒါပေမယ့် အင်တာနက်တွေလည်း တစ်နိုင်ငံလုံးရလာနေပြီဆိုတော့ ရေရှည်မှာတော့ အွန်လိုင်းကနေ လုပ်တာက ပိုတွင်ကျယ်လာမယ်ထင်ပါတယ်” ဟု ခရီးသွားအေဂျင်စီတစ်ခုမှ အုပ်ချုပ်မှုဒါရိုက်တာ တစ်ဦးကဆိုသည်။
သို့သော်လည်း လက်ရှိအချိန်တွင် မိုဘိုင်းဖုန်းများပေါ်မှ တဆင့် Apps များနှင့် Website များကို အသုံးပြု၍ ခရီးသွားလာသည့် ယဉ်ကျေးမှုမှာ နည်းပညာကိုဖက်၍ ကြီးပြင်းလာနေသည့် နိုင်ငံတကာ လူငယ်ထုများအကြားတွင် အထူးပင်ရေပန်းစာလာနေပြီဖြစ်သည်။
မြန်မာနိုင်ငံသို့လာရောက်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသွားများပင်လျှင် လေဆိပ်တွင် Travel SIM များ ဝယ်ယူ၍ အင်တာနက်အသုံးပြုကာ ပြည်တွင်းတွင် ခရီးသွားလာနေကြသည်များကို ပိုမိုတွေ့မြင်လာနေရသည်။ ပြည်တွင်းမှ လူငယ်အချို့လည်း ပြည်တွင်း ပြည်ပခရီးစဉ်များကို အွန်လိုင်းနှင့် စမတ်ဖုန်းများအသုံးပြုကာ စီစဉ်သွားလာနေကြပြီး ၎င်းတို့၏ အတွေ့အကြုံများကို လူမှုကွန်ယက်မှတဆင့် မျှဝေသည့် Page များ Blog များလည်း ခေတ်စားလာနေသည်။
အခြေခံအဆောက်အအုံနှင့် နယ်မြေဒေသလုံခြုံရေးပိုင်းတိုးတက်ကောင်းမွန်လာမည်ဆိုပါက လူမှုကွန်ယက်၊ အင်တာနက်ဖွံ့ဖြိုးလာမှုများနှင့်အတူ လူငယ်တို့၏ စူးစမ်းလိုသော စိတ်ကူးများကြောင့် လာမည့်နှစ်များအတွင် မိုဘိုင်းဖုန်းနှင့် အွန်လိုင်းအသုံးပြု၍ ခရီးစဉ်စီစဉ် သွားလာမှုများ အရှိန်အဟုန်ဖြင့် ပိုမိုတွင်ကျယ်လာပါလိမ့်မည်။
The Voice Weekly_Vol.12, No.51
Comments