top of page

မြန်မာ Font လေး အဆင်ပြေပြေ သုံးချင်တယ်

  • မောင်မိုးဇွန်
  • Aug 30, 2016
  • 2 min read

ယနေ့ခေတ်တွင် နည်းပညာသည် လူတိုင်း (မဟုတ်လျှင်ပင် လူတော်တော်များများ) အတွက် နေ့စဉ်လိုအပ်ချက်တစ်ခု ဖြစ်လာသည်။ လူအများနှင့် တိုက်ရိုက်မဟုတ်လျှင်ပင် သွယ်ဝိုက် ပတ်သက်ဆက်နွယ်လာနေသည်။ အနည်းဆုံး ကျွန်တော်တို့ မိုဘိုင်းဖုန်းများ အသုံးပြုကြသည်။ ကွန်ပျူတာ သုံးကြသည်။ လူမှုကွန်ယက် ဝက်ဆိုက်များသည်လည်း နေ့စဉ်လူမှုဘဝတွင် အရေးပါလာနေသည်။ ထို့အပြင် သိလိုသည်များကို အင်တာနက်တွင် ရှာဖွေကြသည်။ လေ့လာကြသည်။ youtube ကြည့်ကြသည်။ နည်းပညာနှင့်ပတ်သတ်ပြီး တစ်ခုမဟုတ် တစ်ခုတော့ ကျွန်တော်တို့ နေ့စဉ် ထိတွေ့ဖြစ်ကြသည်။


ယခုကဲ့သို့ နည်းပညာသည် လူတိုင်းအတွက် အရေးပါနေချိန်တွင် နည်းပညာအကျိုးကျေးဇူးများကို ကမ္ဘာနှင့်အဝှမ်းအသုံးချနေချိန်တွင် ကျွန်တော်တို့နိုင်ငံတွင် မြန်မာစာစနစ်အဆင်မပြေမှုကြောင့် နည်းပညာ၏ အကျိုးကျေးဇူးများကို ပြည့်ပြည့်ဝဝအသုံးမချနိုင်သေးဖြစ်နေသည်။ အင်တာနက်တွင် သိချင်သည့်အကြောင်းအရာများကို အင်္ဂလိပ်ဘာသာဖြင့် ရှာဖွေနေရဆဲ။ ယူနီကုဒ်စနစ်ဖြင့် ရှာဖွေနိုင်သည်ဆိုသော်လည်း လူအနည်းစုသာ အသုံးပြုသကဲ့သို့ ယူနီကုဒ်အသုံးပြု၍ လွှင့်တင်ထားသည့် အကြောင်းအရာလည်း နည်းပါးနေသေးသည့်အတွက် အဆင်မပြေလှချေ။


တက္ကသိုလ်ဘွဲ့ရကျောင်းသားများပင်လျှင် မြန်မာစာကို စနစ်တကျမတတ်မြောက်ကြသည့် ကျွန်တော်တို့နိုင်ငံတွင် အင်တာနက်၊ ဝက်ဘ်ဆိုက်များအသုံးပြုပါက မြန်မာဘာသာဖြင့်တင်ထားသည့် အကြောင်းအရာများကို မြန်မာလိုအဆင်ပြေပြေ ရှာဖွေ လေ့လာ၍မရခြင်းသည် စိတ်ပျက်ဖွယ်ဖြစ်သည်။ နဂို မြန်မာစာ အခံမကောင်းသည့် ကလေးများသည် စနစ်မကျသည့် မြန်မာစာရေးသားမှုပုံစံ အသုံးပြုထားသည့် ဇော်ဂျီ font ကို အသုံးပြုနေရခြင်းကြောင့် မြန်မာစာရေးသားမှုအပိုင်း အားနည်းမှုက ပိုကြီးရသည်။


အင်တာနက်အသုံးပြုသူတွေအတွက် မရှိမဖြစ် Search Engine တစ်ခုဖြစ်သည့် Google က လည်း ယူနီကုဒ်စနစ်ကိုသာ လက်ခံသုံးစွဲသည်။ ထို့ကြောင့် Google Search Engine တွင် ရှာဖွေခြင်းများပြုလုပ်ပါက ယူနီကုဒ်နှင့်သာ အဆင်ပြေလေသည်။ ထို့အပြင် ယင်းကုမ္ပဏီမှထုတ်လုပ်သည့် Google Map၊ Google Earth၊ Gmail၊ Google Translate၊ Google Play Store စတဲ့ အက်ပလီကေးရှင်းများကိုလည်း ယူနီကုဒ်ဖြင့်သာ အသုံးပြုခွင့်ပြုထားသည်။

ထို့အပြင် Apple၊ Microsoft၊ ပြည်တွင်း၌ လူတိုင်းနီးပါး စိတ်ဝင်စားကြသည့် လူမှုကွန်ရက် Facebook တို့သည်လည်း ယူနီကုဒ်စနစ်ကိုသာ လက်ခံကြသည်။ ထို့ကြောင့် Apple ၏ iOS နှင့် Google ၏ Android OS သုံး စမတ်ဖုန်းများ လွှမ်းမိုးသော မြန်မာပြည်တွင် မြန်မာလူမျိုးများကိုယ်တိုင် ရေးသားထားသည့် မြန်မာစာကို မြန်မာလိုဖတ်မရသောကြောင့် မိုဘိုင်းဖုန်းဝယ်ယူပြီးပါက ဆိုင်ကို မြန်မာစာ font သွင်းခိုင်းရခြင်းဖြစ်လေသည်။


ပို၍ ဝမ်းနည်းစရာကောင်းလှသည်မှာ နာမည်ကျော် Google ကုမ္ပဏီက မြန်မာပြည်ရှိ Android ဖုန်း အသုံးပြုသူများအတွက် မြန်မာဘာသာ Handwriting စနစ်ကို လွန်ခဲ့သည့် နှစ်ကတည်းက ဖန်တီးပေးခဲ့သော်လည်း ယူနီကုဒ်စနစ်ကိုသာ အခြေခံပြုလုပ်ထားခြင်းဖြစ်သောကြောင့် လူတိုင်းအသုံးပြု၍ မရပေ။ ယင်းသို့ဖြင့် ဖုန်းမျက်နှာပြင်ပေါ်တွင် လက်ဖြင့် စာရေးသားနိုင်သည့် အလွန်အသုံးဝင်လှသည့် ယင်းစနစ်မှာ မြန်မာပြည်တွင် လူမသိသူမသိ စနစ်တစ်ခုအဖြစ် တိမ်မြုပ်နေဆဲဖြစ်နေလေတော့သည်။


တကယ်တမ်းဆိုရလျှင်မူ ကျွန်တော်တို့သည် ဇော်ဂျီလည်း သုံးဖူးကြမည်။ ယူနီကုတ်လည်း သုံးဖူးကြမည်။ ထို့ထက်ပို၍ ကွန်ပျူတာနှင့် စောစောထိတွေ့သူများသည် ဝင်းမြန်မာစာစနစ်လည်း သုံးခဲ့ဖူးကြမည်။ မည်သည့်မြန်မာစာစနစ်မဆို အဓိက ရည်မှန်းချက်သည် ကွန်ပြူတာနှင့် စက်လည်ပတ်စနစ်များပေါ်တွင် မြန်မာစာကို အဆင်ပြေပြေ လွယ်လွယ်ကူကူ အသုံးပြုနိုင်စေရေးပင်ဖြစ်သည်။

ယနေ့ခေတ်လို ခေတ်မှီနည်းပညာများ ပလူပျံအောင် တိုးတက်နေသည့်ခေတ်တွင် ကိုယ်ရေးထားသည့်စာကို တစ်ခြားသူက Font မရှိ၍ ဖတ်မရခြင်းဆိုသည်မှာ လူကြားမကောင်းသော ပြဿနာဖြစ်သည်။ သို့သော် ကျွန်တော်တို့နိုင်ငံတွင် ဖြစ်နေသည်။ ၁၀ စုနှစ်တစ်ခု ကြာလာသည့်တိုင် ခုထိ အဖြေမထွက်သေး။


လက်ရှိအချိန်တွင် ဇော်ဂျီစနစ်မှာ လူသုံးအများဆုံး မြန်မာစာစနစ်ဖြစ်သည်။ ပြည်တွင်းပြည်ပရှိ မြန်မာများအသုံးပြုနေသည့် ကွန်ပျူတာတိုင်း ဖုန်းတိုင်းတွင် ဇော်ဂျီစနစ်ကိုသာ အသုံးပြုနေကြသည်။ ယူနီကုတ်မှာ နိုင်ငံတကာသုံး စံသတ်မှတ်ချက်ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အသုံးပြုသူ လက်တစ်ဆုပ်စာဖြင့်သာ တန့်နေရသည်။


ယင်းပြဿနာတွင် အခက်အခဲ ၂ ရပ် ရှိနေသည်ဟု မြင်မိသည်။ တစ်ချက်မှာ ဇော်ဂျီ font မှာ မြန်မာပြည်တွင် အလွန်လူသုံးများနေခြင်းကြောင့် အသုံးပြုသူများကို အပြောင်းအလဲပြုလုပ်စေရန် ခက်ခဲနေခြင်းနှင့် တခြားအချက်တစ်ချက်မှာ သက်ဆိုင်ရာ အတတ်ပညာရှင်များကိုယ်တိုင် အကျိုးရလဒ်ကိုမရှေးရှုပဲ အငြင်းအခုံများနှင့်သာ အချိန်ကုန်နေကြခြင်းကြောင့်ဖြစ်သည်။ ဇော်ဂျီ မြန်မာစာစနစ်မှာ အလွန်လူသုံးများနေသောကြောင့် မြန်မာစာစနစ်ကိုအသုံးပြုသူများမှာ ကြုံလာရနိုင်သည့် အခက်အခဲများကို တွေးပူပြီး အပြောင်းအလဲပြုလုပ်ရန် မဝံမရဲဖြစ်နေရသည်။ ပညာရှင်များ၏ အငြင်းအခုံများကြောင့်လည်း နည်းပညာပိုင်းတွင် ရှေ့ဆက်တိုးတက်ရန် ခက်ခဲနေပြန်သည်။


စံနှုန်းကိုက်ညီသည့် Font စနစ်တစ်ခုတည်းကိုသာ အားလုံးက လိုက်နာအသုံးပြုကြမည်ဆိုလျှင် မိမိတွင် မည်သည့် Font အမျိုးအစားရှိနေသည်ဖြစ်စေ၊ မိမိစာကို မည်သည့် Font ကို အသုံးပြုပြီး ရေးသားထားသည်ဖြစ်စေ မည်သူမဆို ဖတ်ရှု၍ ရလိမ့်မည်။ မြန်မာဘာသာဖြင့် အင်တာနက်ပေါ်တွင်ရေးသားထားသည့် အကြောင်းအရာအားလုံးကို မြန်မာဘာသာဖြင့်ပင် စိတ်တိုင်းကျ ရှာဖွေနိုင်လိမ့်မည်၊ ဖတ်ရှုနိုင်လိ့မ်မည်ဖြစ်သည်။


ယခုမူ ယင်းကဲ့သို့ စံနှုန်းကိုက်ညီသည့် ယူနီကုဒ် စနစ်တစ်ခု ဖွံ့ဖြိုးအောင် အကောင်အထည်မဖော်နိုင်သေးသောကြောင့် မြန်မာစာစနစ်သာမက တစ်နွယ်ငယ် တစ်စင်ပါ တိုင်းရင်းသားစာပေများပါ ကွန်ပျူတာနှင့် နည်းပညာနယ်ထဲတွင် တိုးတက်မလာနိုင်တော့ပေ။


အားလုံးလက်ခံနိုင်သည့် ယူနီကုဒ်စနစ်အကောင်အထည်ပေါ်မှသာ တိုင်းရင်းသားစာပေများလည်း ကွန်ပျူတာပေါ်တွင် ဆက်လက်ရှင်သန်နိုင်မည်ဖြစ်သကဲ့သို့ လက်ရှိဇော်ဂျီအသုံးပြုသူများလည်း ယူနီကုဒ်ကို ပြောင်းလဲ အသုံးပြုလာကြမည်ဖြစ်သည်။ ဇော်ဂျီကို Upgrade လုပ်ခြင်း မလုပ်ခြင်း၊ ယူနီကုဒ်ကို ပြောင်းကြခြင်း မပြောင်းကြခြင်းများသည် အတတ်ပညာရှင်များ၏ အပိုင်းသာဖြစ်ပြီး အသုံးပြုသူများအတွက်မူ အသုံးပြုရ အဆင်ပြေလွယ်ကူမှု ရှိ၊ မရှိသည်သာ ပဓာနဖြစ်သည်ကို မမေ့ကြသင့်ပေ။


လူအများ၏ သဘောမှာ ရှင်းပါသည်။ မည်သည့်အပြောင်းအလဲကိုမဆို တန်သည်ထင်လျှင် မည်သူမှ တိုက်တွန်းစရာမလို သူဆန္ဒအလျောက်ကို ပြောင်းချလာပါလိမ့်မည်။ ၎င်းတို့၏ ရင်ထဲအသဲထဲရောက်အောင် လုပ်ပြနိုင်ဖို့သာလိုသည်။ သည်အတိုင်းနေရင်းပင်လျှင် Software များ App များကို ဖုန်းဘီလ်အကုန်ခံ Update လုပ်ကြသေးသည်။ ကွန်ပျူတာ၊ အင်တာနက်နှင့် မိုဘိုင်းဖုန်းများပေါ်တွင် မြန်မာလို ပို၍အဆင်ပြေပြေ တိတိကျကျ လွယ်လွယ်ကူကူသုံးနိုင်မည်မှာ သေချာနေသော ယူနီကုတ်ကို အဘယ်ကြောင့် မသုံးချင်မည်နည်း။ ပို၍ပင်သုံးချင်ကြဦးမည်ထင်သည်။


ထို့ကြောင့် အဆိုပါကိစ္စလေးတစ်ခုကိုတော့ဖြင့် ပြီးစီးအောင်မြင်အောင် သက်ဆိုင်ရာ Stakeholders များမှ အမှန်တကယ်အလုပ်ဖြစ်နိုင်မည့် အခြေအနေအထိ ရှေ့ဆက်တိုးသင့်ပေသည်။ ပညာရှင်များသာ နားလည်နိုင်သည့် ကိစ္စရပ်များအတွက် ပညာရှင်အချင်းချင်း အငြင်းပွားနေကြသောကြောင့် ပြည်သူများမှာ အသိပညာ ဗဟုသုတများ၊ ငွေကြေးများ၊ နည်းပညာများနှင့် အခွင့်အရေးများ မဆီမဆိုင်ဆုံးရှုံးနေရခြင်းမှာ မသင့်လျော်လှပေ။


ထို့ကြောင့် မြန်မာ့ နည်းပညာလောကတိုးတက်ရေးနှင့် မြန်မာပြည်သူများအတွက် မရှိမဖြစ်အရေးပါလာမည့် ကွန်ပျူတာသုံးမြန်မာစာစနစ် တိုးတက်ရေးအတွက် သက်ဆိုင်သူများ လူထုမျက်နှာကြည့်ကြဖို့ လိုအပ်လှပါသည်။



<The Voice Daily, 29-Aug-2016>



Comments


Featured Review
Tag Cloud

© 2023 by The Book Lover. Proudly created with Wix.com

  • Grey Facebook Icon
  • Grey Twitter Icon
  • Grey Google+ Icon
bottom of page